ဆာလံကျမ်း - ၈

ထာဝရဘုရား၏ဘုန်းအသရေနှင့်လူ၏ဂုဏ်ဒြပ်
1အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။ 2ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကိုလည်းကောင်း၊ အငြိုးထားသောသူကိုလည်းကောင်း၊ တိတ်ဆိတ်စွာနေစေခြင်းငှာ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင်တော်မူ၏။ 3လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊ 4လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ 5သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ 6ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန် မိုးကောင်းကင်ငှက်၊ 7-8ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌သွားတတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။ 9အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူသတည်း။

ဆာလံကျမ်း - ၈ (အနက်ဖွင့်)

ဆာ၈၊ လူဆိုသည်ကား အဘယ်နည်း

ဘုရားရှင်သည် ပြောမဆုံးအောင်ကြီးမြတ် သည်။ဘုရားရှင်၏ဆန့်ကျင်ဘက်ရှိလူသည်ကား မပြောပလောက်အောင်သေးငယ်သည်။ သို့သော်လည်း ဘုရားရှင်သည် ထိုမျှလောက်သေးငယ်သောလူကို အံ့ဘွယ်ဘုန်းတန်ခိုးပေးသည်။ ထိုအကြောင်းအရာကို ဒါဝိဒ်ဘဝအသက်တာတွင် တွေ့မြင်သင်ခန်းစာယူနိုင်သည်။

၈း၁ ဘုရားသခင်၏ အံ့ဩဘွယ်ရာတန်ခိုးတော်မှာ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းဖြစ်သည်။လူသည် ထိုဖန်ဆင်းထားသောအရာများကိုသာ မြင်နိုင်သည်။ အရာခပ်သိမ်းကို သိပ္ပံနည်းကျကျလေ့လာဆန်းစစ်လျှင် ဖန်ဆင်းရှင်၏ ဉာဏ်ပညာတော်ကြီးမားပုံနှင့် ဘုန်းတန်ခိုးထက်မြက်ပုံမြင်ရသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် မိုးကောင်းကင်ယံထက်မြင့်မားသည်။ ဂြိုလ်များ၊ ကြယ်များသည် အကန့်အသတ်မဲ့ကြီးမားသည်။ ထိုအရာများကို ဖန်ဆင်းသောအရှင်သည် ဘုရားသခင်ဖြစ်သည်။ လူ့အတွေးအခေါ်သည် မည်မျှပင်ဗာရာဏသီပြည်ချဲ့စေကာမူ ဘုရားရှင်၏ ဘုန်းတန်ခိုးကြီးမားပုံ သိရှိနိုင်စွမ်းမရှိ။

၈း၂ အပြစ်မဲ့သောကလေးသူငယ်များကကိုယ်တော်၏ကြီးမြတ်ခြင်းကို တေးဖွဲ့ဆိုကြပြီ။ ထိုအကြောင်းကို ခရစ်တော်ကိုယ်တိုင်မိန့်ဆိုခဲ့သည်။ ပညာရှိများမသိနားမလည်နိုင်အောင် လျှို့ဝှက်ချက်များကိုဘုရားသခင်က ကလေးသူငယ်များထံသို့ ပြသတော်မူပြီ (မ ၁၁း၂၅)။

ရိုးရိုးစင်းစင်းလေးတွေးသည်ဖြစ်စေ၊ ကလေးသူ ငယ် ကဲ့ သို့ သွားသည်ဖြစ်စေ၊ ဘုရားသခင်ကရန်သူများကို အကြွင်းမဲ့အနိုင်ယူမည်ဟုယုံကြည်ကြသည်။ ဘုရားသခင်၏ရန်သူများသည် ရေငုံနှုတ်ဆိတ်ပါးစပ်အဟောင်းသားရှိကြပေမည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းနှင့် ကျွေးမွေးထောက်ပံ့ခြင်းကို လက်မခံငြင်းဆန်သော လေပူဖေါင်းကြီးကို သေးငယ်သောပင်အပ်ကပေါက်ကွဲစေသည့်နှယ် သိုးသငယ်နောက်လိုက်များက သက်သေပြကြပါလိမ့်မည်။

၈း၃ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် လူ့သေးနုတ်မှုကို နက္ခဗေဒပညာဖြင့်လည်း ထုတ်ဖေါ်နှိုင်းယှဉ်နိုင်စွမ်းမရှိ။ ထိုနှစ်ခုကွာခြားချက်ကို အလင်းနှစ်ဖြင့်တိုင်းတာရတော့မည်။ အလင်းသည် တစက္ကန့်တွင်မိုင်ပေါင်း ၁၆၈,ဝဝဝပြေး၍ တနှစ်တွင်စက္ကန့်ပေါင်း၃၁.၅သန်းရှိသည်။ ထို့ကြောင့် သာမန်တနှစ်လျှင်ကမ္ဘာမြေမှအလင်းနှစ် ဘီလီယံချီ၍ သွားရသည်။ ထိုအစုအဖွဲ့ထဲတွင် လူသည်အဘယ်မျှ မှုံမွှားသေးငယ်သည်ကို မှန်းဆပေတော့။

ညချမ်းချိန်တွင် ကောင်းကင်ယံကို မော့ကြည့်၍ ဘုရားသခင်၏အကြောင်း အတွေးနယ်ချဲ့ကြည့်ပါ။လနှင့်ကြယ်များသည် ကိုယ်တော်၏လက်ညှိုးညွှန်ရာအတိုင်း လှုပ်ရှား သွားလာကြသည်။ အပြောကျယ်လှသော မိုးကောင်းကင်ယံတွင် လင်းလက်နေသောကြယ်တာရာပေါင်းမည်မျှရှိသနည်။ ထိုမျှလေးလံသောကြယ်များ၊ ဂြိုလ်များကို ရေတွက်နိုင်ပါသလား။ ထိုကြယ်များ၊ ဂြိုလ်များသည် သူ့အချိန်နှင့်သူ လှည့်ပတ်သွားလာနေကြသည်။

၈း၄ ထိုဂြိုလ်များအကြားတွင် လူသားတို့နေထိုင်သောကမ္ဘာဂြိုလ်သည် စကြ၀ဠာကြီးထဲမှ အမှုံအမွှားတခုသာဖြစ်သည်။ သို့ဖြစ်လျှင် လူသည်အဘယ်မှာဆို ဘွယ်ရာရှိတော့မည်နည်း။ သို့သော်လည်း ဘုရားသခင်ကထိုလူသားများ တဦးချင်းစိတ်ဝင် စားသည်။ လူတဦးတယောက်တိုင်း၏ဘဝကိုလူသားဆန်ဆန်ဖြစ်စေချင်သည်။

၈း၅ ဘုရားသခင်က ပုံသဏ္ဍန်တော်နှင့်အညီလူ့ကိုပြုလုပ်သည်။ ကိုယ်တော်နှင့်တူစေသည်။ ကိုယ်တော်ထက် အနည်းငယ်နိမ့်ကျစေသည်။ အခြားသတ္တဝါများထက် မြင့်မားသည်။ ဘုရားသခင်ဖန်ဆင်းထားသော လက်ရာတော်များသည် လူကိုကောင်းစားစေဖို့ဖြစ်သည်။ ဘုရားရှင်က လူကိုအကောင်းဆုံးဖန်ဆင်း၍ကောင်းချီးပေးထားပါသည်။

၈း၆-၈ အမိန့်တော်ရှိသည့်အတိုင်း လူသည်လူ့လောကရှိတိရိစ္ဆာန်၊ ငှက်၊ ငါး၊ တွားသွားသတ္တဝါအစရှိသည့် ရေ၊ လေ၊ မြေသတ္တဝါများကို အုပ်စိုးရသည်။ သို့သော် လုံးလုံးလျားလျားခြေထောက်အောက်သို့ ရောက်သွားကြသည်မဟုတ်။ဟေဗြဲကျမ်းတွင် “ယခုမူကား ခပ်သိမ်းသောအရာတို့ကို ချထားလျှက်ရှိသည်ကို ငါတို့မမြင်ကြသေး”(ဟေဗြဲ ၂:၅-၉)ဟု သတိပေးထားသည်။ ခွေးကလူကိုဟောင်သည်၊ မြွေကလူကိုကိုက်သည်၊ ငှက်နှင့်ငါးများက လွတ်ရာကျွတ်ရာရှောင်တိမ်းကြသည်။ အဘယ်သို့နည်း။ အာဒံမှတဆင့် လူလောကသို့ဖန်ဆင်းထားသော သတ္တဝါများပေါ်သို့ ဇာမလွှမ်းမိုးနိုင်တော့ပါ။

သို့သော်လည်း ဘုရားသခင်၏ရည်ရွယ်ချက်သည်မပျက်ပြယ်သေး။ မည်သည့်အရာကမှ ဘုရားသခင်၏အကြံအစည်ကို မဟန့်တားနိုင်။ လူသည် ထိုတိရိစ္ဆာန်များအပေါ် သို့ အမှန်တကယ်ဩဇာ အာဏာသက်ရောက်ဦးမည်။ မျက်မှောက်လူ့ဘဝကို မကြည့်ဘဲ၊ ယေရှုခရစ်တော်ကိုကြည့်ရအောင်။ ထိုသူသည် လူ့လောကကမ္ဘာကို ပြန်လည်ထူထောင်ပေးမည့်သောသူဖြစ်သည်။လူ့လောကသို့ ကြွလာခဲ့စဉ်က ကောင်းကင်တမန်များထက် အနည်းငယ်နိမ့်ကျသော ဘဝကိုခံယူ၍ လူသားများအတွက် အသေခံယူခဲ့သည်။ ယခုအချိန်တွင်မူရှင်ပြန်ထမြောက်ပြီးသကာလ ဘုရားရှင်၏လက်ယာတော်တွင် ဘုန်းတန်ခိုးပြည့်စုံစွာ စိုးစံနေသည်။ထိုအရှင်သည် တနေ့သောအခါ လူ့ကမ္ဘာမြေပေါ်သို့ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏ သခင်အဖြစ် ပြန်လည်ကြွလာမည်။ အနှစ်တထောင် အုပ်စိုးမည့်တိုင်းပြည်တွင် လူသားများသည် ပထမအာဒံ၏အရိပ်အမွေများချုပ်ငြိမ်းပြီး၍ ထိုယေရှုရှင်နောက်ဆုံးအာဒံ၏ အမွေခံပတ်ဝန်းကျင်ခံစားကြရမည်။

၈း၉ သို့ဖြင့် ဘုရားသခင်ရွေးနှုတ်ထားသောလူများသည် အတူတကွစုဝေး၍ ချီးမွမ်းသီချင်းသစ်သီဆိုကြမည်။ “ကိုယ်တော်၏နာမတော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူသတည်း”ဟုထောမနာပြုကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။