ဆာလံကျမ်း - ၇၂

ရှင်ဘုရင်အတွက်ဆုတောင်း
“ရှောလမုန်ကိုရည်ဆောင်၍ စပ်ဆိုသောဆာလံ။”
1အိုဘုရားသခင်၊ ကိုယ်တော်၏တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်းအခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။ 2ထိုမင်းသည် ကိုယ်တော်၏လူတို့ကို ဖြောင့်မတ်စွာစီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။ 3တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့အား ချမ်းသာပေးကြပါလိမ့်မည်။ 4ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။ 5နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
6ထိုမင်း၏သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြေကို စိုစေသော မိုးပေါက်များကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ 7လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။ 8ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။ 9တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကိုလျက်ကြလိမ့်မည်။ 10တာရှုမင်းတို့နှင့် ပင်လယ်တစ်ဖက်၌ နေသောမင်းတို့သည် အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြလိမ့်မည်။ 11ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်၍၊ ခပ်သိမ်းသောလူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည်။ 12အကြောင်းမူကား၊ ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ 13ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ 14သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။ 15အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေကို ဆက်ခြင်း၊ ကိုယ်တော်အဖို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်။ 16ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။ 17နာမတော်သည် အစဉ်အမြဲ တည်လိမ့်မည်။ နေသည် တည်သမျှသောကာလပတ်လုံး နာမတော် တိုးပွားလိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
18အံ့ဖွယ်သော အမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ 19ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲမင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးသည် ဘုန်းတော်နှင့် ပြည့်စုံပါစေသတည်း။ အာမင်နှင့် အာမင်။
20ယေရှဲ၏သားဒါဝိဒ် ဆုတောင်းသောပတ္ထနာ စကားပြီး၏။

ဆာလံကျမ်း - ၇၂ (အနက်ဖွင့်)

ဆာ ၇၂ မေရှိယသခင်၏ဘုန်းတန်ခိုးအုပ်စိုးခြင်း

          ဤဆာလံသီချင်းကိုသာမန်အားဖြင့် လူ့လောကတွင်သက်ဦးဆံပိုင်ဘုရင်အဖြစ် ရှောလမုန် ဘုရင်အကြောင်းဟု သိမြင်နိုင်သည်။ ထိုထက်မကသခင်ယေရှုခရစ်တော်က အုပ်စိုးမည့်အကြောင်း ကိုကြိုမြင်နိုင်ရသည်။ စစ်မက်ဖြစ်ပွားပြီးလူ့လောကကမ္ဘာမှာ ထိုကဲ့သို့သောအချိန်အခါကြုံတွေ့ခြင်း သည်အံ့သြဘွယ်ရာဖြစ်ပါသည်။ ရွှေခေတ်တခေတ်ဖြစ်ပါသည်။ ဖန်ဆင်းခံကမ္ဘာတွင် ညီးထွားခြင်း ပြီးဆုံး၍ စည်းစိမ်ဉစ္စာကြွယ်ဝခြင်းစီးဆင်းသည်။

          ၇၂: ပထမဆုံးကျမ်းပိုဒ်တွင် ဘုရင်သဉ္ဇာလီဆောင်ထဲမှဆုတောင်းသံကြားရသည်။ Knox က “တရားစီရင်ခြင်းအတတ်အမှုပညာ၊ ပလ္လင်တော်အမွေကို ရှင်ဘုရင်ထံသို့အမွေအဖြစ်ချီးမြှင့်တော် မူပါ” ဟုဆိုသည်။ ဆာ ၇၂ ၏အဓိကစကားလုံး “တော်မူပါ”ဟူသောဝေါဟာရသည် ရွေးနှုတ်ရှင်သခင်က ဆလက်ခံစားမည့်အကြောင်း ဖြစ်သည်။

၇၂: ထိုအိုမင်းသည် ကိုယ်တော်၏လူများကိုဖြောင့်မတ်စွာစီရင်၍ မရှိဆင်းရဲသားများကို တရားမျှတစွာ စီရင်တော်မူမည်၊ အနိုင်ထက်ပြုခြင်းဖိနှိပ်ခြင်းများ ချုပ်ငြိမ်းသွားမည်။ မျက်နှာသာ ပေး၊ စုံစမ်းစစ်ကြောခြင်းမရှိ။ မရှိဆင်းရဲသားများ မျက်နှာငယ်စရာမလို။

၇၂: တောင်ကြီးတောင်ငယ် အသွယ်သွယ်သည်စည်ပင်ဝပြောလျက် လူများအားချမ်းသာ ကြွယ်ဝစေမည်။ သမ္မာကျမ်းစာတွင် တောင်ကုန်းတောင်တန်းများကို အုပ်စိုးသူမင်းများအဖြစ် တင်စားသုံးနှုန်းလေ့ရှိသည်။ ထိုကျမ်းစကားအသုံးအနှုန်းအရ ခရစ်တော်၏နိုင်ငံတော်တွင် တန်းတူအခွင့်အရေး၊ တရားမျှတရေးရှိနေမည်။ နိုင်ငံတော်အစိုးရမင်းမှသည် ဒေသဆိုင်ရာအာဏာ ပိုင်များထိတရားတော်နှင့်အညီ စီရင်အုပ်စိုးကြမည်။

၇၂: လူ့သမိုင်းတလျှောက်တွင် မရှိဆင်းရဲသားများသည် ဖိနှိပ်ခံ၊ ခေါင်းပုံဖြတ်ခံလူတန်းစား ဖြစ်ကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ အနှစ်တထောင်တိုင်းပြည်တွင် ကိုယ်တော်ဘုရားကိုယ်တိုင် မားမားမတ်မတ်ရပ်တည်လာမည်။ ဆင်းရဲသားများခေါင်းပုံဖြတ်ညှဉ်းပန်းနှိပ်စက်သူများကို ကိုယ်တော်ကိုယ်တိုင်အမှုစစ်၍ အပြစ်ဒဏ်ချမှတ်ပေးမည်။

၇၂: နေနှင့်လကိုမြင်ရသမျှသောခေတ်ကာလအဆက်ဆက်လူသားများက ကိုယ်တော်ကို ချစ်ကြောက်ရိုသေကြမည်။ ကိုယ်တော်ရှိနေရာတိုင်း၌ ပျော်ပါးရွှင်လန်းကြမည်။ ပတ်ကြားအက်များ မိုးနံ့ရ၍စိုပြေသကဲ့သို့၎င်း၊ မိုးမျှော်မြက်ခင်းပင်များ မိုးပွင့်နမ်း၍ ရွှင်လန်းသကဲ့သို့၎င်း စိုပြေကြမည်။

          ၇၂: ကိုယ်တော်သည်မေလခိဇဒက်ဘုရင်ကဲ့သို့ပင် ဖြောင့်မတ်ခြင်းရှင်ဘုရင်နှင့် ငြိမ်သက်ချမ်းမြေ့ခြင်းအရှင်သခင် ဖြစ်သည်။ ကိုယ်တော်အုပ်စိုးသည့်ကာလတွင် တရားမျှတခြင်း၊ ငြိမ်သက်ချမ်းမြေ့ခြင်း လောကပါလတရားများစိုးမိုးနေမည်။ နေကွယ်လပျောက်သည့် ထိရှိနေမည်။ ဖြောင့်မတ်ခြင်းတရားဖြင့် ချမ်းမြေ့ကြမည်ကို သတိပြုပါ။ “ဖြောင့်မတ်ခြင်းတရားသည် ငြိမ်သက် ခြင်းတရားဖြင့် ချမ်းမြေ့ကြသည်ကိုသတိပြုပါ။ “ဖြောင့်မတ်ခြင်းတရားသည် ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကားထာဝရ ငြိမ်သက်ခြင်းနှင့်လုံခြုံခြင်းပေတည်း” (ဟေရှာ ၃၂:၁၇)။ ကိုယ်တော်သည်ဖြောင့်မတ်တော်မူသောကြောင့် လူသားများအတွက် ကားတိုင်ပေါ်တွင် အသေခံသည်။ ငြိမ်သက်ချမ်းမြေ့မှုထားခဲ့သည်။ ဤစစ်မက်ရေးရာထူပြောသောလူ့လောကကမ္ဘာတွင် စစ်ခိုးစစ်ငွေ့ပျောက်စင်လျက် ကိုယ်တော်၏ဖြောင့်မတ်ခြင်တနေ့ပေါ်ထွန်းလာမည်။

၇၂: ဗြိတိန်နိုင်ငံကောင်းစားစဉ်အခါက နေမဝင်အင်ပါယာဟုဆိုခဲ့သည်။ အရှေ့ကမ္ဘာမှ အနောက်ကမ္ဘာစွန်းတိုင်အောင် အင်္ဂလိပ်လက်အောက်ခံကိုလိုနီနိုင်ငံရှိခဲ့သည်။ ခရစ်တော်၏နိုင်ငံ တော်သည်ထိုမျှမကပါ။ စကြဝဋာတခွင်လုံးတွင်ရှိသည်။ ပြန်လည်ပျောက်ကွယ်နိုင်သောကိုလိုနီနိုင်ငံ မျိုးမဟုတ်ပါ။ လောကတိုင်းနိုင်ငံအားလုံးပါဝင်သည်။ ပင်လယ်ကမ်းတဘက်မှ အခြားကမ်းတဘက် ဉဖရတ်မြစ်မှ ကမ္ဘာစွန်းတိုင်အောင်ကျယ်ပြန့်သည်။

          ၇၂: တောင်ကြိုအုံးကြားရှိ လူမမြင်ဘူးသောတိရစ္ဆာန်များသည်လည်း အထံတော်ရှေ့သို့ ဒူးထောက်ခစားကြမည်။ တလောကလုံးအန်တုလာသော ရန်သူများလည်း အရှုံးပေးလာကြမည်။ မြေမှုန့်ပျောက်ကြမည် ဆိုသည်မှာ မိမိသည်ဘာမှမသိနားမလည်သောသတ္တဝါပါလားဟု ဝန်ခံခြင်းဖြစ်သည်။

၇၂:၁၀၁၁ တပါးအမျိုးသားရှင်ဘုရင်များသည် လက်ဆောင်ပဏ္ဍာအသီးသီးယူဆောင်လာ ၍ယေရုရှလင်မြို့သို့ချီတက်ကြမည်။ ရှင်ဘုရင်တို့၏ဘုရင်ကိုကိုးကွယ်ကြမည်။ စပိန်ဘုရင်မှစ၍ ကမ္ဘာတောင်ဖျားအာရေဗျမင်းများ ရောက်လာကြမည်။ လေယာဉ်ပျံကွင်းသည် ကြက်ပျံမကျ ငှက်ပျံ မကြစည်ကားနေမည်။ ကိုယ်တော်ကိုဖူးမျှော်ဘို့ ကမ္ဘာအရပ်ရပ်မှလူကြီးမင်းများ ရောက်လာကြမည်။

Meyer က “သူဌေးသူကြွယ်များ၏ဘုရင်၊ တေးဂီတတူရိယာပညာရှင်၊ အနုပညာရှင်ပေါင်း စုံတို့ကသိလျှင်သိခြင်း အလုအရက်ရောက်လာကြသည်” ဟုဆိုသည်။

၇၂:၁၂၁၄ အဘယ်ကြောင့်ထိုသို့စုရုံးရောက်လာကြသည့်အကြောင်းစုံရှင်းပြထားသည်။ မရှိဆင်းရဲသားများနှင့်ခွေးဘဝရှိနေသူများက ကယ်တင်ရှင်သခင်လိုအပ်ကြသည်။ ဆင်းရဲငတ်မွတ် ခြင်းနှင့်လူမှုရေးမပြည့်စုံမှုများ ချုပ်ငြိမ်းသွားမည်။ အားနဲသူများနှင့်ဘဝအဆင်မပြေသူများ အထံတော်သို့စုစည်းကြမည်။ ဒုက္ခပြဿနာပေါင်းစုံပြေလည်သွားကြမည်။ မတရားမှုမှ ကယ်တင်၍ လူဆင်မီမီအသက်ရှင်နိုင်ရေးပြီးပြည့်စုံစေမည်။

          ၇၂:၁၅ သို့ကြောင့် အသက်တော်တည်ပါစေဟုကြွေးကြော်ကြမည်။ ရွှေနှင့်ရှေဘရတနာတို့ကို လက်ဆောင်ပေးကန်တော့ကြမည်။ ကမ္ဘာတဝှမ်းကအသံမစဲဆုတောင်းပွဲ ကျင်းပကြမည်။ ညဉ့်ဦးယံ မှမိုးသောက်ယံတိုင်မအောင်လူများက သာဓုခေါ်ကြမည်။

၇၂:၁၆ လယ်မြေတခွင်လုံးမြေသြဇာကောင်းမွန်သောကြောင့် သီးနှံဖြစ်ထွန်းစည်ပင်သာယာ ကြမည်။ ပုတ်နှင့်စပါးကျီများတွင် စပါးဆန်ရေပြည့်လျှံမည်။ အထွေအထူးထွန်ယက်စရာမလို။ တောင်စောင်း၊ တောင်ခါးပန်းမှစ၍ တောင်ထိပ်တိုင်အောင်စပါးရွှေရည်မှည့်ဝင်းမည်။ ပွဲလမ်းသဘင် ကျင်းပကြမည်။ အပူအပင်မရှိ၊ သောကမရှိ၊ အိမ်မက်လှလှမက်ကြမည်။

၇၂:၁၇ နာမတော်သည် လူကြိုက်များ၍ လူတိုင်းနှုတ်ဖျားမှာတဖွဖွပြောကြမည်။ လူ့ပြည် နတ်ရွာတွင် ရှိနေသရွေ့ နာမတော်သည်လည်းကျော်ကြားနေမည်။ ဘုရားရှင်ကအာဗြဲဟံသို့ ကတိတော်ပြုခဲ့သည့်အတိုင်း လူသားများသည်ကောင်းချီးမင်္ဂလာခံစားကြမည်။ မင်္ဂလာရှိတော်မူစေ သတည်းဟုချီးမွမ်းကြသည်။

၇၂:၁၈၁၉ ကောင်းချီးသြဘာပေးခြင်းဖြင့်ဆာလံသီချင်းကိုအပြီးသတ်သည်။ သခင်ယေရှု၏ ဘုန်းတန်ခိုးအားနုဘော်တို့သည် ဘုရားရှင်ထောမနာပြုရာဖြစ်သည်။ ထိုကဲ့သို့သောအံ့ဖွယ်အလှူ တော်ကိုမည်သူမှမပြုနိုင်။ ဘုန်းတန်ခိုးကြီးမြတ်တော်မူသော နိစ္စထာဝရတည်သည်။ တကမ္ဘာလုံး ချီးမွမ်းရာဖြစ်သည်။

၇၂:၂၀ ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းခန်းပြီးဆုံးသွားသည်။ သို့သော်တခန်းရပ်ပြီးဆုံး ခြင်းသာဖြစ်သည်။ ဆာလံတအုပ်လုံးဆုတောင်းခန်းလာဦးမည်။ ဆာလံဒုတိယပိုင်း၏အပြီးသတ် ဆုတောင်းခြင်းသာဖြစ်သည်။ ဆုတောင်းခန်းကို ယေရှုသခင်ကောင်းကြီးပေးခြင်းအကြောင်းဖြင့် အဆုံးသတ်သည်။ ဒါဝိဒ်၏ဆုတောင်းခြင်းတောက်ခံသမိုင်းကြောင်းကို (၂ရာ ၂၃:၁-၄)တွင် ရေးထားသည်။ မေရှိယသခင်အလ္လင်တော်ပေါ်တွင် စိုးစံ၍နိုင်ငံတော်တည်ထောင်သောအခါ ဒါဝိဒ်၏ ဆုတောင်းလည်းပြည့်စုံသွားမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။