ဆာလံကျမ်း - ၇၁

အသက်ကြီးသူ၏ဆုတောင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ 2တရားတော်နှင့်အညီ အကျွန်ုပ်ကိုနုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင်တော်မူပါ။ 3အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက် ဖြစ်တော်မူ၏။ 4အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသောသူ၏လက်မှလည်းကောင်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏ လက်မှလည်းကောင်း အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 5အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ 6အကျွန်ုပ်သည် ဖွားကတည်းကပင် ကိုယ်တော်ကိုမှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ 7အကျွန်ုပ်သည် များစွာသောသူတို့၌ အံ့ဖွယ်သောအရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောခိုလှုံရာ ဖြစ်တော်မူ၏။ 8ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် မြွက်ဆိုပါစေသော။ 9အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ 10ရန်သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သောသူတို့က၊ 11ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဖမ်းကြကုန်အံ့။ ကယ်လွှတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။ 12အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ 13အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
14အကျွန်ုပ်မူကား၊ အစဉ်မျှော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။ 15ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။ 16အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကိုအမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။ 17အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ 18တစ်ဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ 19အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသောအမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။ 20ကြီးမားကြမ်းတမ်းသောဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တစ်ဖန် အသက်ကိုချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တစ်ဖန်ထမြောက်စေတော်မူမည်။ 21အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တစ်ဖန် သက်သာစေတော်မူမည်။ 22သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။ 23ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသောနှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။ 24အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်းမူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကိုရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။

ဆာလံကျမ်း - ၇၁ (အနက်ဖွင့်)

ဆာ ၇၁ အိုဇာတာ

          ဆာလံဆရာနှင့်ဣသရေလအမျိုးတို့အကြောင်းကို မကြာခဏမျဉ်းပြိုင်အဖြစ်တွေ့မြင်ရသည် ယခုဆာလံကျမ်းကိုလည်း ဆရားကြီး Belletf ကရွေးနှုတ်ထားသောဣသရေလလူနည်းစုတို့၏ အိုဇာတာအကြောင်းဖြစ်သည်၅၀ဟု ဆိုသည်။

၇၁: ပထမပိုင်း အပိုဒ်ငယ် ၃ခုသည်ဆာ၃:၁-၃နှင့်ဆင်တူရိုးမှားဖြစ်သည်။ ဘုရားသခင် ကိုခိုလှုံရာ ကျောက်ဆောင်၊ ခံတပ်အဖြစ်ချီးမွမ်းထားသည့်နှယ် ဆာလံဆရာကလည်း ကယ်တင်သူ၊ ကယ်မသူအဖြစ် ယုံကြည်ကိုးစားသည်။ ဘေးရောက်သည့်အခါခိုလှုံဆည်းကပ်ရာ ကျောက်ဆောင်၊ ခံတပ်အဖြစ်ခံယူသည်။

          ၇၁: အတိတ်ကာလတွင် ကွယ်ကာစောင့်ရှောက်ခဲ့သည့်အတိုင်းအိုမင်းရွယ်လွန်ဇရာထောင်း သည့်အချိန်တွင်လည်း ဘုရားရှင်ကဆက်လက်စောင့်ရှောက်မည်ဟု ယုံကြည်သည်။

ဤဆာလံကျမ်းကို ဣသရေလလူမျိုးအဖြစ်ခံယူမှတ်လျှင် မတရားသူ၊ ဆိုးသောသူနှင့် ကြမ်းတမ်းသောသူသည် အန္တီခရစ်ဖြစ်သွားပါမည်။ သူ၏ကြောက်မက်ဘွယ်ရာဆိုးသွမ်းမှုသည် သန့်ရှင်းသူများအဖို့ စိတ်ရှည်သီးခံရမည့်အကြောင်းဖြစ်သည်။

၇၁: ငယ်စဉ်တောင်ကျေးကလေးဘဝမှစ၍ ဘုရားသခင်ကိုမျှော်လင့်ချက်ထားသောသူ သည်ဗီဇပါရမီအခံကောင်းသူများဖြစ်သည်။ မွေးကင်းစအရွယ်မှစ၍ ယေဟောဝါဘုရားအကြောင်း ကြားသိရသောကြောင့် ဘဝနေဝင်သည့်တိုင်အောင် မကြောင့်ကြမတောင့်တရ။ ဘုရားသခင်၏ အံ့ဘွယ်ကျေးဇူးတော် မွေးဘက်မွေးမြူဖော်ပြုသောကြောင့် ရုပ်ဝတ္တုပစ္စည်းတွင်လည်း ချို့တဲ့ခြင်း မရှိ။ ဘဝနေညိုစောင်းချိန်တွင်လည်း ကျေးဇူးတော်ချီးမွမ်းနေမည်။

၇၁: ဆာလံဆရာသည်ဘေးပတ်ဝန်းကျင်၏ ငြင်းပယ်ခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့ခဲ့သည်။ သို့သော်ဘုရားရှင်က အံ့သြဘွယ်ရာကယ်ထုတ်သည်။ ဘဝအလှည့်အပြောင်း အမျိုးမျိုးခက်ထန် သော်လည်းဘုရားသခင်ထံ၌ ခိုင်မြဲစွာခိုလှုံသည်။ သို့ကြောင့်နေ့စဉ်နှင့်အမျှ ကျေးဇူးတော်ချီးမွမ်း နိုင်သည်။

၇၁: အကျွန်ုပ်အိုသည့်အခါပယ်တော်မမူပါနှင့်

                   အားလျှော့သောအခါ စွန့်ပစ်တော်မမူပါနှင့်

          အိုမင်းရွယ်လွန်သည့်အခါလူ့သဘောသဘာဝထက် ဘုရားသခင်၏ကွယ်စောင့်ရှောက်ခြင်း ကျေးဇူးတော်ကပိုမိုကြီးမားပါသည်။ အသက်အရွယ်ကြီးခြင်းထက် ထူးဆန်းသောသီးခြားကမ္ဘာဖြစ် ၍ အခက်အခဲနှင့်စိုးရိမ်ခြင်းများပြားသည်။ အထီးကျန်ခြင်းကိုကြောက်ကြသည်။ ချစ်ခင်ယုယသူမရှိ မှာကိုကြောက်ကြသည်။ ကူဖော်လောင်ဖက်မရှိ မလှုပ်နိုင်မရှားနိုင်မှာ ကြောက်ကြသည်။ ဘေးဖယ်ခြင်းခံရမှာကိုစိုးရိမ်ကြသည်။ ဘာမှမပိုင်ဆိုင်မှာကိုစိုးရိမ်ကြသည်။ ထိုစိုးရိမ်သောကများ သည့်အထူးအဆန်းမဟုတ်။ဆာလံဆရာက ထိုဘဝနေညိုစောင်းသူများကို အားပေးထားသည်။ (Daily Notes on the Scripture Union)။

၇၁:၁၀၁၁ ထိုအချိန်အခါမျိုးတွင် ပို၍စိုးရိမ်သည်မှာရန်သူများဖြစ်သည်။ ဆာလံဆရာတွင် အစွမ်းသတ္တိမရှိတော့သောကြောင့် ဖမ်းဆီးဖျက်စီးကြမည်ဟု တိုင်ပင်ကြိုပမ်းလာကြသည်။ ဘုရားသခင်က စွန့်ပစ်ပြီး နောက်ဆုံးချေမှုန်းရေးဝင်ကြပါစို့ဟု တိုင်ပင်ကြသည်။

၇၁:၁၂၁၃ ထိုအကြောင်းတွေးမိတိုင်းအားငယ်မိသည်။ ဘုရားသခင်လာရောက်ကယ်မပါဟု သာဆုတောင်းနေရသည်။ မည်သည့်ဘေးဒုက္ခမှမရောက်ပါစေနှင့်။ သူ့ကိုအန္တရာယ်ပြု၍ မကောင်းကြံ စည်သူများသည် အရှက်တကွဲအကျိုးနည်း၍ ပျက်စီးကြပါစေသား။

၇၁:၁၄၁၆ သို့သော်မျှော်လင့်ချက်ရှိသူဖြစ်သည့်အတိုင်း စိုးရိမ်သောကများတမဟုတ်ချင်း ပျောက်ကင်း၍အဆက်မပြတ်ချီးမွမ်းကိုးကွယ်ချင်စိတ်ပေါ်လာသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း လုပ်ဆောင်ချက်နှင့်အကြိမ်ကြိမ်ကယ်မခဲ့ခြင်းအကြောင်းများကို တေးစပ်သီကျူးပါရစေ။ အရှင်ထာ ဝရဘုရား၏ဘုန်းတန်းခိုးတော်များကို အမှီပြု၍ကိုယ်တော် ဖြောင့်မတ်ခြင်းတရားကိုသာပြသပါ မည်။၅၁

          ၇၁:၁၇­- ၁၈    အပိုဒ်ငယ် ၅.၁၁ မှာပါရှိသည့်ငယ်စဉ်တောင်ကျေးဘဝမှ ဇရာအိုချိန်ထိ ဘုရားသခင်အား ယုံကြည်ခြင်းသစ္စာရှိမည့်အကြောင်းကို ငယ် ၁၇.၂၁ တွင်တဖန်ရေးထားသည်။ ကလေးသူငယ်အရွယ်မှစ၍ ဘုရားသခင်ကသွန်သင်လမ်းပြခဲ့သည်။ Knox က “ကိုယ်တော်၏အံ့ ဘွယ်တရားနာယူခဲ့သည်” ဟုဆိုသည်။ ယခုအချိန်တွင် အိုမင်းရွယ်လွန်၍ ဦးခေါင်းလည်းဖြူဖွေးနေ ပြီ။ သို့သော် လုပ်စရာအမှုကိစ္စမပြီးဆုံးသေး။ ဘုရားသခင်၏အံ့ဘွယ်အမှုတော် အကြောင်းကို နောင် လာနောက်သားများသို့ ပြောပြရဦးမည်။ ထိုဆုတောင်းစကားသည် ပြည့်စုံသွားသည်။ ဆာလံဆရာ က ဆာလံတေးသွားအဖြစ် ဂန္တဝင်စကားဆိုခဲ့သည်။

၇၁:၁၉.၂၁     ဘုရားသခင်သည် အလွန်အံ့သြဘွယ်ရာကောင်းမြတ်သည်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် တန်ခိုးတော်သည် ကောင်းကင်ထက်မြင့်မားသည်။ ကိုယ်တော်၏ မဟာအမှု တော်ကိုသိမြင်ကြသော်လည်း ကိုယ်တော်ကိုဘယ်သူမှမတုမနှိုင်းယှဉ်နိုင်။

တခါတရံ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း အဖြစ်ဆိုးများလည်းပြုရတတ်သည်။ ဥပမာ အားဖြင့်ဆာလံဆရာ (ဤနေရာတွင် ဣသရေလ) သည်ခါးသီးသော အတွေ့အကြုံပေါင်းများစွာ ဖြတ်သန်းရသည်။ ဘေးဒဏ်ကြီးကာလကြုံတွေ့ရဦးမည်။ သို့သော်တွေးပူသူမဟုတ်။ ဘုရားသခင်က ပြန်လည်ထူမမည်။ သူ့လူများကို ပြန်လည်နိုးထစေမည်။ မရဏာပြည်ရွာ၏ ခံတွင်းမှဆွဲထုတ်မည်။ ဘေးအန္တရာယ်ရန်စွယ်ကြားမှ ကယ်ထုတ်မည်။ လုံခြုံချမ်းမြေ့ပေမည်။

၇၁:၂၂          ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တယောထိုး၍တေးစပ်ဂုဏ်ပြုမည်။ ဣသ ရေလတို့၏သန့်ရှင်းတော်မူသော ဘုရားကိုစောင်းတီး၍ ဂုဏ်ပြုမည်။ ထိုစကားကို ဆာ ၇၈:၄၁ နှင့် ၈၉:၁၈တွင်လည်း ထပ်မံအသုံးပြုသည်။

၇၁:၂၃၂၄     ဆာလံဆရာနှင့် ဝိညာဉ်၊ လျှာများဖြင့်ပေါင်းစပ်၍ စောင်း၊ ပလွေများနှင့်အ တူချီးမွမ်းကိုးကွယ်ပါမည်။ ဝမ်းမြောက်ရွှင်လန်းစွာဖြင့် နှုတ်ဖျားမှသီဆိုပါမည်။ သိုးသူငယ်အသွေး ဖြင့်ရွေးနှုတ်သည့်အကြောင်းကို စိတ်ဝိညာဉ်ဖြင့်ရည်မှတ်၍ ဝမ်းမြောက်စွာဟစ်ကြွေးပါမည်။ ထိုသို့ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပုံ တွေ့မြင်ကြသောရန်သူများသည် မျက်လုံးအဝိုင်းသားကြည့် နေကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။