ဆာလံကျမ်း - ၃၈

“အောက်မေ့စေခြင်းငှာ စပ်ဆိုသောဆာလံ။”
1အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသောစိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။ 2မြားတော်တို့သည် အကျွန်ုပ်၌စူးဝင်၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။ 3အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။ 4အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။ 5အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိရွဲ့လျက် ရှိကြပါ၏။ 6အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ့်ချလျက်၊ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တစ်နေ့လုံး သွားရပါ၏။ 7အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။ 8နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။
9အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်းကိုလည်း အကြွင်းမဲ့သိတော်မူ၏။ 10အကျွန်ုပ်၏နှလုံးတုန်လှုပ်၍၊ ခွန်အားလည်းကုန်ပါပြီ။ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ။ 11အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဖော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့်၊ ဝေးဝေးရပ်လျက်၊ ပေါက်ဖော်တို့သည်လည်း၊ ရှောင်လျက်နေကြပါ၏။ 12အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တစ်နေ့လုံး မနာလိုသောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။ 13အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်သောလူကဲသို့ ဖြစ်ပါ၏။ 14နားမကြား၊ ပြန်၍မငြင်းနိုင်သောသူကဲ့သို့ ဖြစ်ပါ၏။ 15အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။ 16သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သောအခါ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကိုချီးမြှောက်ကြပါလိမ့်မည်ဟု လျှောက်ပါပြီ။ 17အကျွန်ုပ်လဲလုသည်ဖြစ်၍၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက်မေ့လျက် နေပါ၏။ 18ကိုယ်အပြစ်ကို ဖော်ပြပါ၏။ ပြစ်မှားမိသောကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။ 19အကျွန်ုပ်၏ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။ 20အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သောသူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။ 21အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ 22အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။

ဆာလံကျမ်း - ၃၈ (အနက်ဖွင့်)

ဆာ ၃၈ အပြစ်အတွက် ဝမ်းနည်းကြေကွဲခြင်း

အပိုဒ်ငယ် ၃ပါ “ထိုအပြစ်ဒုစရိုက်”၊ အပိုဒ်ငယ် ၄ပါ”အကျွန်ုပ်ပြုမိသော ဒုစရိုက်”၊ အပိုဒ်ငယ်၅ပါ “အကျွန်ုပ်မိုက်မဲမှု”၊ အပိုဒ်ငယ် ၈ပါ”အကျွန်ုပ်ရောဂါဆိုး” များ မပါရှိလျှင် ဤဆာလံကျမ်းကို မေရှိယသခင်၏ ဆင်းရဲဒုက္ခကို ဖော်ကျူးသည်ဟု ယူဆနိုင်သည် လူတို့၏ လက်ထဲတွင် ယေရှုသခင် ဘေးဒုက္ခရောက်ရှိပုံဟု ထင်မြင်နိုင်သည်။ ဖြစ်ရပ်မှန်မှာ ဒါဝိဒ်သည် အပြစ်ဒုစရိုက်ပေါင်းစုံ ကျူးလွန်မိသောကြောင့် စိတ်ပျက်လက်ပျက် ရှိသည့်အပြင် ခန္ဓာကိုယ် ကျန်းမာရေးပါ ထိပါးပျက်စီးသည့်အကြောင်း ဖြစ်သည်။

၃၈: ဒါဝိဒ်က ယခုကဲ့သို့ ဆင်းရဲဒုက္ခရောက်သည်မှာ ဘုရားသခင်က အမျက်တော်ထွက်၍ အပြစ်တင်ခြင်း၊ ဆုံးမခြင်းဖြစ်သည်ဟု ခံယူသည်။ သို့ကြောင့် အမျက်တော်ပြေပါရန် လျှောက်လဲသည်။ ဘုရားသခင်၏ မြားတော်များက ဒါဝိဒ်၏ ခန္ဓာကိုယ်နှင့် အသည်းနှလုံးထဲသို့ စူးဝင်ထိမိသည်။ ဘုရားသခင်၏ လေးသောလက်တော်သည် ဒါဝိဒ်ပေါ်သို့ ကျရောက်နေပြီလား။ အမျက်တော်ရှိသောကြောင့် တစ်ကိုယ်လုံး ဖျားနာပါသည်။ အရိုးအခြင်များအားလုံး ကိုက်ခဲနေသည်။ ထိုသို့ နာကျင်ရခြင်းမှာ ခွင့်လွှတ်တော်မူပါဟု မဆိုဝံ့ပါ။ လှိုင်းလုံးကြီးများဖြင့် အရိုးများကို တမြေ့မြေ့မြည်အောင် ချိုးပစ်နေကြပါသည်။

၃၈: အနာ၊ ဒဏ်ရာများသည် ရိရွဲ၍ ပုပ်စော်နံကြပါသည်။ တစ်ကိုယ်လုံးတွင် အနာပေါက်လျက် မအိပ်နိုင်၊ မထနိုင်အောင် နာကျင်ပါသည်။ အသက်ရှင်နေသူလူအဖို့ ခံရခက်လှသည်။ ခန္ဓာတစ်ကိုယ်လုံး အဖျားတက်တုန်ချမ်းသည်။ သက်တောင့်သက်သာ ရှိသော ခန္ဓာကိုယ်အစိပ်အပိုင်းဟူ၍ မရှိ။ ထိုဘေးရန်ဆိုးများကို ပြန်လည် ခုခံနိုင်စွမ်းအားလည်း မရှိ။ ဘာမှမတတ်စွမ်းနိုင်။ ငိုယိုညီးတွားခြင်းသာ တတ်နိုင်သည်။

၃၈:၁၀ တချို့သောမိတ်ဆွေများက ဒါဝိဒ်ကို လာရောက်အားပေးကြပါသည်။ ဘုရားသခင်က သူ့ခံစားချက် သိရှိ၍ သက်သာစေမည်ဟု လာပြောပြကြပါသည်။ သို့သော်လည်း လက်တွေ့တွင် မသက်သာ။ သို့ဖြင့် စိတ်ထွေပြားသည်။ ခွန်အားများယုတ်လျှော့ ခမ်းခြောက်ကုန်သည်။ မျက်စိအမြင်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးနေပြီ။ အချစ်ဆုံးနှင့် မိတ်ဆွေများကလည်း ပစ်ပယ်ကြသည်။ ကုဋ္ဌနူနာများပင်လျှင် ဆွေမျိုးများက ကြည့်ရှုကြပေမည်။ သူ့ကိုမူ တစ်ကောက်ကြွက်ပမာ ပစ်ပယ်ထားကြသည်။

၃၈:၁၉၂၀ ဒါဝိဒ်သည် ရန်သူများအပေါ်သို့ တဖန် အတွေးပြန်ရောက်သည်။ ဒါဝိဒ်သည် ဖျားနာ၍ ခွန်အားချိနဲ့သည့်အချိန်တွင် ရန်သူများသည် သန်မာထွားကျိုင်းကြသည်။ ထိုအကြောင်းကို ဆင်ခြင်သောအခါ ဘုရားသခင်၏ တရားမျှတမှုကို နားလည်လာသည်။ ရန်သူများ၏ ပြုသမျှနုရမည်။ အခြေအနေရှိသော်လည်း ရန်သူလက်တွင်းသို့ မကျရောက်ခဲ့ခြင်းသည် ဘုရားရှင်၏ ကရုဏာတော်ပေတည်း။ လူကိုမုန်းတီးရုံသာ မုန်းတီးကြသည်။ ကိုယ်ထိလက်ရောက် မကျူးလွန်ကြ။ အဘယ်သို့နည်း။ ဒါဝိဒ်သည် ဘုရားသခင်၏ နောက်တော် လိုက်သောကြောင့်တည်း။

၃၈:၂၁၂၂ ဘုရားရှင်က  သူ့ကို ပစ်ပယ်မသွားမှန်း သိရှိသည်။ သို့သော် နီးနီးကပ်ကပ် ကူညီမစဖို့ လိုသည်။ အမြန်ဆုံးကယ်မ ထူထောင်စေချင်သည်။ ဘုရားသခင်သည် စင်စစ် ဆာလံဆရာ၏ ကယ်တင်ရှင် ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။