ဆာလံကျမ်း - ၃၉

ကိုယ်တော်၌မျှော်လင့်ခြင်း
1ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း၊ ကိုယ်အကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ်၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြောထား၏။ 2စကားမပြောဘဲ အလျက်နေ၏။ ကောင်းသောအရာကိုပင် မပြော။ ထိုသို့နေစဉ်၊ ငါသည် စိတ်ညစ်ညူးခြင်းရှိ၏။ 3ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ၏။ ငါညည်းတွားစဉ်၊ မီးလောင်လေ၏။ ထိုအခါငါသည် နှုတ်မြွက်၏။
4အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏ လမ်းဆုံးကိုလည်းကောင်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ 5အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ်လူမည်သည်ကား၊ လူ၏အထွတ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏။ 6အကယ်စင်စစ်လူသည် အရိပ်၌သာ ကျင်လည်ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏။ ဥစ္စာကိုဆည်းပူးသော်လည်း အဘယ်သူရအံ့သည်ကို မသိရပါ။
7ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်းရှိပါ၏။ 8ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ။ မိုက်သောသူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်။ 9ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့်၊ အကျွန်ုပ်ပြောစရာမရ။ နှုတ်ကို မဖွင့်ဘဲနေရပါ၏။ 10အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံးမခြင်းကိုခံရ၍ အားကုန်ပါပြီ။ 11ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့၊ လူတို့၏ တင့်တယ်ခြင်းအသရေကို ပြယ်ပျောက်စေတော်မူ၏။ အကယ်စင်စစ် လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ၏။ 12အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းခြင်းပတ္ထနာကို ကြားတော်မူပါ။ အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဖူးသကဲ့သို့၊ အကျွန်ုပ်သည် ရှေ့တော်၌ ဧည့်သည်အာဂန္တုဖြစ်၏။ 13အကျွန်ုပ်သည် ရွေ့သွား၍မပျောက်မီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။

ဆာလံကျမ်း - ၃၉ (အနက်ဖွင့်)

ဆာ ၃၉၊ စကားချပ်၊ အတွင်းမီး

          ၃၉: ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သူများနှင့် ဆင်ခြေဆင်လက် ပေးသူများအား ပြန်ပြောလိုက်ချင်စမ်းပါဘိ။ မယုံကြည်သူများ၏ စကားကို နားမခံသာအောင် ကြားရပေမယ့် ပြန်မပြောမိအောင် နှုတ်ပိတ်ထားသည်။ ဘုရားသခင်က အပြစ်ခွင့်လွှတ်လျက် ကျွေးမွေးစောင့်ရှောက်ပါစေဟု မေတ္တာမပို့နိုင်။ စိတ်ဖိစီးလွန်းလို့ ဘာတစ်ခွန်းမှ မပြောချင်အောင် ရေငုံနှုတ်ဆိတ်နေမိသည်။ နားပိတ်သဖွယ် မကြားချင်ယောင်ဆောင်မိသည်။ သို့သော်လည်း အကျိုးမဖြစ်၊ စိတ်နှလုံးသည် ထွေပြားသည်။ အဘယ်ကြောင့် ထိုမျှ သည်းခံနိုင်စွမ်းရှိသည်ကိုလည်း နားမလည်နိုင်။ စိတ်နာကျင်ချက်များကို ပိုမိုစောင့်ထိန်းလေ၊ စိတ်ဖိစီးမှု ပိုများလေလေဖြစ်သည်။ နောက်ဆုံးတွင်မူ ရင်ထဲခံစားချက်များကို ဆုတောင်းခြင်း အဖြစ်သို့ ပေါက်ကွဲသည်။

၃၉: ကိုယ်တော်ဘုရား၊ ထိုမဟူရာညများ အဘယ်မျှကြာဦးမှာလဲ။ အဘယ်မျှကျင်လည်ကြ၍ ဘယ်သောအခါမှ လွန်မြောက်ကုန်ဆုံးပါမည်နည်း။ ကျွန်ုပ်၏အသက်တာကာလသည် ထာဝရကာလနှင့် နှိုင်းယှဉ်လျှင် တစ်ထွာ တစ်ပိုက်မျှပင်မရှိပါ။ လူ့ဘဝတာ ကာလသည် ပြောပလောက်စရာမဟုတ်။ အခိုးအငွေ့ ပမာ ကုန်ခမ်းပျောက်လွှင့်နိုင်ပါသည်။ မိမိဘဝကို အထွဋ်အထိပ်ရောက်ပြီး အောင်မြင်ပြီဟု ကြွေးကြော်သော်လည်း အဘယ်မျှမကျန်၊ အသက်ရှည်ချင်ကြသည်။ ချိုးခြံချွေတာကြသည်။ ပျော်ရွှင်ချင်ကြသည်။ သို့သော်လည်း ထိုလုပ်ဆောင်မှုများသည် သူရူးအလုပ်သာဖြစ်သည်။ ဘာမှ မတည်မြဲ။ အာဂန္တုဧည့်သာပါတကား။

၃၉: “ကိုယ်တော်ဘုရား၊ လူ့ဘဝမှာ မျှော်လင့်စရာရှိပါသလဲ။ ကိုယ်တော်တစ်ပါးတည်းကိုသာ မျှော်လင့်စရာ ရှိပါသည်။ ကိုယ်တော်မှ လွဲရင် ဘဝအဓိပ္ပါယ်မရှိပါ။ ဘေးဒုက္ခအပေါင်းမှ ကွယ်ကာတော်မူပြီ။ အကျွန်ုပ်ဘဝခရီးမှာ အပြစ်ပေါင်းစုံ တွေ့မြင်ခဲ့ပြီးပါပြီ။ လူမိုက်တို့၏ ကဲ့ရဲဥခြင်းကို မခံနိုင်တော့ပါ။

၃၉:၁၀ ထိုအမှုအရာများသည် ကိုယ်တော်ခွင့်ပြုချက်ဖြင့် ရောက်လာခြင်းဖြစ်သောကြောင့် ငြိမ်သက်တိတ်ဆိတ်စွာ ငုံ့ခံရပါသည်။ ယခုအချိန်တွင်မူ တောင်းလျှောက်ပါရစေ။ အကျွန်ုပ်ပေါ်မှ ကိုယ်တော်၏ လက်ကို ဖယ်ရှားပေးတော်မူပါ။ ကိုယ်တော်၏ ဆုံးမခြင်းကို နားလည်ပါပြီ။

၃၉:၁၂၁၃ ကိုယ်တော်ထံသို့ ချဉ်းကပ်လာပါသည်။ အကျွန်ုပ်ဆုတောင်းသံများကို နားညောင်းတော်မူပါ။ အရေးပေါ်ဆုတောင်းချက်များကို အဖြေပေးတော်မူပါ။ မျက်ရည်စများကို မဖယ်ပေးဘဲ မနေပါနှင့်။ လောကဧည့်သည်အဖြစ် တစ်ညဉ့်လုံး နေရပါပြီ။ ရှေးဘိုးဘွားများသို့နှယ် အာဂန္တု ဖြစ်ရပါသည်။ အကျွန်ုပ်ပေါ်သို့ တရားစီရင်ချက်များကို ဖယ်ရှားပေး၍ ခဏတဖြုတ် ကျန်းမာပျော်ရွှင်ပါစေ။ ဤလူ့လောကမှ မထွက်ခွာမီ လူ့ဘဝအရသာမြည်းစမ်းပါရစေသား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။