ဆာလံကျမ်း - ၃၇

သည်းခံလျက်ယုံကြည်ကိုးစားရန်
1လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။ 2အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ 3ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။ 4ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။ 5ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။ 6သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့လည်းကောင်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင်ခြည် ကဲ့သို့လည်းကောင်း၊ ဖော်ပြတော်မူမည်။ 7ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏အကြောင်းကြောင့် စိတ်မပူနှင့်။ 8အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ် မရှိစေနှင့်။ 9ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။ 10ခဏကြာပြီးမှ၊ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ 11စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ 12မတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။ 13သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။ 14မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်စွာကျင့်သောသူတို့ကို သတ်ခြင်းငှာလည်းကောင်း၊ ဓားကိုထုတ်လျက်၊ လေးကိုတင်လျက် နေတတ်ကြ၏။ 15သို့သော်လည်း၊ သူတို့ဓားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။
16ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။ 17အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံးသည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရဘုရား မစတော်မူ၏။ 18ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍၊ သူတို့၏အမွေဥစ္စာသည် အစဉ်အမြဲ တည်လိမ့်မည်။ 19သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။ 20မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏ရန်သူတို့သည် ကျက်စားရာအရပ်၏ အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။ 21မတရားသောသူသည်ချေးငှား၍ မဆပ်ဘဲနေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။ 22ကောင်းချီးပေးတော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်းကို ခံရသောသူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။ 23ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ 24ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။ 25ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။ 26သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ သူတစ်ပါးတို့အား ချေးငှားတတ်သည်ဖြစ်၍၊ သူ၏သားမြေးတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ၏။
27ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။ 28ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ မတရားသောသူ၏သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ 29ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။ 30ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသောစကားကို ပြောဆိုတတ်၏။ 31ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။ 32မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှာ ရှာကြံတတ်၏။ 33သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏လက်၌ ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည် မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည် မဟုတ်။ 34ထာဝရဘုရားကို မျှော်လင့်၍၊ လမ်းတော်ကို လျှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။ 35မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန့်ပွားစေသည်ကို ငါမြင်ရသော်လည်း၊ 36နောက်တစ်ဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက်၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။ 37စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။ 38ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ 39ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ 40ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။

ဆာလံကျမ်း - ၃၇ (အနက်ဖွင့်)

ဆာ ၃၇၊ ငြိမ်သက်ချမ်းမြေ့မှုအတိ

ဒါဝိဒ်သည် ဘုရားတရားမဲ့သူများ၏ ဒဏ်ရာဒဏ်ချက် အသဲအသန် ခံရသည်။ ယခုမူ အသက်အရွယ် အိုမင်းဇရာထောင်းလာပြီ။ ထိုမတရားသူများ၏လက်ချက်ကို မည်သို့ တုန့်ပြန်မည့်အကြောင်း သင်ခန်းစာမျှဝေ နေပြီ။

          ၃၇:၁၊၂ ပထမဆုံးအချက်မှာ မတရားသူများ၏ စော်ကားမော်ကား ဒဏ်ချက်များကြောင့် မိမိကိုယ်ကို စိတ်ဒုက္ခမပေးပါနှင့်။ နာကျင်မှုများကို ညဉ့်အချိန်တွင် ပြန်စဉ်းစားကြည့်ပါ။ ထိုသူများ၏ ပြောဆိုပြုမှုများကို စဉ်းစားပြီး မည်သို့ဖြေသင့်ကြောင်း နားလည်ရမည်။ တချို့လူများကို အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ချင်စိတ် ပေါက်လာသည်။ သို့သော် တမှေးမှိတ်လို့ ပြန်နိုးလာသည့်အခါ ထိုစိတ်ဆိုးချက်များ ပြက်ပျယ်သွားသည်။ မိမိ စိတ်ဆိုးမှု၊ နာကျင်မှုကို မိမိကိုယ်တိုင်သာ သိရှိခံစားရသည်။ သို့သော် စိတ်လိုက်မာန်ပါ မဟုတ်ကောင်းပါ။

အကယ်၍ မတော်မတရားသည့်တိုင်အောင် ခြေလွန်လက်လွန်လုပ်မိလျှင် မိမိအမှားဖြစ်လာသည်။ လူ့လောကသည် ကောင်းကင်သွားရာလမ်း ခြေဆင်းဖြစ်သည်။ မတော်မတရားသဖြင့် ပြုမူလုပ်ဆောင်ချက် များသည် မကြာမြင့်မီရိတ်သိမ်းခြင်းခံရသောမြက်ပင်၊ ညှိုးနွမ်းသောပန်းကဲ့သို့ ဖြစ်ကြသည်။

၃၇: ထိုသူများကို အပြုအမူများကို မျက်မုန်းကျိုး၍ ရန်ကိုရန်ချင်း မတုန့်ပြန်ရ။ အကောင်းမြင်ဝါဒ ထားရှိရသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ ကောင်းမှုကုသိုလ်ဖြင့် တုန့်ပြန်ရသည်။ ထိုသို့ လက်တွေ့ လုပ်ဆောင်ဖို့ရန် ချက်ချင်းမလွယ်ကူသော်လည်း အကောင်းမြင်ဝါဒဖြင့် ပြုသမျှ၌ လေပြေလေညှင်း လိုက်လာသည်။ မကောင်းမှု ဒုစရိုက်ပြုသူများကို အရေးယူအပြစ်ပေးမည့်အကြောင်းနှင့် ကောင်းသောအကျင့် ရှိသူများကို ဆုလက်ဆောင်ပေးမည့်အကြောင်း ဘုရားရှင်က ကတိတော်ပေးထားပါသည်။ ဘုရားသခင်၏ စကားတော်သည် ဘယ်သောအခါမှ ပျက်ပြယ်ခြင်းမရှိ။ ပြည်တော်၌တည်၍ သစ္စာစကား ပြည့်စုံသည်။ နတ်ဆိုး၊ မကောင်းဆိုးဝါးများနှင့် လူတို့က မည်သို့တိုက်ခိုက်ကြသော်လည်း ခရစ်တော်ဝင် သိုးမှာလည်းပျက်စီးခြင်းမရှိကြ (ယော ၁၀:၂၇-၂၉)။ ခရစ်တော်ကို ယုံကြည်သူများလည်း ခမည်းတော်ဘုရားသခင်၏ အိမ်တော်တွင် အစဉ်အမြဲ စံမြန်းကြရမည် (ယော ၁၄:၁-၆)

တခါတွင် John Wesley က မိတ်ဆွေတရားဟောဆရာ၊ Samuel Bradburn ထံသို့ ငွေကြေးပေးပို့ ကူညီလိုက်သည်။ ၅ပေါင်ပေးပို့ပြီး စာထဲတွင် “မိတ်ဆွေကြီး၊ ဘုရားသခင်ကို ယုံကြည်၍ ကောင်းသောအကျင့်၌ ကျင်လည်ပါ။ သို့ပြုလျှင် ပြည်တော်ဝင်စား၍ ဝလင်စွာစားရလိမ့်မည်”ဟု ရေးလိုက်သည်။ Bradburn က ကျေးဇူးတုန့်ပြန်စာရေးရာတွင် “ခင်ဗျားစာထဲမှာ သမ္မာကျမ်းစာအကိုးအကား မကြာခဏ ဖတ်ရှုလေ့ရှိတယ်။ သို့သော် ရိုးသားစွာ ဝန်ခံရရင် လက်တွေ့ကျင့်သုံးရကောင်းမှန်း မသိခဲ့ဘူးပါ”ဟု ဆိုသည်။

          ၃၇: ဘုရားသခင်၏ အမှုတော်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုရှိပါ။ သင့်ဘဝလမ်းစဉ်ကို ဘုရားရှင်က ဦးစီးဦးဆောင်နေကြောင်း သိရှိခံယူလျှင် ဘုန်းတော်ထင်ရှားအောင်လုပ်ဆောင်ဖို့ ဝန်လေးမည် မဟုတ်။ သင့်ကို ဟန့်တားသူ တားဆီးသူများ အနှောင့်အယှက်များ တွေ့ချင်တွေ့ရမည်။ ထိုအခါမျိုးတွင် မည်သို့ လုပ်ရမည်လဲ။ အဖြေကရှင်းပါသည်။ ဘုရားသခင်ထံသို့ ဝမ်းသာစကားဆိုပါ။ ဘုရားရှင်၏ အလိုတော် ပြောပြလိမ့်မည်ဟု နားလည်ပါ။ ဇာတိသွေးသားစိတ်ဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်စရာ မလိုပါ။ “စစ်မှုသည် သင့်တို့တာမဟုတ်၊ ဘုရားသခင်၏တာဖြစ်သည်” (၆ရာ ၂၀:၁၆)။ “သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာ နေကြရမည်” (ထွ ၁၄:၁၄)။

          ၃၇: သင့်ကို မတော်မတရားပြောကြမည်။ အမှားအမှား အယွင်းအယွင်း စွပ်စွဲကြသည်။ လုပ်ကြံ လီဆယ်ကြမည်။ လိမ်လည်လှည့်ဖျား၍ မမှန်မကန် ပုပ်ခတ်ကြမည်။ မည်သို့ တုန့်ပြန်မည်နည်း။ အမှုအရာအားလုံး ဘုရားရှင်ထံသို့ အပ်နှံပါ။ အထံတော်သို့ ဝကွက်အပ်နှံပါ။ သင့်ကိုယ်စား ဘုရားရှင်ကို လုပ်ဆောင်စေပါ။ သင့်တာဝန်ပေါ့သွားမည်။ သင့်တွင် အပြစ်ကင်းစင်မည်။ လိပ်ပြာသန့်မည်။ ထိုအကြောင်းကို Barnes က ဤသို့ ဆိုထားသည်။

သင့် ဂုဏ်ကျက်သရေ စော်ကားခံရ၍ အကျင့်သိက္ခာ တိမ်သလ္လာဖုံးနေလျှင်၊ သင့်အကြောင်းကို မဟုတ်မဟတ် ပြောဆိုနေကြလျှင် မည်သို့လုပ်မည်နည်း။ ဘုရားလက်ထဲသို့ အပ်နှံလိုက်ပါ။ ဘုရားရှင်က ကွယ်ကာစောင့်ရှောက်ပေးမည်။ တိမ်သလ္လာများကို ဖယ်ရှားပေးမည်။ သင့်အကျင့်စာရိတ္တများကိုလည်း နေရောင်ခြည်ကဲ့သို့ ပေါ်လွင်ထင်ရှားလာပါလိမ့်မည်။၃၄

၃၇: သင့်ဘဝလမ်းခရီးကို ကိုယ်တော်လက်ထဲသို့ အပ်နှံလိုက်ပါ။ ရှေ့ဆက်လမ်းပြရမည့်ခရီး ကိုယ်တော်ပြင်ဆင်ပေးမည်။ ကိုယ်တော်က သင့်ဝန်ထုပ်ဝန်ပိုးများကို သယ်ပိုးပေးမည်။ သို့ဖြစ်လျှင် မိမိကို ဒုက္ခပေးသူများအကြောင်း ထည့်တွက်စရာမလိုတော့ပါ။ အလျင်စလိုမဆုံးဖြတ်နှင့်။ ခြေမြန်လက်မြန် မတုန့်နှင်း ပါနှင့်။ အထံတော်သို့ ဆက်ကပ်လိုက်ပါ။

            နေ့ရက်စဉ်တိုင်း ဘဝခရီးလမ်းကို

            အလိုတော်အတိုင်း လျှောက်လှမ်းဖို့ ဆက်ကပ်ပါ။

            စိတ်နှလုံးယုံကြည်စွာ အပ်နှံပါ။

            ဘယ်သောအခါ မငြင်းပယ်၊ ပစ်ခွာမသွားပါ၊

            သတိမမူ နေမမြင်ခဲ့သည့်

            မိုက်မဲမှုတွေ ပစ်ပယ်လို့

            စိတ်ချယုံကြည်လိုက်စမ်းပါ။

            ကိုယ်တော်က တာဝန်ယူပေးပါတယ်။

T.Baird

ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကို ငံ့လင့်လော့။ ယုံကြည်သူများသည် ဘုရားသခင်ကို အားကိုးအားထား ပြုရမည့်အကြောင်း ထပ်ခါတလဲလဲ သတိပေးပါသည်။

ဘုရားရှင်ကို ယုံကြည်လော့ (ငယ်၃)

            ဘုရားရှင်၌ ဝမ်းမြောက်လော့ (ငယ်၄)

            သင့်ဘဝခရီးလမ်းကို ဘုရားထံသို့ အပ်နှံလော့ (ငယ်၅)

            ကိုယ်တော်ကို ငံ့လင့်လော့ (ငယ် ၇က)

            ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေလော့ (ငယ် ၇ခ)

            တခါတရံ ထိုအတိုင်းလိုက်နာလုပ်ဆောင်ဖို့ ခက်ခဲကြပါသည်။ ဇွဲနဘဲကြီးမားစွာ စောင့်မျှော်နိုင်ရသည်။ “ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလန်းလေ၏” (ရော ၄:၂)။

ဒါဝိဒ်က ဒုတိယအကြိမ် စိုးရိမ်ခြင်းနှင့်” ဆိုပြန်သည်။ အဘယ့်ကြောင့် ထပ်လျော့သနည်း။ လိုအပ်သဖြင့် မီးမောင်းထိုးပြသည်။ ပတ်ဝန်းကျင်၏ တိုက်ခိုက်မှုကို ဘုရားသခင်ထံသို့ အပ်နှံ၍ ဘုရားရှင်က ဖြေရှင်းပေးမည်ဟု သိရှိကြရသော်လည်း စိတ်စနိုးစနောင့်ကျန်ရှိတတ်ကြသည်။ အနယ်ထအောင် မွှေနှောက်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိကိုယ်ကို ဒုက္ခပေးခြင်း၊ ပြဿနာရှာခြင်းဖြစ်သည်။ မကောင်းသော သူများသည် မည်သို့အောင်မြင်ကျော်ကြား၍ အစီအမံများ အောင်မြင်ကြသည်ဖြစ်စေ၊ စိတ်အနှောင့်အယှက် ဖြစ်စရာမလို။ အမျက်ဒေါသဖြင့် မိမိကိုယ်ကို ရန်ပြုလာကြမည်။ ပြဿနာရှာလာမည်။ မကြားဝံ့မနာသာ စကားများကြားရမည်။ သို့ဖြင့် မိမိကိုယ်ကိုမိမိ ဒုက္ခပေးရာရောက်သွားမည်။

၃၇:၁၁ မတော်မတရား ပြုကျင့်သူများအား တရားစီရင်မည့် နေ့ရောက်ခါနီးပြီ။ ထို့နေ့ရက်တွင် ကတိတော်ပြုထားသည့်အတိုင်း ဒုစရိုက်သမားများကို ပယ်ရှင်းမည်။ သန့်ရှင်းသူများမူကား ပြည်တော်သို့ ဝင်ကြရလိမ့်မည်။ မတရားသူများ ပျောက်ကွယ်မည့်နေ့ရက် မဝေးတော့ပါ။ ထိုသူများ၏ လုပ်ဆောင်ပြုမူချက် များသည် တဖြုတ်ဖြုတ်ကြွေကျကုန်ဆုံးကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရမည်။ ယဉ်ကျေးသိမ့်မွေ့သူများသည် ပြည်တော်၏အမွေခံကြရလိမ့်မည်။ ထိုလုလင်သည် ဘယ်သောအခါရောက်လာမှာလဲ။ ကယ်တင်ရှင် ဘုရားသခင်က အသင်းတော်ကို ချီဆောင်သည့်နေရက်၊ ကိုယ်တော်ကို မျှော်လင့်သူများအား ကောင်းကင် အိမ်တော်သို့ ခေါ်ဆောင်သည့်နေ့ရက် ဖြစ်ပါသည်။ ယုံကြည်သူ ဣသရေလလူနည်းစုသည်လည်း သခင်ယေရှု ပြန်လာသည့် ထိုနေ့ရက်တွင် အထံတော်သို့ စုစည်းကြမည်။ ကိုယ်တော်က အနှစ်တထောင်လုံးလုံး ငြိမ်သက် ချမ်းမြေ့စွာ အုပ်စိုးမည်။ တောင်ပေါ်ဒေသနာတွင် ခရစ်တော်က ဘုန်းတန်ခိုးထွန်းတောက်မည့်နေ့ရက်ကို ဤသို့ ဆိုထားသည်။

စိတ်နူညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် ပြည်တော်ကို အမွေခံရလတံ့( :)

၃၇:၁၂:၁၃ ထိုကာလတွင် ဘုရားသခင်၏သားသမီးများကို ဆန့်ကျင်ကြသော ဘုရားတရားမဲ့ဝါဒီများက ကလိမ်စေ့ငြမ်းစင်ကြသည်။ ဘုရားသခင်ကို ချစ်ခင်သူများအား ပိုးစိုးပက်စက်ပြုချင်ကြသည်။ ယေဟောဝါ ဘုရားရှင်များ၏ ထိုမတရားသူများ၏ အံသွားကြိတ်သံများကို ခဏချန်လှပ်ထားသည်။ အဘယ်သို့ဆိုသော် သူ၏နေ့ရက်ရောက်တော့မည့်အကြောင်း ကိုယ်တော်သိရှိထားသည်။ ရန်သူများကို ဖိတ်ခေါ်ခြင်းမပြု၊ လက်တုန့် ပြန်ရန် မရည်ရွယ်ပါ။ ထိုအပြုအမူများသည် လောကီသားများ၏ အပြုအမူဖြစ်သည်။

၃၇:၁၄၁၅ တခါတရံ “သမ္မာတရားသည် ချောင်ထိုးခံရ၍ မမှန်မကန်ခြင်းက သရဖူဆောင်းသည်”ဟု ထင်တတ်ကြသည်။ မတရားသောသူများသည် လက်နက်ကောင်း၍ လေ့ကျင့်သား ပြည့်ဝကြသည်။ ဖြောင့်မတ် သူများထက် မတော်မတရားသူများ၏ ပြုမူလုပ်ဆောင်ချက်ကို လူသိများကြသည်။ သို့သော် ထိုအပြုအမူများသည် ပြောင်းလွယ်ပြင်လွယ်သော လျှပ်တပြက်အရေးကိစ္စသာဖြစ်သည်။ လောကနိယာမ ဖောက်ဖျက်သူများသည် လူ့ဘဝဇာတ်သိမ်းမလှကြ။ တနေ့သောအခါ အပြစ်ဒုစရိုက်များ ဗူးပေါ်သကဲ့သို့ ပေါ်လာ ကြသည်။ လူသည် မိမိအပြစ်ကို အစဉ်ထာဝရ ဖယ်ရှားနိုင်သူမဟုတ်ပါ။ ကြမ္မာရဟတ် တပတ်လည်ရစမြဲ။ ဖြောင့်မတ်သူများကို ထိုးသတ်ဖို့ကြံရွယ်သော ဓါးဖြင့် မိမိနှလုံးကို ထိုးသတ်ကြသည်။ တချိန်က အားကိုးအားထားသော လက်နက်များသည် ပျက်စီးကုန်သည်။ လေးမြှားတို့လည်း ကျိုးပဲ့ကုန်သည်။

၃၇:၁၆ မတော်မတရားသဖြင့် ရရှိသော စီးပွားဥစ္စာတောင်ပုံယာပုံထက် သမ္မာအာဇီဝဖြင့် ရရှိသော လက်တစ်ဆုတ်စာသည် ပို၍တန်ဘိုးကြီးမား၏ ဒုစရိုက်လမ်းများ၏ စည်းစိမ်ဥစ္စာထက် ဖြောင့်မတ်သူများ၏ အနည်းငယ်သော ဥစ္စာသည် အဘိုးထိုက်တန်သည်။ ယုံကြည်သူများ၏ ခရစ်တော်၌ ကြွယ်ဝချမ်းသာခြင်းသည် လောကစည်းစိမ်ချမ်းသာ ကြွယ်ဝခြင်းဖြစ်ကြောင်း ဟေဗြဲ ၁၃:၅ တွင် “သင်တို့၏ပြုမူကျင့်ကြံခြင်းသည် ငွေကို တပ်မက်ခြင်းနှင့်ကင်းလွတ်၍ ကိုယ်၌ရှိသော ဥစ္စာရောင့်ရဲခြင်းရှိလော့ဟု ဆိုထားသည်။

၃၇:၁၇၁၈ မတရားသူများ၏ လက်နက်ကရိယာများတွင် ကျိုးပဲ့ပျက်စီးလိမ့်မည်။ ဖြောင့်မတ်သူများ မူကား တည်ကြည်ခန့်ညားမည်။ ဘုရားသခင်၏ဘုန်းတန်ခိုးကို သိမြင်ရကြမည်။ နောက်ဆုံးတွင် ဖြောင့်မတ်သူ များသည် အသိအမှတ်ပြုခြင်း ခံကြရမည်။ အမွေတော်ခံကြရမည်။ ထိုအမွေသည် ယိုယွင်းပျက်စီးခြင်းမရှိ။ ချို့ယွင်းခြင်းမရှိ။ ဘုရားသခင်ကို ယုံကြည်ခြင်း ဘုန်းတန်ခိုးဖြင့် ကယ်တင်ခြင်းရရှိသူများဖြစ်၍ နောက်ဆုံး ကာလတွင် အဖြေမှန်တွေ့ရှိကြသည် (၁အေ ၁:၄-၅)။

          ၃၇:၁၉ အခက်အခဲအဖြစ် အကြပ်အတည်းကာလ ရောက်လျှင်လည်း ယုံကြည်သူများသည် အရှက်ကွဲခြင်းမရှိရ။ သိုလှောင်ဝှက်ထားသော အားအင်ထုတ်ဖော်ကြရမည်။ ခဲယဉ်းသောကာလ၌လည်း သီးသန့် ပျော်ရွှင်ကြွယ်ဝကြရမည်။ မိမိတို့ဘဝတခုလုံးကို ဆက်ကပ်အပ်နှံထားကြသဖြင့် စပါးကျီ၌ စပါးမရှိလျှင်လည်း တွေးမပူကြ။ ကန္တာရတောနက်လွင်ပြင်ကာလ၌ပင် စားပွဲခင်းပေးသော ဘုရားရှင်ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ အံ့သြဘွယ်ရာ ကျွေးမွေးထောက်ပံ့ပုံ ရရှိကြသည်။ ကောင်းကင်မှ လျှို့ဝှက်မန္နမုန့် ရရှိကြသည်။

၃၇:၂၀ မတရားသောသူများမူကား ပျက်စီးကြလိမ့်မည်။ ဆာလံဆရာက ဘုရားသခင်၏ရန်သူများ အတွက် အသုဘကြေးစည်သံကြားနေရပြီဟု ဆိုသည်။ ထိုသူများ မတော်မတရားပြုသူများ၊ ဒုစရိုက်ပြုသူများ ဘနဖူးသိုက်တူးသူများ၊ မကောင်းမှု၌ မွေ့လျော်သူများ၊ ဘုရားသခင်၏သားသမီးများကို ကျိန်ဆဲသူများ၊ မကောင်းကြံစည်သူများ ဖြစ်သည်။ ဤဆာလံကျမ်းတွင် မတရားသောသူဟူသော စကားလုံးကို (၁၄)ကြိမ် တိုင်တိုင် သုံးနှုန်းထားသည်။ သတိထားရမည့် ဝေါဟာရဖြစ်သည်။

ဘုရားသခင်၏ရန်သူများသည် စားကျက်မြေကို ဖျက်ဆီးသူများ အဖျက်အမှောက်သမားများဖြစ်သည်။ တောရိုင်းပန်းများကဲ့သို့ တမနက်ခင်းသာခံကြသည်။ နေမွန်းတည့်ပြီးလျှင် ညှိုးနွမ်းခြောက်သွားကြသည်။ မီးခိုးမီးငွေ့များကဲ့သို့ ကွယ်ပျောက်ကြသည်။

၃၇:၂၁ မတရားသောသူများသည် ချေးငှါးကြသော်လည်း ပြန်ပေးရကောင်းမှန်း မသိကြ။ နမော် နမဲ့နေကြသကဲ့သို့ ပြန်မဆပ်လိုခြင်းလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ပြန်မဆပ်ချင်ကြသနည်း။ ပြောရမည် ဆိုလျှင် အကြောင်းပြချက် ကျယ်ပြန့်သည်။ ငွေကို တပ်မက်ခြင်းသည်။ သူတပါးပစ္စည်းငှါးရမ်းခြင်းဖြင့် သူ့အားနည်းချက်ကို ဖုံးကွယ်သည်။

ဖြောင့်မတ်သူများသည် စေတနာသဒ္ဒါထက်သန်ကြသည်။ ရရှိခြင်းထက် ပေးကမ်းခြင်း၌ ဝမ်းသာ ကြသည်။ အမှန်တကယ် ပေးကမ်းလှူဒါန်းချင်သော ယုံကြည်သူသည် မပေးကမ်းဘဲ လက်မတွန့်။ ထိုအကြောင်းကို ရှင်ပေါလုက ဤသို့ဆိုထားသည်။

စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်တော်မူ၏။ ကျမ်းစာလာသည်ကား လူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ“(၂ကော :)

            ၃၇:၂၂ ဖြောင့်မတ်သူနှင့် မတရားသောသူတို့၏ ဘုရားသခင်ဆက်ဆံပုံသည် ကံဇာတာမတူညီကြပါ။ ယုံကြည်သူများသည် ကောင်းချီးမင်္ဂလာခံစားကြ၍ အမွေတော်မြေခံစားကြသည်။ ဘုရားပေး ကယ်တင်ခြင်းကို လက်မခံငြင်းဆန်သူများသည် ကျိန်ခြင်းအမင်္ဂလာသင့်ကြသည်။ ပျက်စီးသွားကြလိမ့်မည်။

၃၇:၂၃၂၄ လူကောင်းသူကောင်းတို့၏ ခြေလှမ်းများကို ဘုရားရှင်က ပဲ့ပြင်ပေးသည်။ ဤကျမ်းချက်မှ ကောင်းသောသူဆိုသည်မှာ သာမန်ပုံမှန်အနေအထားကို ဆိုလိုသည်မဟုတ်။ ဘုရားသခင်နှင့် အစဉ်မပြတ် မိတ်ဖွဲ့သူကို ရည်ညွှန်းသည်။ သို့ကြောင့်လည်း လှုပ်ရှားသွားလေရာတိုင်း၌ မင်္ဂလာရှိသည်။ စုံစမ်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း မတော်တဆခံရလျှင်လည်း စုန်းစုန်းမမြှုပ်။ နိဂုံးမချုပ်။ ဘုရားရှင်က လက်တော်ဖြင့် ထူမပေးသည်။ အပြစ်ထဲသို့ လိမ့်ကျလျှင်လည်း ဘုရားရှင်က ပစ်ပယ်မထား။ ခွေးကျဝက်ကျမကျ။ ကြောင်ကျ ကျသည်။ ပြန်လည်ခေါင်းမော့ ထူထောင်သည်။

၃၇:၂၅ ယခုအချိန်တွင် ဒါဝိဒ်သည် အိုမင်းရင့်ယော်နေပြီ။ ဖြောင့်မတ်သူသည် သူကိုယ်တိုင်သော်၎င်း သူ့သားမြေးများသည်သော်၎င်း ဘယ်သောအခါ လက်ဖြန့်တောင်းစားကြသည်ဟုမရှိ ထိုအချက်ကို အချက်(၂)ချက်ဖြင့် နာကျင်နိုင်သည်။ ပထမအချက်မှာ ဖြောင့်မတ်သူသည် လမ်းဘေးသို့ မရောက်နိုင်။ ဒုတိယ အနေဖြင့် ယေဘုယျနိယာမအဖြစ် ဆိုလိုခြင်းဖြစ်နိုင်သည်။ ဝိညာဉ်ရေးရာ နိယာမအဖြစ် ပြဌာန်းခြင်းဖြစ်သည်။ ချို့ယွင်းချက်မရှိဟု မဆိုနိုင်ပါ။

၃၇:၂၆ ဖြောင့်မတ်သူ၏ သားမြေးများသည် တောင်းရမ်းခြင်း မရှိကြသည့်အပြင် စေတနာသဒ္ဒါ ရက်ရောစွာ ပေးကမ်းစွန့်ကြဲကြသည်။ စကားတော်လာသည့်အတိုင်း လုပ်ဆောင်သမျှတိုင်း၌ အကျိုး ဖြစ်ထွန်းကြသည်။ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြသည်။ အလုပ်ကြိုးစား ပမ်းစားလုပ်ဆောင်သည်။ သုံးစွဲလျှင်လည်း စည်းစနစ်ကျသည်။ ဖြုန်းတီးခြင်းမရှိ။ လေလိုက်ခြင်းမပြု။ ငွေကြေးချို့တဲ့သူများကို စည်းစနစ် တကျ ကူညီစေသည်။ သားသမီးများသည်လည်း မိဘ၏အကျင့်ကောင်းကို အမွေခံကြရ၍ မင်္ဂလာရှိကြသည်။ ဘဝသာယာစိုပြေကြသည်။

၃၇:၂၇ ဤကျမ်းပိုဒ်သည် ကယ်တင်ခြင်းရရှိရန် သွန်သင်စရာ ကျမ်းပိုဒ်ပေါင်းများစွာအနက် ကျမ်းပိုဒ် တခုဖြစ်သည်။ ဧ ၂:၈-၁၀၊ တိ ၃:၂ တို့နှင့် မသက်ဆိုင်ပါ။ ကယ်တင်ခြင်း အမှန်တကယ်ရရှိသူသည် အကျင့် ကောင်းရှိသည်။ ယုံကြည်ခြင်းသစ္စာရှိသူသည် အမြဲတမ်းအကျင့်သီလ ကောင်းမွန်သည်။

၃၇:၂၈ ထာဝရဘုရားသခင်သည် တရားမျှတမှုကို နှစ်သက်သည်။ ကိုယ်တော်၏သန့်ရှင်းသူများသည် တရားမျှတစွာရှိကြသဖြင့် ကွယ်ကာစောင့်ထိန်းသည်။ သို့သော် တရားမျှတသဖြင့် ထာဝရအသက်ရရှိသည်ဟု မဆိုလို။ ခရစ်တော်အသေခံခြင်းကို ယုံကြည်ကိုးစားကြသောကြောင့် ထိုသို့ယုံကြည်ခြင်းကို ဘုရားရှင်က ဂုဏ်ပြုသည်။

ဆာလံဆရာက ယုံကြည်သူများ၏ ဘဝအိုးအိမ်လုံခြုံရေးကို အားပေးနှစ်သက်သည် ငယ် ၁၀:၂၄၊၂၈၊ ၃၃ တို့ကို ကြည့်ပါ)။ ယေရှုခရစ်တော်ကို ယုံကြည်ကိုးစား၍ အသစ်တဖန်မွေးဖွားသူများသည် ဘုရားသခင်၏စကား တော်ကို နာခံကြသည်။ နာခံကြသည့်အတိုင်း ထာဝရကယ်တင်ခြင်း ရရှိကြသည်။ ထိုအကြောင်းကို F.W.Dixon က ဤသို့ ဆိုထားသည်-

ကယ်တင်ခြင်းစိတ်ချမှု ရရှိသူသည် နှုတ်ကပတ်တော်ကို တသွေမတိမ်းလိုက်နာသည်။ ယုံကြည်သည်။ ဘုရားသခင်က သင့်ကို ငါပိုင်ဆိုင်သည်ဟု အပြောခံရသူများသည် ဘဝလုံခြုံကြသည်။ ဘယ်သောအခါမှ ပစ်ခွာမသွား။ တိုးတက်ဖွံ့ဖြိုးစေသည်။

ဖြောင့်မတ်သူများသည် အချိန်နှင့်အမျှ ကြီးပြင်းရသကဲ့သို့ မတရားသူများ၏ သားသမီးများသည် ပယ်ရှင်းခြင်းခံရသည်။  ကယ်တင်ခြင်းမရရှိသူများ၏ ဘေးကြမ္မာသည် စဉ်းစားဘွယ်ရာမရှိ။ ဘုရားသခင်ထံမှ ကွေကွင်းသူများ၊ ခရစ်တော်ထံမှ အနေဝေးသူများသည် ဘဝမျှော်လင့်ချက်မဲ့သူများဖြစ်သည်။

၃၇:၂၉ ဣသရေလတို့၏ အန္တီမရည်မှန်းချက်မှာ မေရှိယအုပ်စိုးသော နိုင်ငံတော်မှာ ဝင်စားခြင်းဖြစ်သည်။ ယုံကြည်သူယုဒများကလည်း ကောင်းကင်နိုင်ငံကို မျှော်လင့်ကြသည် (ဟေဗြဲ ၁၁:၁၀)။ ဓမ္မဟောင်းကာလ ကောင်းချီးမင်္ဂလာမှာ ရုပ်ဝတ္ထုပစ္စည်း စည်ပင်ဝပြောခြင်း၊ ရွှေပဒေသာပင် ပေါ်ထွန်းခြင်းဖြစ်သည်။ ဖြောင့်မတ်သူများ ထာဝရစိုးစံမည်ဟု ဆိုသောအခါ ခရစ်တော်၏အနှစ်တထောင်တိုင်းပြည်ဟု နားလည်ရသည်။ ထိုမှတဆင့် ထာဝရနိုင်ငံတော်သို့ ဆက်ကူးရသည်။ ဗျာ ၂၁:၁ ပါ ဣသရေလတို့ အမွေခံမည့်မြေကြီးသစ်မှာ စာပေကျမ်းဂန်လာ ထာဝရပိုင်ဆိုင်မည့် ကတိတော်စကားဖြစ်သည်။

ဖြောင့်မတ်သူများနှင့် မတရားသူများ၏ ဖီလာဆန့်ကျင်ပုံကို ရှေ့ဆက်လေ့လာကြည့်ကြပါစို့။

၃၇:၃၀၃၁ ဖြောင့်မတ်သူ၏ စကားသည် ပညာပါရှိသည်။ ပြောသမျှသည် ခိုင်မာသည်။ သြဇာရှိသည်။ နှစ်လိုဘွယ်ရှိသည်။ တရားမျှတစွာပြောဆိုသည်။ လိမ်လည်လှည့်ဖျားခြင်း၊ တဘက်ဆန်ခြင်းမရှိ။ နှုတ်ကပတ် တော်ကို အမြဲဆင်ခြင်သည်။ ခြေမချော်မိစေရန် အစဉ်သတိပြုသည်။ ထိုအကြောင်းကို ဆရာကြီး Spurgeon က ဤသို့ ဆိုသည်-

သူ့အတွက်

အကောင်းဆုံးသည်– ဘုရားသခင်၏တရားတော်

အကောင်းဆုံးနေရာသည်– စိတ်နှလုံး

အကောင်းဆုံး အသီးအပွင့်သည်– မချော်တတ်

သောခြေလှမ်းများဖြစ်သည်။

၃၇:၃၂၃၃ မတရားသောသူများလည်း ဖြောင့်မတ်သောလူများကို အစဉ်ချောင်းမြောင်းသည်။ ဖျက်စီးဖို့ကြံစည်သည်။ သို့သော် ယေဟောဝါဘုရားရှင်က ဖြောင့်မတ်သူကို မတရားသောသူများ၏ လက်ထဲသို့ ပစ်စလက်ခတ် မကျရောက်စေပါ။ မတော်မတရားသဖြင့် စစ်ဆေးစုံစမ်းခြင်းခွင့်မပြု။ ဘုရားသခင်သည် သူ့လူများကို အစဉ်သဖြင့် ပဲ့ပြင်လမ်းပြ၍ စောင့်ထိန်းကွယ်ကာသည်။

၃၇:၃၄ သို့ကြောင့် အကောင်းဆုံးသော နည်းလမ်းမှာ ဘုရားရှင်ကို ယုံကြည်ခြင်း(စောင့်မျှော်ခြင်း)နှင့် နာခံခြင်း (လိုက်လျှောက်ခြင်း)ဖြစ်သည်။ ယေရှုခရစ်တော်ထံမှလွဲ၍ ပျော်ရွှင်ခြင်း အစစ်အမှန်မရှိ။

ဆာလံဆရာက ပြည်တော်ကို အမွေခံကြရမည့်အကြောင်း (၆ ကြိမ်တိုင်တိုင်) ကတိပေးထားသည်။ အာမခံချက်ထပ်ပေးထားသည်။ မတရားသောသူများ ပျက်စီးသည့်အခါ ယုံကြည်သူများသည် ထိုမြင်ကွင်းကို ကြည့်၍ ပျော်ရွှင်ကြသည်မဟုတ်။ အပြစ်တရားစီရင်ခြင်းမှ လွတ်မြောက်ကြသည်မှာ သေချာသည်။

၃၇:၃၅ ဒါဝိဒ်က လူ့ဘဝကို လူသားအမြင်ဖြင့် တဖန်ကြည့်ရှုသည်။ မတော်မတရားလူဆိုးများသည် မြေသြဇာကောင်းသော အရပ်မှာပေါက်ရောက်သည့် သစ်ပင်ပမာ စိမ်းစိုနေကြသည်။ ထိုသစ်ပင်သည် တစ်ခြားနေရာသို့ ရွှေ့ပြောင်းခြင်းမရှိဘဲ ရှိရာအရပ်မှာ ကြီးထွားသည်။ မတရားသောသူသည်လည်း မိမိ ပတ်ဝန်းကျင်မှာ ဗိုလ်ကျမင်းမူတတ်သည်။

၃၇:၃၆ ဒါဝိဒ်သည် နောက်တဖန် ထိုသူတို့ကို ထပ်ဖြည့်သည်။ သို့သော် ရှာမတွေ့။ မျက်စိတမှိတ် လျှပ်တပြက်တွင် ပျောက်ကွယ်သွားလေပြီ။ ရွေ့လျားပျောက်ကွယ်သွားလေပြီ။ လူ့လောကစည်းစိမ်ချမ်းသာသည် မျက်လှည့်မျိုး။ တန်ခိုးအာဏာသည်လည်း ခဏတဖြုတ်သာ တည်တံ့သည်။ လူအသက်နည်းတူ ဥစ္စာပစ္စည်းသည် လည်း ခဏသာခံသည်။

၃၇:၃၇၃၈ ဆာလံဆရာက ဖြောင့်မတ်သူနှင့် မတော်မတရားပြုကျင့်သူ၏ ခြားနားချက်ကို ပိုင်းခြား ပြထားသည်။ လူ့စည်းစိမ်အမှန်သည် ငြိမ်သက်ချမ်းမြေ့ခြင်းသုခဖြစ်၍ လူဆိုးများ၏ အနာဂတ်သည် ပယ်ရှင်း ခြင်းဖြစ်သည်။ မကောင်းသောသူဖြစ်စေ၊ ကောင်းသောသူဖြစ်စေ၊ အနာဂတ်အရေးရှိကြသည်။ နောင်လာ နောက်သား သားသမီးရှိကြသည်။ လူကောင်းသားသမီးများသည် အဆုံးသတ်လှပကြ၍ မတရားသူများ၏ ကတိသည် မနက်ဖြန်တွင်ပင် မသေချာ။

၃၇:၃၉၄၀ ဖြောင့်မတ်သူများ၏ ဧရာမအရေးအရာမှာ ဘုရားသခင်နှင့် အစဉ်မပြတ် မိတ်ဖွဲ့ခြင်း ဖြစ်သည်။ ဘေးဒုက္ခ ရောက်သောကာလ၌ ကယ်တင်သောအရှင်ဖြစ်သည်။ သို့ကြောင့် ခရစ်ယာန်များက တလောကလုံး “ဘုရားသခင်”ဟု တဖွဖွပြောဆိုကြသည်မှာ အံ့သြဖွယ်ရာမဟုတ်။ ကိုယ်တော်က ကူညီမစသည်။ ဘေးရန်မှ ကွယ်ကာသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်ကို လုံးလုံးလျားလျားတည်မှီကြသည်။ အသင် စာရှုသူ ယခုအချိန်မှာ ဘယ်လိုနေပါသလဲ၊ ဘေးဒုက္ခပြဿနာကြုံတွေ့နေပါသလား။ ကိုယ်တော်ကို ယုံကြည် အားကိုးလိုက်ပါ။ ကိုယ်တော်က အတွေ့ခံ အဖြေမှန်ပေးပါလိမ့်မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။