ဆာလံကျမ်း - ၂၈

ကူမတော်မူရန်ဆုတောင်း
1အကျွန်ုပ်၏ကျောက်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲနေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူကဲ့သို့ ဖြစ်ရပါမည်။ 2အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ် တောင်းလျှောက်သောအသံကို နားထောင်တော်မူပါ။ 3အိမ်နီးချင်း၏အကျိုးကို ဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ်သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။ 4သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့်အလျောက် စီရင်တော်မူပါ။ 5သူတို့သည် ထာဝရဘုရား၏အမှုတော်ကိုလည်းကောင်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကိုလည်းကောင်း မမှတ်ကြသောကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
6ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 7ငါတောင်းလျှောက်သောအသံကို နားထောင်တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကိုငါချီးမွမ်းမည်။ 8ထာဝရဘုရားသည် မိမိလူစု၏ခွန်အားဗလဖြစ်တော်မူ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။ 9ကိုယ်တော်၏လူစုကိုကယ်တင်၍၊ အမွေတော်ကို ကောင်းချီးမင်္ဂလာပေးတော်မူပါ။ သူတို့ကို အုပ်ထိန်း၍၊ ထာဝရချီးမြှောက်ခြင်း ရှိစေတော်မူပါ။

ဆာလံကျမ်း - ၂၈ (အနက်ဖွင့်)

ဆာ ၂၈၊ ဘုရားရှင်တော် ရေငုံနှုတ်ပိတ်ခြင်း

    ၂၈:၁-၂  ကိုယ်တော်တပါးတည်းကိုသာ ခေါ်ကြသည်။ ကိုယ်တော်ကိုသာ အားကိုးကြပါသည်။ ကိုယ်တော်သာ လျှင် အကျွန်ုပ်ခိုလှုံရာအကွယ်အကာကျောက်ဆောင်ဖြစ်၍ ဘေးကင်းလုံခြုံရာဖြစ်သည်။ ခွန်အားရယူရာဖြစ်   သည်။ အကျွန်ုပ်ဆုတောင်းသံများကို မကြားချင်ယောင်မဆောင်ပါနှင့်။ မကြားချင်ယောင်ဆောင်လျှင် လူဆိုးတို့ ၏သေတွင်းထဲသို့ ရောက်သွားပါလိမ့်မည်။ ကိုယ်တော်နှင့် မခွဲခွာပါရစေနှင့်။ သန့်ရှင်းသော ဗိမာန်တော်ထဲတွင် လက်များချီးမြှောက်၍ ဆုတောင်းနေပါသည်။ ဆုတောင်းသံများကို နားညောင်းတော်မူပါဘုရား။

၂၈:၃   လူဆိုးသူယုတ်တို့၏ လက်ထဲသို့ဘယ်သောအခါမှ မပစ်ပယ်ပါနှင့်။ သူတပါးကိုဖျက်ဆီးလိုသည့်အခါ မှမပစ်ပယ်ပါနှင့်။ သူတပါးကို ဖျက်ဆီးလိုသည့်အခါ သကာလူးသောအဆိပ်စကားပြောတတ်သူများ၊ အိမ်နီးချင်း များကို အပေါ်ယံကြောပေါင်း၍ ဖျက်ဆီးပြုသူများ လက်ထဲသို့ မပစ်ပယ်ပါနှင့်။

    ၂၈:၄ ကိုယ်တော်ဘုရား၊ထိုသူများကို သူတို့ပြုမူပြောဆိုသည့်အတိုင်း ရိတ်သိမ်းကြပါစေ။ ဆိုးသွမ်းယုတ်ညံ့ ကြသည့်အတိုင်း ကံတူအကျိုးပေးကြပါစေ။  ကာယကံမြောက်လုပ်ဆောင်ကြသည့်အတိုင်းပြန်ဆပ်တော်မူပါ။ အပြစ်ပြုကြသည့်အတိုင်း အပြစ်၏အဖိုးအခရကြပါစေသော်။

၂၈:၅  ထိုသူများ၏ပြုမူလုပ်ဆောင်မှုများသည်ကိုယ်တော်၏ အမူတော်နှင့်မသက်ဆိုင်ကြ။ လက်တော်ရာ ကိုလည်း ဆန့်ကျင်ဖီလာကြသည်။ နောက်တဖန် နလံမထူနိုင်အောင် ဖြိုဖျက်တော်မူပါဘုရား။

    ၂၈:၆  အကျွန်ုပ်ဆုတောင်းသောအခါ သန့်ရှင်းဝိညာဉ်တော်က အံ့ဩဘွယ်ရာ လုံခြုံစိတ်ချမှုပေးသည်။ ဆုတောင်းစကားများကို အဖြေပေးသည်။ ထို့ကြောင့်လည်းကိုယ်တော်ကို ကောင်းချီးမင်္ဂလာပေးပါသည်။ ကိုယ်တော်အတွက် သီချင်းစပ်ဆိုပါမည်။

၂၈:၇-၈  ဤကျမ်းပိုဒ်ကို ဆရာကြီးတပါးက ဤသို့ပြန်ဆိုထားသည် –

ကိုယ်တော်သည် အကျွန်ုပ်၏ ခွန်အား၊ အကျွန်ုပ်၏အကွယ်အကာ

ကိုယ်တော်ထံသို့ စိတ်နှလုံး ဒုန်းဒုန်းချပါ၏။

အကျွန်ုပ်ကို ကူညီမစသောကြောင့်၊စိတ်နှလုံး ချမ်းမြေ့ပါ၏။

တဖွားဖွား ကျေးဇူးတင်ပါသည်။

ကိုယ်တော် ရွေးကောက်ထားသောသူများ၏ ခွန်အားတည်ရာအရင်းအမြစ်။

ကိုယ်တော်ဘိသိတ်ပေးသောသားတော်ဖြင့် ခွန်အားဖြစ်စေတော်မူပြီ။

၂၈:၉  အကျွန်ုပ်အား ကယ်နှုတ်တော်မူမည်ဟု ကတိတော်ပြုခဲ့သည့်အတိုင်း ဆုတောင်းပါသည်။ ကိုယ်တော၏လူများကို ကယ်မတော်မူပါ။ ကိုယ်တော်၏ အမွေတော်ခံဖြစ်ကြသော ဣသရေလလူမျိုးသို့ ကောင်းချီးချပေးတော်မူပါ။ ကိုယ်တော်သည် ကောင်းမြတ်သည့်သိုးထိန်းကြီး ဖြစ်တော်မူသည့်အတိုင်း ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်တော်မူပါ။ တောင်တော်အောက်မှာ ကာလစဉ်ဆက်သို့ဝှက် သိမ်းတော်မူပါ။ ကိုယ်တော်၏ ကျေးဇူးတော်ကြီးမားလှပေစွ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။