ဆာလံကျမ်း - ၂၇

အလင်းနှင့်ကယ်တင်ရှင်
1ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။ 2ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကိုကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍လဲကြ၏။ 3ငါ့တစ်ဖက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံးမကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
4ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။ 5အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည်ကာလ၊ တဲတော်တွင် ငါ့ကို ကွယ်ကာတော်မူမည်။ ဗိမာန်တော်အတွင်းအရပ်၌၊ ငါ့ကိုဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။ 6ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
7အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကိုသနား၍ ထူးတော်မူပါ။ 8ငါ၏မျက်နှာကိုရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာကိုရှာပါမည်။ 9အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ကျွန်ကို ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဖူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ 10ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။ 11အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ 12မမှန်သောသက်သေကိုခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။ 13အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ငါတွေ့မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။ 14ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။

ဆာလံကျမ်း - ၂၇ (အနက်ဖွင့်)

ဆာ ၂၇၊ ယေရှုအဖမ်းခံခြင်းနှင့် စစ်ဆေးခြင်း

ဆာ ၂၇ သည် ကရာနီတောင်ကုန်းအရေးရောက်ခါနီးတွင် သခင်ယေရှု၏အတွေးအခေါ်များ ကျက်သရမင်္ဂလာရှိသော စကားများဖြစ်သည်။

၂၇:၁  ဥပမာအားဖြင့် ယဇ်ပုရောဟိတ်အကြီးအကဲ၊ဗိမာန်တော်မှူး၊ လူကြီးသူမများ သခင်ယေရှုကို ဖမ်းဖို့ ကေသရှေမန်ဥယျာဉ်သို့ ဝင်ရောက်လာသည့်အခါ ခရစ်တော်က ῝ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မှိက်တန်ခိုးလည်းဖြစ်၏῞ (လု ၂၂:၅၃)ဟု ဆိုသည်။ ထိုအချိန်ကာလအခိုက်အတန့်တွင် ဤသို့သူ့ကိုယ်သူ နှိမ့်သိမ့်နေပေမည်  –

 ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်

     အဘယ်သူကို ကြောက်ရအံ့နည်း

     ထာဝရဘုရားသည် ငါ၏အသက်ခိုလှုံရာဖြစ်တော်မူ၏

     အဘယ်သူကို ကြောက်ရအံ့နည်း

     ဘုရားသခင်သည် အလင်းဖြစ်တော်မူသောကြောင့် အမှောင်ရောက်လည်းလမ်းအပျောက် ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်တော်မူသောကြောင့်လူ့ဘောင် လောကရန်သူများမှ ကယ်နှုတ်ပေးသည်။ ဘုရားသခင်သည် ဘဝမုန်တိုင်းခက်ထန်သည့် အဖြစ်ဆိုးမျိုးတွင် အသက်ခိုလှုံရာ၊ ကွယ်ကာရာဖြစ်သည်။ ထိုသို့ သော ခိုလှုံအားထားရာမှန်လျှင် အဘယ်အမှုအရာကို ကြောက်ရအံ့တော့နည်း

၂၇:၂  သခင်ယေရှုကို ဖမ်းဆီးဖို့ချဉ်းကပ်လာကြသည့်အခါ ကိုယ်တော်က “မည်သူ့ကို ရှာဖွေကြသနည်း” ဟုမေးသည်။`နာဇရက်သားယေရှု’ဟုပြော ကြသောအခါ မဆိုင်းမတွေ့ဘဲ “ငါပဲ”ဟု ပြောလိုက်သည်နှင့် ရန်သူများသည် မြေကြီးပေါ်သို့ ဗိုင်းကနဲပက်လက်လန်လဲကျသွားကြသည် (ယော ၁၈:၆)။ ထိုအခိုက်တွင် ဤသို့ စဉ်းစားအတွေးဝင်ပါလိမ့်မည် –

ငါ့ကို အငြိုးထားသော ရန်သူလူဆိုးတို့သည်ငါ့အသားကို ကိုက်စားဖို့လာကြ၏

    သို့သော်လည်းရန်သူများသည် ခြေကုတ်မိ၍လဲကြ၏။

    ကြက်ကလေး၊ ငှက်ကလေးဖမ်းသကဲ့သို့ ဖမ်းချင်ကြပေမည်။ ဘုရားသခင်၏ ဇာတိတော်က “ငါ”ဟုဆိုသော အခါ ဘုန်းတန်ခိုးအရှိန်အဝါကို မခံမရပ်နိုင်ကြသောကြောင့် နောက်ပြန်ပစ်လဲကြပေမည်။

၂၇:၃  သခင်ယေရှုကို ဖမ်းဆီးဖို့ ဂေသရှေမန်ဥယျာဉ်ထဲသို့ ရောက်လာသူများသည် စစ်တပ်အင်အားအလုံး အရင်းလိုက်ဖြစ်သည်။ ယဇ်ပုရောဟိတ် အကြီးအကဲများ အရာရှိမင်းများ၊ ဖါရီရှဲများပါဝင်ကြသည်။ မီးဒုတ်မီးအိမ် များနှင့် လက်နက်ကိုယ်စီ ဆွဲကိုင်ကြသည် (ယော ၁၈:၃)။ ထိုသူများကို ကြည့်ရှုတွေ့မြင်သောအခါ သခင်ခရစ်တော်သည် ဤသို့အတွေးရဲသည် –

ငါ့တဘက်၌တပ်ချကြသော်လည်း ငါ့နှလုံးမကြောက်တတ်။

   စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင်တည်ကြည်သော စိတ်ရှိလိမ့်မည်။

    ၂၇:၄  ကမူးရူးထူးပေတရုက သူ့သခင်ကိုကာကွယ်သည့်အနေဖြင့် ယဇ်ပုရောဟိတ်၏ကျွန်မာလခု၏ နားရွက်ကို ခုတ်ဖြတ်သည်။ ထိုစဉ်အခါတွင် သခင်ယေရှုက ပေတရုအား “ခမည်းတော်ကမ်းပေးသော ခွက်ဖလားကိုမသောက်ရဘူးလား”ဟုဆိုပေမည်။ ကိုယ်တော်၏ ပထမဦးစားပေးတစ်သည်ခမည်းတော်ဘုရား၏ အလိုတော်ဖြည့်ဆည်းရေးဖြစ်သည်။ လက်ဝါးကပ်တိုင်လမ်းကို ကျေနပ်သည်။ အရှက်အကြောက်နှင့် ဆင်းရဲဒုက္ခသို့ အဆင်သင့်ပြင်ဆင်ထားပြီ။ ထို့ကြောင့် ဤသို့ဆိုနိုင်ပေသည် –

ထာဝရဘုရား၏ တင့်တယ်ခြင်းအသရေတော်ကို ဖူးမြင်၏

    ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါထာဝရဘုရား၏အိမ်တော်မှာ တသက်လုံးနေရမည့်အကြောင်းတည်းဟူ သောအခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။

    ထိုအခွင့်ကို ရှာရဦးမည်။

    လူအချို့သည်မြင်ကြသည်။ ပြန်၍လိုချင်ကြသည်။ လိုချင်၍ ရှာဖွေရယူကြသည်။ ရယူသည့်အတိုင်းခံစားကြ သည်။

၂၇:၅  နောက်ဆုံးတွင် စစ်သားများနှင့် ယုဒအရာရှိများက သခင်ယေရှုကို ဖမ်းဆီးကြသည် (ယော ၁၈:၁၂)။ ပွဲကြည့်ပရိတ်သတ်များက ယေရှုကိုအရှုံးပေးကြသည်။ ထိုအချိန်ကာလတွင် သခင်ယေရှုက ဤသို့ဆိုပါလိမ့်မည်။

“ဘေးအန္တရာယ်ရောက်သည့်ကာလထဲတော်တွင် ငါ့ကိုကွယ်ကာတော်မူမည်။

    ဗိမာန်တော်တွင်းအရပ်၌ ငါ့ကိုဝှက်ထားတော်မူမည်။

    ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။

    သခင်ယေရှုသည် ရန်သူများဘေးရန်ဝိုင်းသော်လည်း အလျဉ်းကြောက်ရွံ့ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် အဘခမည်းတော်က ချစ်ခင်မြတ်နိုးမှန်းသိသည်။ ကွယ်ကာလုံခြုံစေမည့် ကတိတော်ကိုလည်း ရရှိထားသည်။

၂၇:၆  စစ်သားများက ခရစ်တော်အားယဇ်ပုရောဟိတ်ကြီးက ယာဖထံသို့ ခေါ်ဆောင်သွားကြသည်(မ၂၆:၂၇)။ ထိုကယာဖသည် ယုဒလူမျိုးများကိုယ်စားတစုံတဦးက အသေခံလျှင်ပို     ကောင်းသည်ဟုနိမိတ်ဖတ်သောသူဖြစ်သည် (ယော ၁၈:၁၄)။ ရန်သူများက ခရစ်တော်အား ကောင်းကင်နှင့်မြေကြီး ကြားတွင်မြှောက်ထားဖို့ ကြံစည်ကြသော်လည်း သခင်ယေရှုကိုယ်တိုင်က တမျိုးစဉ်းစား ထားသည်။

ယခုပင်ငါ့ပတ်လည်၌ရှိသော ရန်သူတို့အပေါ်သို့

    ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မှု၏။

    ထိုကြောင့် ဗိမာန်တော်မှာတံပိုးမှုတ်ခြင်းနှင့်တကွပူဇော်မည်။

    သီချင်းဆိုပါမည်။

    ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။

    အဘယ်မျှအကောင်းမြင်ဝါဒရှိပါသလဲ။သူ့ကိုသေဒဏ်ပေးဖို့ဖမ်းဆီးမေးမြန်းစစ်ဆေးနေကြကြောင်းကိုယ်တော်သိရှိသည်။ သို့သော်လည်း စိတ်ရွှင်လန်းဝမ်းမြောက်သည်။ ကယာဖသို့ဆိုခဲ့သည်မဟုတ်လား။ “နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျှက်၊ မိုးတိမ်ကိုစီး၍ကြွလာသည်ကို မြင်ရကြလတံ့” (မ၂၆:၆၄)။

၂၇:၇-၈  ယဇ်ပုရောဟိတ်ကြီးက သခင်ယေရှုအား အပြစ်စကားဆိုနေပြီ။ ဘုရားကိုစော်ကားသည်ဟုဆို    သည်။ ‘ပရိတ်သတ်များကိုကြည့်စမ်း၊ ဘယ်လိုထင်လဲ’ဟု ပြောပါလိမ့်မည်။ ထိုအခိုက်အတန့်တွင် ခရစ်တော်သည် ဘုရားရှင်ထံဘက်သို့ ရင်ထဲမှဆုတောင်းပါလိမ့်မည်။

အို..ထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။

    အကျွန်ုပ်မျက်နှာကို ရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌အကျွန်ုပ်သည် သတိပြုလျှက်၊

    အိုထာဝရဘုရား၊ ကိုယ်တော်မျက်နှာကို ရှာပါမည်။

    ၂၇:၉  ထိုသို့ဖြစ်သည်နှင့်တပြိုင်နက် တပည့်တော်များက စွန့်ခွာထွက်ပြေးသွားကြသည်(မ၂၆:၅၆)။ ဘုရားရှင်တော်ကမူ အတိတ်ကာလတလျှောက်တွင် ကူညီမစခဲ့သည့်နည်းတူ၊ ယခုကာလတွင်လည်း စွန့်ပစ်မည်မဟုတ်၊ စောင့်ရှောက်တော်မူမည်။

အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။

    အမျက်တော်ထွက်၍ ကိုယ်တော်၏ကျွန်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုကယ်တင်တော်မူသော

   ကိုယ်တော်သည် အကျွန်ုပ်ကိုမစတော်မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။

    ၂၇:၁ဝ ဒါဝိဒ်၏မိဘများက သူ့ကိုဘယ်သောအခါမှ မပစ်ပယ်ကြသကဲ့သို့ ဘုရားရှင်တော်ကလည်း စွန့်ပစ်ခြင်းမပြု။ ဤကျမ်းပိုဒ်ကို J.N.Darby ကျမ်းမူတွင် ဤသို့ရေးထားသည်။

ငါ့အဖေနှင့်အမေက စွန့်ပစ်ခြင်းမပြုသကဲ့သို့ယေဟောဝါဘုရားကလည်းစောင့်ရှောက်တော်မူသည်။

၂၇:၁၁-၁၂  ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးကောင်စီလူကြီးမင်းများက ခရစ်တော်ကို အမှုစစ်ဆေးကြသည်။ တရားလိုဘက် သက်သေအတုများကြံဖန်ထည့်သွင်းစစ်ဆေးပြီး သေဒဏ်ပေးဖို့ ကြံစည်ကြသည်။ အမှုပေါ်လွင်အောင် သက်သေမပြနိုင်ကြ။ သက်သေအတုနှစ်ဦးက “ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီးပစ်ပြီး သုံးရက်အတွင်း ပြန်ဆောက်မည်”ဟု (မ ၂၆:၁၉-၆၁)ဟု လွန်ကျူးစွာ ပြောဆိုကြောင်း သက်သေပြုုကြသည်။ သခင်ယေရှုက ပြောဆိုသည်မှာ (သူ့ခန္ဗာကိုယ်ကို ဗိမာန်တော်ဟုရည်ညွန်းသည်)။ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့၊ သုံးရက်တွင်းတွင် ငါတည်ဆောက်မည်။ ထိုသို့မိန့်တော်မူရာ၌မိမိကိုယ်တည်းဟူသော ဗိမာန်တော်ကို အမှတ်ပြု၍ဟောသတည်း” (အယော ၂:၂၉-၂၂)။ သို့သော်တရားရုံးကမူ တလွဲအဓိပ္ပါယ်ယူသည်။ ထိုစဉ်ကာလတွင် သခင်ယေရှုသည် ဤသို့ဆုတောင်းခဲ့သည် –

အို-ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကိုပြသသွန်သင်တော်မူပါ။

   အကျွန်ုပ်ရန်သူတို့ကြောင့် ဖြောင့်မတ်သောလမ်းသို့ ပို့ဆောင်တော်မူပါ။

    မမှန်သောသက်သေကို ခံသောသူတို့ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသောသူတို့သည် အကျွန်ုပ်တဘက်၌

   ထကြသည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။

    ၂၇:၁၃  ပိလတ်မင်းတရားရုံးအပြင်ဘက်တွင်သွေးဆာသောပရိသတ်များက ဆူပွက်နေကြသည်။ “လက်ဝါးကပ်တိုင်ပေါ်သို့တင်သတ်လိုက်” (မ ၂၇:၂၂-၂၃)။ ထိုအသံဗလံများကို သခင်ယေရှုလည်းကြားသည်။ ပရိသတ်ကြီး၏ ဆန္ဒကိုလည်းနားလည်သည် ထိုအချိန်ကာလတွင် ဤသို့ဆိုနေလေမည် –                    “အကယ်စင်စစ် အသက်ရှင်သောသူတို့နေရာတွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည် ဟု ယုံမှတ်စွဲလမ်း၏

         ၂၇:၁၄  နောက်ဆုံးပိုဒ်တွင် မည်သို့စပ်ဆိုထားသနည်း။ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုကြမည်နည်း။ စာရေးသူအနေဖြင့် ဤကျမ်းပိုဒ်သည် စာရှုသူအားလုံးသို့ပြောစကားဖြစ်သည်ဟု  ခံယူသည်။ ကောင်းကင်ဘုံရှင်ခမည်းတော်ထံသို့ ယုံကြည်အားထားရမည့်အကြောင်းဖြစ်သည်။

   ထာဝရဘုရားကို မျှော်လင့်လော့။

    အားယူ၍ ရဲရင့်ခြင်းရှိလော့။

    ထာဝရဘုရားကို မျှော်လင့်လျှက်ရှိနေလော့

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။