ဆာလံကျမ်း - ၂၆

သူတော်ကောင်းဆုတောင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍၊ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ 2အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍၊ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ။ 3အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက်မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။ 4လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ။ 5မတရားသောသူတို့၏စည်းဝေးခြင်းကို မုန်းပါ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။ 6ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊ 7အံ့ဩဖွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှာ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည်၊ ထာဝရဘုရား။
8အိုထာဝရဘုရား၊ အိမ်တော်တည်ရာကိုလည်းကောင်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။ 9ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ဝိညာဉ်ကိုလည်းကောင်း၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ်အသက်ကိုလည်းကောင်း ချုပ်ထားတော်မမူပါနှင့်။ 10သူတို့လက်သည် မကောင်းသောအကြံအစည်၌ ကျင်လည်၍၊ သူတို့လက်ယာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏။ 11အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်ပါ၏။ အကျွန်ုပ်ကို ရွေးနုတ်၍ ကယ်မသနားတော်မူပါ။ 12အကျွန်ုပ်သည် ညီညွတ်သောအရပ်၌ နေရာကျ၍၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းချီးပေးပါမည်။

ဆာလံကျမ်း - ၂၆ (အနက်ဖွင့်)

ဆာ ၂၆၊ သီးသန့်ရှိခြင်း ဆာလံသီချင်း

အပေါ်ယံဖတ်ရှုလျှင် ကိုယ်ကျိုးအတ္တအကြောင်းထင်ရသည်။ သေချာဖတ်ရှုလျှင် လောကီမှုရေးရာနှင့်ကင်း   ကွာပြီး၊ ဘုရားသခင်ဘက်၌ လုံးလုံးလျားလျားဆက်ကပ်ဖို့ သွန်သင်ထားသည်။ ဒါဝိဒ်သည် ဘုရားတရားမသိရှိ သော မတရားလူများနှင့် ယေဟောဝါဘုရားကို အမှန်တကယ်ယုံကြည်သောသူအကြားရှိ လူများနှင့်ရင်ဆိုင်နေရ  သည်။ လူ့လောကတွင် အပြစ်ဒုစရိုက်ကင်းစင်သော နေရာမရှိသော်လည်း သူသည်အပြစ်ကင်းစင် မည့်အကြောင်း လျှောက်လဲထားသည်။

၂၆:၁-၃  ဘဝတစ်ခုလုံးကို  ဘုရားသခင်ထံသို့ပုံချထားသည်။ ဘုရားရှင်၏ လမ်းပြမှုကို တောင်းခံသည်။ အခြားတဘက်တွင် ဆန့်ကျင်ဘက်လူများကဒါဝိဒ်ကို မာနအတ္တသမားဟု စွပ်စွဲကြသည်။ လူများနှင့်ရောရော     နှောနှောမနေဘဲ၊ ဘုရားသခင်ဘက်၌သာတသီးတခြားရပ်တည်သည်။ ဘုရားသခင်ဘက် စစ်မှန်ကြောင်းသတ္တု ချခံရဲသည်။ ဘုရားရှင်ဘက်၌ ရပ်တည်သည်။ သူ့ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်နှစ်ခုစလုံး စစ်မှန်ကြောင်း   မိမိ ကိုယ်ကို ယုံကြည်စိတ်ချသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အစဉ်ခံယူ၍ ဖြစ်သည်။ ဘုရားသခင်၏စကားတော်အတိုင်း သစ္စာရှိရှိ လျှောက်လှမ်းသည်။

၂၆:၄-၅  လျှပ်ပေါ်သောလူတို့နှင့် အတူမထိုင်ပါဟု ဆိုသည်မှာ မတော်မတရားသူများအား အပေါင်းအဖက်မ လုပ်။ ယခင်တုန်းကလည်း ထိုသို့ပြုမူခြင်းမရှိစဘူး။ လျှိုဝှက်သောလူစုထဲသို့ မဝင်။လိမ်လည်လှည့်ဖျားလုပ်စားသူ များနှင့် အသိမိတ်ဆွေမလုပ်။ ရာဇဝတ်သားများ၊ ရပ်ကွက်လူဆိုး၊ လူဘော်ကြော့များ၊ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်သူများနှင့် အပေါင်းအသင်းမလုပ်။ ထိုသူများနှင့်စကားဝိုင်းဖွဲ့မပြော။ သီးသန့်နေသည်။

၂၆:၆-၈  မတရားသောသူ၊ အသုံးမကျသောသူများနှင့် ဝေးဝေးနေသည့်အပြင် ဘုရားသခင်ဘက်သို့ ပူးကပ်သည်။ ဘုရားသခင်၏ ယဇ်ပလ္လင်တော်ရှေ့တွင် အပြစ်ဒုစရိုက်များ၊ အညစ်အကြေးများက ကင်းစင်သောကြောင့် သူ့လက်များကို ကျေးဇူးတော်ချီးမွမ်းသီချင်းဆိုသည်။ ယေဟောဝါဘုရားရှင်ပြုတော်မူပေး သော အံ့ဘွယ်အမှုတော်များကိုပြန်လည်ရေတွက်သည်။ ရိုးရာထုံးစံရှိသည့်အတိုင်းသော်လည်းကောင်း၊ ပတ်ဝန်းကျင်က ပြောကြမှာစိုး၍သော်လည်းကောင်း၊ ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်။ ဘုရားသခင်၏အိမ်တော်ကို နှစ်သက်မြတ်နိုးသည်။ ဘုရားသခင်စိုးစံကြောင်း အထိမ်းအမှတ်ရှိရာတိမ်တောင်တိမ်လိပ်အောက်၌ နေချင်သည်။

၂၆:၉-၁၁  အဘယ်သို့ဆိုသော်ဒါဝိဒ်သည်လောကီသားများ၏ ပြုမူနေထိုင်ပုံကို ငြင်းဆန်သည်။ လာမည့်အနာဂတ်တွင်လည်း ဘေးဆိုးကြမ္မာဆိုးမှလွတ်ကင်းမည့်အကြောင်း ယုံကြည်စိတ်ချသည်။အပြစ်သား  များ၊ လူသတ်ကောင်များ၊ ငွေရလျှင်ဘနဖူးသိုက်တူးမည့်သူများကို ရှောင်ကြဉ်သည်။ ထိုသူများ၏ ဘေးရန်မှဝေး လိုသည်။ အဘယ်သို့ဆိုသော်ဖြောင့်မတ်သောဘဝရှိသဖြင့် မတော်မတရားသူများ၏လက်ချက်ဖြင့် မသေလို။ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အစဉ်အားထားသည်။

၂၆:၁၂  ထိုသို့မတော်မတရားသူများနှင့် ကင်းဝေးပြီးနောက် ညီညွတ်သောနေရာမှ ပရိတ်သတ်ဗိုလ်ပုံ        အလယ်တွင် ထာဝရဘုရားကို ကောင်းချီးပေးပါမည်ဟု ကတိသစ္စာတိုင်တည်သည်။

ဤဆာလံကျမ်းသည် တဦးတယောက်တည်းတကူးတကသီးသန့်နေဖို့အကြောင်းမျှသာမဟုတ်ပါ။ အပြစ်ဒုစရိုက်သားများနှင့် ကင်းဝေးသူတို့ ဆိုးပြစ်များနှင့်မပတ်သက်၊ မငြိစွန်းရေးအကြောင်း သွန်သင်ပါသည်။လူ့လောကမှာ နေရသည့်အချိန်တွင် ပတ်ဝန်းကျင်နှင့် မပေါင်းသင်းဘဲသီးသန့်မနေနိုင်ပါ။ သို့သော်ထိုသို့အပေါင်းအသင်းပြုရာတွင် ခရစ်တော်အကြောင်းပြောပြရသည်။ သခင်ယေရှုကိုယ်တိုင်လည်း အပြစ်သားများကိုအပေါင်းအသင်းမိတ်ဆွေလုပ်ခဲ့သည်။အပေါင်းအသင်းလုပ်သည်သာမက အတူတကွစား         သောက်ပေါင်းဖက်ခဲ့သည်။ သို့သော် ဘုရားရှင်၏မြင့်မြတ်ခြင်းကိုမထိပါး။ မပျက်ဆီးစေပါ။ အပြစ်ခွင့်လွှတ်ရန် လိုအပ်ပုံသွန်သင်ခဲ့သည်။ ရှိမုန်၏နေအိမ်သည်အသက်သွားပုံကို Ryle ကဤသို့ဆိုသည်။

ကိုယ်တော်သည် ခမည်းတော်၏အမှုတော်ကိုဖါရီရှဲတို့စားပွဲသို့ ယူဆောင်သွားသည်။ ဖါရီရှဲတို့၏အပြစ်များ ကို ထိတွေ့စစ်ဆေးသည်။အပြစ်ဒုစရိုက်များ ခွင့်လွှတ်ရသည့်အကြောင်းဖါရီရှဲများသို့ သင်ပြသည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာလျှိုဝှက်ချက်  ထုတ်ဖော်ပြသသည်။ ယုံကြည်ခြင်း၏ သဘောသဘာဝထုတ်ပြန်   ကျေညာသည်။ ခရစ်ယာန်များမသတီသောအပြစ်သားများအိမ်သို့ လည်ပတ်သည့်အခါသခင်ဘုရား၏ ပြုမူပြော ဆိုပုံကိုအတုယူရသည်။ လက်တွေ့ကျင့်သုံးရသည်။ ပန်ခင်းပေးသော စားပွဲတွင် သခင်ယေရှုပြုမူသည့်အတိုင်း ပြောဆိုလက်ခံနိုင်ပါသလား။ ထိုမေးခွန်းကိုကျေနပ်အောင် ပြောဆိုနိုင်ဖို့ အရေးကြီးပါသည်။*

ထိုမေးခွန်းသည် ယနေ့ယုံကြည်သူများအားလုံးသို့ မေးမြန်းသောမေးခွန်းကောင်းဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။