ဆာလံကျမ်း - ၂၅

လမ်းပြတော်မူရန်နှင့်ကွယ်ကာတော်မူရန် ဆု တောင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက်နေပါ၏။ 2အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကိုအောင်၍ အောင်ပွဲကိုမခံပါစေနှင့်။ 3အကယ်စင်စစ် ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။ 4အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ 5ကိုယ်တော်၏သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏။ 6အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူသော ကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော်မူပါ။ 7အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့တော်မမူပါနှင့်။ ကောင်းမြတ်တော်မူသည် ဖြစ်၍၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ ထာဝရဘုရား။
8ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။ 9နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။ 10ထာဝရဘုရား၏လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြသတည်း။ 11အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။
12အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့တတ်၏။ ထိုသူအား နှစ်သက်ဖွယ်သောလမ်းကို ပြညွှန်တော်မူမည်။ 13ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာကျိန်းဝပ်၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေခံရလိမ့်မည်။ 14ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏။ 15အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မျှော်လင့်လျက်နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နုတ်ယူတော်မူမည်။ 16အကျွန်ုပ်သည် တစ်ယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကိုခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။ 17အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာပေး၍၊ အမှုများထဲက ကယ်နုတ်တော်မူပါ။ 18အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။ 19အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော်မူပါ။ 20အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ 21ကိုယ်တော်ကိုမျှော်လင့်လျက်နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပါစေသော။ 22အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်းသောဒုက္ခအထဲက ရွေးနုတ်တော်မူပါ။

ဆာလံကျမ်း - ၂၅ (အနက်ဖွင့်)

ဆာ ၂၅၊ ဘုရားရှင်တော်၏ လျှို့ဝှက်ချက်

ဤဆာလံကျမ်းသည် အက္ခရာစဉ်လိုက် ရေးစပ်ထားသော တေးကဗျာဖြစ်သည်။ ဟေဗြဲအက္ခရာကို ရေးဖွဲ့ရာတွင် တလုံးကိုမေ့ကျန်ပြီး၊ အခြားအလုံးကိုမူနှစ်ခါထပ်သုံးထားသည်။* ရည်ရွယ်ချက်အဓိပ္ပါယ်ကောက်ဖို့ ခက်ခဲသည်။ ဆုတောင်းခြင်းနှင့် အာရုံပြုခြင်း တေးကဗျာတစ်ပုဒ်ဖြစ်သည်။

၂၅:  ပထမဦးစွာ ဘေးရန်ကွယ်ကာဘို့ဆုတောင်းသည်ဒါဝိဒ်၏ရန်သူများသည် ဘယ်သောအခါမှ ဝေးလွင့်ကြသည်မဟုတ်။ အကူအညီပေးဖို့ ဘုရားရှင်ထံ ဆုတောင်းသည်။ ဘုရားသခင်ကို သိကျွမ်းသောကြောင့် အဖြေရမည်ဟု ယုံကြည်ကြသည်။ ယေဟောဝါဘုရာရှင်ကို ယုံကြည်သောကြောင့် စိတ်ပျက်အားငယ်ခြင်းမရှိမည့် ဘုရားသခင်ကို မှီခိုသူများ၏ ဆုတောင်းချက်တည်း။ မှားယွင်းစွာ ပြုမူသူများသည် အရှက်တကွဲမကျိုးရှိကြသည်။

၂၅:  လာမည့်သင်ခန်းစာတွင်ဆာလံဆရာက လမ်းညွှန်ချက်ရှာဖွေသည်။ ဘုရားသခင် ပြသမည့်လမ်းကို သိမြင်ချင်သည်။ ကိုယ်တော်ပြသောလမ်းမှာ လျှောက်လှမ်း၍သမ္မာတရားလမ်းမှာ ကြီးပြင်းချင်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သိရှိသောကြောင့် လှုပ်ရှားပြုမူမှုများသည် မေတ္တာဖက်သည်။ဘဝမျှော်လင့်ရာသည်ကိုယ်တော် တစ်ပါးတည်းသာဖြစ်သည်။

     ၂၅:-၇  ဒါဝိဒ်က အပြစ် ခွင့်လွှတ်ပါရန်တောင်းလျှောက်သည်။ အတိတ်ကာလတလျှောက်တွင်လည်း ကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာတော်ခံစားခဲ့ရသည်။ ကျေးဇူးတော်ကို အစဉ်အောက်မေ့သတိရသည်။ ဒါဝိဒ်ဘက်က ဘုရားသခင်၏ကျေးဇူးတော်ကို သစ္စာဂတိတည်သည်မှန်လျှင် ငယ်ရွယ်နုပျိုစဉ်ကာလကို အရိပ်သဖွယ်ဖြစ်သွားမည်။ ဒါဝိဒ်သည်ငယ်ရွယ်စဉ်ဘဝတွင် ဒုက္ခပင်လယ်ဝေခဲ့သည်။ ဆင်းရဲဒုက္ခ၏ နောက်ဆက်တွဲအပြစ်ဒုစရိုက်များပြုခဲ့မိသည်။ ထိုအပြစ်များကို မေ့လျှော့ပစ်ပါရန်ဆုတောင်းသည်။ ဆာလံဆရာကမူ ချစ်ခြင်းမေတ္တာ တော်နှင့်ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုမမေ့။ အမှန်စင်စစ်အပြစ်များကို အသွေးတော်ဖြင့် အရှေ့မှအနောက်သို့ပို့ဆောင်ခဲ့ပြီ။ ဘုရားရှင်က သမုဒ္ဒရာပင်လယ်အောက်တွင် သင်ဂြိုလ်ခဲ့ပြီ။ အမြဲတမ်းမေ့ပစ်ခဲ့ပြီ။

၂၅:၁ဝ  ဒါဝိဒ်သည် ဆုတောင်းခြင်းမှဘုရားဟောတရားသဘောဖြင့် ဆင်ခြင်လာသည်။ ယေဟောဝါဘုရားသခင်၏ သွန်သင်ချက်များကိုသဘောကျသည်။ အဘယ့်ကြောင့်ဆိုသော် ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်။ အပြစ်သားများကို သမ္မာလမ်းသို့ ပို့ဆောင်သည်။ ဖြောင့်မတ်ရာသို့ ရောက်စေ၍ ကယ်တင်ခြင်းပေးသည်။ ဘုရားရှင်တော်ထံသို့ ချဉ်းကပ်နိုင်ရန် အောက်ကျို့စိတ်ရှိရသည်။ မိမိတို့အမှားများကို ကျိုးနွံစွာလက်ခံရမည်။ လမ်းပြမှုကို လိုလားစွာခံ ယူပါကမကြာမီဖြောင့်မတ်ရသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်လာသည်။ သင်ယူခြင်းနာခံခြင်းမရှိ သူများသည် ဘဝမသာယာကြ။ စကားတော် နာခံသူများသည် ဘုရားသခင်၏ မေတ္တာတော်နှင့် သစ္စာတော်ခံယူ ကြသည်။

၂၅:၁၁  ဒါဝိဒ်သည် အပြစ်ခွင့်လွှတ်ရန် ခဏတဖြုတ်ဆုတောင်းသည်။ သူ့အပြစ်များကို သိရှိနားလည်လျှက် နာမတော်ဘို့အလို့ငှါဟု လျှောက်တင်သည်။ သူသည်မိမိနာမည်ကို တိုင်တည်ထုတ်ဖေါ်၍ ကျိန်ဆိုလေ့ရှိသည်။ ထို့အတူပင် ဆာလံဆရာသည် မိမိအကျင့်ကို ထုတ်ဖေါ်၍ ကျေးဇူးတော်နှင့် ဂရုဏာတော်ကျိန်ဆိုလျှက် အပြစ်ခွင့်လွှတ်ပါရန် တောင်းလျှောက်သည်။ ဒါဝိဒ်ပင်ကိုယ်အစွမ်းအစ၊ ကိုယ်ကျင့်သီလကြောင့်မဟုတ်။

၂၅:၁၂-၁၃   ဆာလံဆရာသည် တဖန်ကြားဖြတ်၍ ဆုတောင်းပြန်သည်။ တယောက်တည်းပြောနေပြန်ပြီ။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေ အမှုတော်၌ ပျော်ရွှင်ကြသည်။ ထိုသို့သောသူများသည်အောက်ပါအချက်များ ကြုံတွေ့ကြသည်။

မဖောက်ပြန်သောလမ်းပြမှု          –           ဘုရားသခင်ကလမ်းခရီးလိုက်ပြသည်။

ပုဂ္ဂိုလ်ရေးကြွယ်ဝကြသည်          –           လုံလောက်သောကျွေးမွေးထောက်ပံ့မှုရရှိကြသည်။

မိသားစုလုံခြုံမှု                           –           သားသမီးများသည်ဘုရားပိုင်မြေအမွေဖက်ခံကြသည်။

ဘုရားရှင်နှင့်မိသဟာယဖွဲ့ခြင်း     –           စိတ်နှလုံးတွင်ဘုရားရှင်အား မိတ်ဆွေရင်းခြေပမာ တိုင်ပင်နှီးနှောသဖြင့် ကြံတိုင်းအောင်ဆောင်တိုင်းမြောက်၍ လိုတရသည်။

၂၅:၁၄     ဤကျမ်းပိုဒ်သည် ဆာလံသီချင်းများ၏ရွှေကျမ်းချက်ဖြစ်သည်။ ထာဝရဘုရားကို ချစ်ကြောက်သောသူသည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ခွင့်၊ ပဋိညာဉ်တရားတော်ကို သိခွင့်ရကြ၏။

ဘုရားရှင်ကို ချစ်ကြောက်သောလူကို ဘုရားသခင်က အံ့ဩဘွယ်ရာဗျာဒိတ်ရူပါရုံများပြသည်။ ဘုရားရှင်၏ နောက်ဆုံးနိုင်ငံတော်ထဲသို့ တပါးအမျိုးသားများလည်း ဝင်ရောက်ခွင့် ရရှိကြကြောင်း ဒါဝိဒ်မင်းရူပါရုံ ပြခဲ့သည်။ ယေရှုခရစ်တော်၏ တပည့်တော်ယောဟန်ကိုလည်း ပတ်မို့ကျွန်းတွင် ဗျာဒိတ်တော် ပြခဲ့ရသည်။

၂၅:၁၅  ဒါဝိဒ်သည် ဘုရားသခင်အားပိုမိုချစ်ကြောက်လာသည်။ ကောင်းကင်ဘက်သို့ မော့ကြည့်၍ မျှော်လင့်ချက် ထားရှိသည်။ ဘုရားရှင်ကို ယုံကြည်သူသည် ဘေးရန်ကြော့ကွင်းနှင့် မာယာထောင်ချောက်မှ ကင်းလွှတ်ကြသည်။

၂၅:၁၆-၂၁  ဒါဝိဒ်သည် ရန်သူကြော့ကွင်းတွင် ထောင်ချောက်မမိဘဲ၊ ကင်းလွတ်စေရန် ဆုတောင်းသည်။ အထီးကျန်နေပြီ။ ပြဿနာပေါင်းစုံဝန်းရံနေပြီ။ သောကဗျာပါဒထွေလျှက် ရတက်ပွေနေပြီ။ သို့ကြောင့် စိတ်သော ကဖိစီးမှုများမှ ကင်းလွတ်ရန် ဘုရားသခင်၏ ဂရုဏာတော်တောင်းခံသည်။

အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာချင်သည်။ ရန်သူများဘေးရန်မှ၎င်း၊ မလိုမုန်းတီးသူများ၏ စော်ကားခြင်းဒဏ်မှ၎င်း ကယ်နှုတ်ပါရန် ဆုတောင်းသည်။ ဆုတောင်းသည့်အတိုင်းလည်း အဖြေရ ရှိမည်ဟု ယုံကြည်သည်။ အပြစ်ကင်းခြင်းနှင့်သဘောဖြောင့်ခြင်းဆိုသည်မှာ ဒါဝိဒ်၏ ပင်ကိုယ်အရည်အချင်း မဟုတ်။ ဘုရားသခင်သည် ဖြောင့်မတ်တော်မှုသည့်အတိုင်း မိမိယုံကြည်မှုပေါ်သို့ ဘုရားသခင်၏ ကယ်နှုတ်ခြင်း လက်ဆောင်ရရှိမည်ဟု ခံယူသည်။

၂၅:၂၂  နောက်ဆုံးကျမ်းပိုဒ်တွင် ဒါဝိဒ်ကသူကိုယ်တိုင်သည် ဣသရေလ အမျိုးအနွယ်ဖြစ်၍ ဣသရေလတစ်မျိုးသားလုံး ကယ်နှုတ်ပါရန် တောင်းလျှောက်သည်။ ကျမ်းစကားသည် လာမည့်ဘေးဒဏ်ကြီးကာလ၌ ရွေးနှုတ်   ထားသောယုဒလူမျိုးများအပေါ်သို့ ပြည့်စုံလာမည်ဟု ယုံကြည်ရကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။