ဆာလံကျမ်း - ၂၁

အောင်ပွဲအတွက်ချီးမွမ်းခြင်း
1အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။ 2သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။ 3ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။ 4သူသည် အသက်ကိုဆုတောင်း၍၊ ကိုယ်တော်သည် အသက်မက၊ ထာဝရအသက်ကို ပေးသနားတော်မူပြီ။ 5ကယ်တင်တော်မူခြင်းအားဖြင့် သူသည်ဘုန်းကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏။ 6ကိုယ်တော်သည် သူ့ကို ထာဝရမင်္ဂလာအရာ၌ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေတော်မူ၏။ 7အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရားကိုကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့် တည်ကြည်တတ်ပါ၏။
8ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကိုတွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ယာလက်တော်သည် တွေ့တော်မူမည်။ 9အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင်စားပါလိမ့်မည်။ 10သူတို့အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲကဖျက်ဆီးတော်မူမည်။ 11အကြောင်းမူကား၊ ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်၍၊ မကောင်းသောပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။ 12ထိုကြောင့် သူတို့မျက်နှာတစ်ဖက်၌ လေးမြားတို့ကိုရွယ်၍၊ သူတို့ကျောကို လှည့်စေတော်မူမည်။ 13အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်းတန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်းဆိုကြပါမည်။

ဆာလံကျမ်း - ၂၁ (အနက်ဖွင့်)

ဆာ ၂၁၊ အောင်စည်အောင်မောင်းဖြင့်

ကျေးဇူးတော် ချီးမွမ်းခြင်းပြီးခဲ့သော ဆာလံကျမ်းနှင့် လာမည့်ကျမ်းနှစ်ခုအကြားချိတ်ဆက်ဖြစ်သည်။ ရှင်ဘုရင်ကြီး တိုက်ပွဲဝင်ခါနီးတွင် ပြည်သူများက အောင်စေရတုဆုတောင်းမေတ္တာပို့ကြသည်။ ထိုဆုတောင်းသံများကို ဘုရားရှင်က အဖြေပေးကြောင်း ပြန်လည်ကြားသိကြသည်။ဘုရားသခင်ပေးသော အောင်နိုင်ခြင်းအတွက် ဝမ်းသာရွှင်မြူးကြသည် (ငယ် ၁-၇)။ ရန်သူများအား အပြီးအပိုင်ချေမုန်းကြပုံကို (ငယ် ၈း၁၂)တွင် တွေ့ရသည်။နောက်ဆုံးတွင် ယေဟောဝါဘုရား၏ ဘုန်းတန်ခိုးနှင့်ခွန်အားကို ချီးမွမ်းကြသည် (ငယ် ၁၃)။

အောင်နိုင်ခြင်း အရသာမြည်းစမ်းခြင်း(၂၁း၁-၇)၂၁း၁-၄ တိုက်ပွဲကာလတွင် ဘုရားသခင်ကတိုက်စွမ်းအားပြသတော်မူသောကြောင့် ရှင်ဘုရင်ကြီးသည် ဝမ်းမြောက်ဝမ်းသာရှိသည်။ အချိန်နှင့်တပြေးညီဘုရားရှင် စစ်ကူပေးသောကြောင့် ဝမ်းသာပီတိမဆုံးနိုင်။ ယေဟောဝါဘုရားထံ စစ်အောင်နိုင်အောင်ဆုတောင်းခဲ့ချက်များပြီးပြည့်စုံလာသည်။ ယခုယေဟောဝါဘုရားက အောင်နိုင်ခြင်းစည်းစိမ် ချီမြင့်ဖို့ ကြွချီတော်မူပြီ။ ရွှေစင်သရဖူကို ခေါင်းပေါ်မှာတင် တော်မူပြီ။ ရှင်ဘုရင်၏ ဆုတောင်းချက်ကိုဘုရားသခင်က အဖြေပေးတော်မူ၍ အသက်ချမ်းသာရာရစေပြီ။ အသက်ပါမက ထာဝရအသက်လည်းပေးတော်မူပြီ။ ထိုကျမ်းစကားဖြင့် ဒါဝိဒ်သည် ဖိုးသက်ရှည်ဖြစ်ခဲ့သည်။ စာပေကျမ်းဂန်အရမူ မေရှိယသခင်၏ ပြန်လည်ထမြောက်ခြင်းဖြင့် အတောမသတ်နိုင်အောင်အသက်ရှည်သည်။

၂၁း၅-၇ ဤကျမ်းချက်ကို ခရစ်တော်၏ သက်တော်စဉ်၌ ပိုမိုပီပြင်သည်။ ဘုရားရှင်က ကယ်မလျှက်ကြီးမြတ်သောဂုဏ်ပြုသည်။ မရဏနိုင်ငံမှ ပြန်လည်ထမြောက်စေပြီး ကောင်းကင်ဘုံလက်ယာတော်၌စိုးစံစေတော်မူသည်။ ဘုရားသခင်က ဘုန်းအသရေတော် ပတ်ရစ်၏ (ဟေဗြဲ ၂း၉)။ ဟုတ်ပါပြီ။ ဘုရားရှင်အမြင့်ဆုံးသော ကောင်းချီးမင်္ဂလာပေးထားပါသည်။ ထိုမှတဆင့် ကမ္ဘာအစွန်းသို့ ကောင်းချီးမင်္ဂလာစီးဆင်းစေတော်မူပြီ။ ထိုကျမ်းစကားအတိုင်းပင်ခရစ်တော်သည် အမြင့်ဆုံးဌာနတော်၌တည်၍ခမည်းတော်ဘုရားကို ပျော်ရွှင်ချမ်းမြေ့စေပြီ။ ဘုရားသခင်ကို ယုံကြည်ကိုးစားသည့်အလျောက် ချီးမြင့်ခြင်းခံရပြီ။ မင်းကြီးသည် ထာဝရဘုရားကို ကိုးစားသောကြောင့် အမြင့်ဆုံးသော ဘုရားသခင်၏ ကရုဏာတော်ခံစားရပါသည်။

ရန်သူများ၏ ဘေးကံကြမ္မာ (၂၁း၈-၁၂)

၂၁း၈-၁၀ ယခင်ကျမ်းပိုဒ်များတွင် ပြည်သူကသခင်ဘုရားကို တိုင်တည်ကြ၍ ဤကျမ်းချက်မှာမူရှင်ဘုရင်ထံသို့ တိုက်ရိုက်လိပ်မူတိုင်တည်ကြသည်။ထို ရှင် ဘုရင်ကို မေရှိယသခင်ဟု ကောက်ယူလျှင်ကျမ်းစာသားသည် ခရစ်တော်ဘုရား ဒုတိယအကြိမ်ပြန်လည်ကြွလာချိန် ၌ ခရစ်တော် ၏ ရန် သူ များဘေးကံကြမ္မာအကြောင်းဖြစ်ပေမည်။လက်ယာလက်ဖြင့် ဝှေ့ရမ်းသောအခါ ရန်သူများသည် တယောက်မှမကျန်၊ ကိုယ်တော် အားမုန်းတီးသူများတယောက်မှ မလွတ်၊ ပြိုလဲပျက်စီးကြမည်။ မီးလောင်ပြာကျကုန်မည်။ “တန်ဖိုးရှိသောကောင်းကင်တမန်များနှင့် အတူ ကြွလာသောအခါဘုရားသခင်မသိသောသူ၊ ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူရှိသမျှကို မီးလျှံဖြင့်ဒဏ်ပေးတော်မူမည်” (၂သက် ၁း၇-၈)၊ မြေကြီးပေါ်မှာ မျိုးနွယ်ဆက်မကုန်ရှိရလေအောင် အကုန်အစင်ရှင်းထုတ်ပစ်မည်။

၂၁း၁၁-၁၂ ကမ္ဘာမြေလောကတပြင်လုံးခရစ်တော်၏ အုပ်စိုးမှုကို ဖီဆန်ခြင်းဟူသမျှ (ဆာ ၂း၂-၃ကိုလည်းကြည့်) ပျက်စီးပပျောက်ကုန်မည်။ ဘုရားသခင်၏အမျက်ဒေါသသင့်ကြသောအခါ ထိုသူပုန်သူကန် များသည် ကြောက်လန့်တုန်လှုပ်ကြမည်။

ဘုရားရှင်အား ချီးမွမ်းခြင်း (၂၁း၁၃)

နိဂုံးချုပ်အပိုဒ်တွင် ဘုရားသခင်အား ချီးမွမ်းထောမနာပြုသည်။ အဘယ်သို့ဆိုသော် ဘဝလမ်းခရီးတလျှောက်တွင် ဘုရားရှင်၏ဘုန်းတန်ခိုး ထင်ရှားတော်မူသည်။ ရန်သူများကို အစအနမကျန်အောင်ချေမုန်းသုတ်သင်ပေးသောကြောင့် ဘုရားရှင်၏ဘုန်းတန်ခိုးကြီးမားပုံ တေးဖွဲ့သီဆိုကြပြီ။ ဣသရေလလူတို့အား ရွေးနှုတ်ခြင်း၊ မေရှိယသခင်အား ချီးမြောက်ခြင်း၊ ကိုယ်တော်အား ဘုရားရှင်မှန်ကန်ကြောင်း ဝန်ခံကြလေပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။