ဆာလံကျမ်း - ၁၈

ဒါဝိဒ်မင်း၏အောင်ပွဲသီချင်း
ထာဝရဘုရား၏ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်၌ မြွက်ဆိုသော သီချင်းစကားဟူမူကား။
(၂ရာ၊ ၂၂း၁-၅၁)
1အိုထာဝရဘုရား၊ အကျွန်ုပ်၏ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ 2ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ 3ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ရောက်၏။ 4သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။ 5မရဏနိုင်ငံ၏ကြိုးတို့သည် ဝိုင်း၍၊ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။ 6ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
7ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ 8နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။ 9မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။ 10ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ လျင်စွာ ပျံတော်မူ၏။ 11မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တစ်ခဲနက်သောရေနှင့် ထူထပ်သော မိုးတိမ်တို့သည် ကိုယ်တော်ကို ကာရံလျက်ရှိကြ၏။ 12ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုးသီးနှင့်မီးခဲပါလျက် လွင့်ကြ၏။ 13ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသောဘုရားသည် အသံတော်ကိုလွှင့်တော်မူ၏။ 14လေးမြားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
15ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ပွင့်လစ်ထင်ပေါ်လျက်ရှိကြ၏။ 16ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကိုဆယ်ယူတော်မူ၏။ 17ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင်နိုင်အောင် ခွန်အားကြီးသောရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ 18ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာဖြစ်၍၊ 19ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
20ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏အကျိုးကို စီရင်တော်မူ၏။ 21အကြောင်းမူကား၊ ငါသည် ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။ 22စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့ကိုမပယ်၊ 23ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။ 24ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကိုပေးတော်မူပြီ။ 25သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကိုလည်းကောင်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကိုလည်းကောင်း၊ 26သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။ 27နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။ 28အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကိုထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ 29အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍၊ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။
30ဘုရားသခင် စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာဖြစ်တော်မူ၏။ 31ထာဝရဘုရားမှတစ်ပါး အဘယ်ဘုရားသခင်ရှိသနည်း။ ငါတို့ ဘုရားသခင်မှတစ်ပါး အဘယ်မည်သောကျောက် ရှိသနည်း။ 32ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့် စည်း၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။ 33ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ 34ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှာ သွန်သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
35ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ 36အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊ 37အကျွန်ုပ်သည် ရန်သူတို့ကိုလိုက်၍ မီသဖြင့်၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် မပြန်ပါ။ 38သူတို့သည် အကျွန်ုပ်ခြေအောက်မှာလဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည်နှိပ်နင်းပါ၏။ 39အကြောင်းမူကား၊ စစ်တိုက်ခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ 40အကျွန်ုပ်ကို မုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော်မူ၏။ 41သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ 42ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေတိုက်သောမြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။
43လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ 44အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ပါ၏။ တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ 45ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
46ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်းရှိပါစေသတည်း။ 47ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ 48ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။ 49ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ 50ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။

ဆာလံကျမ်း - ၁၈ (အနက်ဖွင့်)

ဆာ ၁၈၊ ခရစ်တော်အား ပြန်လည်ထမြောက်စေတော်မူသောတန်ခိုး

သခင်ယေရှုအသံတော် အကြောင်းဖြစ်ကြောင်း၊အပိုဒ်ငယ် ၄၉နှင့် ရော ၁၅း၉ ဆက်စပ်ခြင်းဖြင့်သဲလွန်စခြေရာကောက်မိသည်။“ကို ထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍နာမတော်ကို ထောမနာသီချင်းဆိုပါမည်”(ငယ် ၄၉) ပိုမိုစေ့စပ်သေချာစွာ ဆက်စပ်လျှင် မှန်ကန်ကြောင်းတွေ့ရပေမည်။သခင်ယေရှုခရစ်တော် အကြောင်းစစ်စစ်ဖြစ်သည်။ ကိုယ်တော်အသေခံသည့် အကြောင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်းတန်ခိုးပွင့်ခြင်း၊ ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းနှင့် နိုင်ငံတော်တည်ထောင်မည့်အကြောင်းများ စုံလင်သည်။ကျမ်းစာပါအချက်အလက်များသည် မျက်စိဖြင့်မမြင်ရသောအချိန်တွင် မေးမြန်းဘွယ်ရာဖြစ်သော်လည်း ကိုယ်တော်ဘုရားရှင်ပြန်ထမြောက်သည့်အချိန်တွင် အဓိပ္ပါယ်ပေါက်လာကြသည်။ နောင်တွင် ထို့ထက်သိရှိလာကြဦးမည်။

၁၈း၁-၃ အချစ်ဆုံးသော သားတော်၏ချီးမွမ်းသံကို နားညောင်း၍ ပြန်လည်အဖြေပေးခြင်းဖြင့် တေးသီချင်းအစပျိုးသည်။ သုံးနှုန်းသော စကားလုံးများကိုသတိပြုပါ။ ခွန်အား၊ ဘေးရန်ကင်းခြင်း၊ လုံခြုံခြင်း၊ကယ်တင်ခြင်း၊ ဘုရားရှင်၌ အဖြေရှာတွေ့ခြင်းတို့ကိုမြင်ရသည်။ ငါ၏ခွန်အား-ငါ၏ကျောက်ဆောင်-ငါ၏ခံတပ် -ငါ့ကို ကယ်နှုတ်သောအရှင်- ငါ့ကိုကွယ်ကာသောအရှင်- ငါ၏ဒိုင်းလွှား၊ ကယ်တင်ခြင်းဦးချို၊ ငါ၏ခွန်အားဗလဟု သုံးထားသည်။

၁၈း၄-၆ သေခြင်းဟူသော စကားလုံး ခဏခဏသုံးသည်။ သခင်ယေရှုကြုံတွေ့ရမည့် ဘေးရန်

များဖြစ်သည်။ ခရစ်တော်ကိုယ်တိုင် ကြိုးဖြင့်တုတ်နှောင်ခြင်းခံရသည့်အကြောင်း၊ လှိုင်းလုံးကြီးများ ဝိုင်းရံသည့်အကြောင်း၊ လွတ်ရာလမ်းမရှိအောင် ကျော့ကွင်းမိနေသည့်အကြောင်းများ ရေးထားသည်။ ထိုအခြေအနေဆိုးမှ ကြိုးစားနိုင်သည့် တခုတည်းသောနည်းလမ်းမှာ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ခရစ်တော်သည် ထိုသေဘေးမှ ကယ်နှုတ်ရန်ဘုရားရှင်ထံ ဆုမတောင်း။ ကိုယ်တော်သည် အကြောင်းရှိ၍ သာလူ့လောကသို့ ရောက်လာသည် (ယော ၁၂း၂၇)။သေခြင်းကို လွန်မြောက်ရန်သာ ဆုတောင်းခဲ့သည်။ခရစ်တော် သည် လူ့ဇာတိ အဖြစ်၌နေစဉ်ကာလ၊သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်။(ဟေဗြဲ ၅း၇)ခရစ်တော်သည် စိတ်နှလုံးအားငယ်စွာဆုတောင်းသော်လည်း ဆုတောင်းချက်အဖြေစကား ရရှိမည်ဟုယုံကြည်စိတ်ချသည်။ ဤဆာလံသီချင်းကဂေသရှေမန်ဥယျာဉ်နှင့် ဂေါလဂေါသကုန်းပေါ်၌ ဧမာနွေလဘုရားရှင် ငိုကြွေးမည့် အကြောင်း ရည်ညွှန်းသည်။ F.B.Meyer က “အသံတော်သည် သေးငယ်သော်လည်းမာကျောသည်။ အဖြေစကားမူကား ဖန်ဆင်းခြင်း ဟူသမျှ တုန်လှုပ်စရာ”ဟု ဆိုသည်။

၁၈း၇-၁၅ အပိုဒ်ငယ် ၇း၁၉တွင်မူ တိုက်ပွဲသံပြီးဆုံးလေပြီ။ အဘယ်သို့ဖြစ်သနည်း။ သခင်ခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီ။ ထိုတိုက်ပွဲမှာ ဘုရားသခင်နှင့် ငရဲပြည် အကြားဖြစ်သည်။ စာတန်နှင့်အပေါင်းပါများအား ယေရုရှလင်မြို့ရိုးပြင်ဘက်သင်္ချိုင်းဂူထဲတွင် မြုပ်နှံထားပြီ။ နောက်တဖန် ခရစ်တော်ကို ပုန်ကန်တော်လှန်နိုင်ကြတော့မည်မဟုတ်။ဘုရားသခင်၏သားတော်အား ကားတိုင်ပေါ်သို့ တင်ပို့အနိုင်ယူခဲ့ပြီဟု ထင်မှတ်ခဲ့ကြသော်လည်း ထိုနေရာ၌ ဇာတ်လမ်းမဆုံး။ ကိုယ်တော်သည် သေခြင်းမှပြန်လည်ထမြောက်တော်မူပြီ။ ထိုစာတန်နှင့်အပေါင်းပါများကို သင်းချိုင်းဂူထဲသို့ ပြောင်းပြန်သဂြိုလ်ရလေပြီ။ထိုသို့ပြုလုပ်ခြင်းသည် လောကသားများသဘောပေါက်နားလည်နိုင်ရန် ကိုယ်တော့်အားကောင်းကင်ထက်တန်ခိုးနိမ့်စေ၍ လူ့လောကသို့စေလွှတ်ခဲ့သည်။ထိုအကြောင်းကို ရှင်ပေါလုက “ယုံကြည်သော ငါတို့၌တော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်အား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ သင်တို့ညာဏ်မျက်စိကို လင်းပါမည့်အကြောင်း ဆုတောင်းပဌနာပြုပါ၏။ ထိုတန်ခိုးတော်ကားခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏” (ဧ ၁း၁၉-၂၀)ဟု ဆိုသည်။ ဘုန်းတန်ခိုးကြီးမားတော်မူသည့်အတိုင်း မိုးမြေစကြဝဠာဖန်ဆင်း၍ဣရေလလူများကို အဲဂုတ္တုပြည်မှ ရွေးနှုတ်ခေါ်ထုတ်သည်။ ဘုန်းတန်ခိုးတော်ဖြင့် ရှင်ပြန်ထမြောက်စေပြီး၊ပထမဦးဆုံးသော ရှင်ပြန်ထမြောက်လေရာ နံနက်ခင်း၌ဝိညာဉ်ဆိုးများအပေါ်သို့ အောင်ခြင်းတန်ခိုးပြခဲ့ပြီ။ဘုရားရှင်ကြွလာသောအခါ လူလောကကမ္ဘာသည် သိမ့်သိမ့်တုန်လှုပ်သည်။ အမျက်ဒေါသထွက်သောအခါ တောင်နှင့်မြစ်များတုန်လှုပ်ကြသည်။နှာခေါင်းတော်က မီးခိုးထွက်၍၊ နှုတ်တော်ထဲကမီးလောင်နေသော မီးခဲများထောက်၏။ မိုးကောင်းကင်ကို ညွှတ် ဆင်းသဖြင့် ခြေဖဝါးတော်အောက်၌မှောင်မိုက်ဖြစ်၏။ ခေဗိမ်ကို စီးလျှက်ပျံတော်မူ၏။ အမှောင်ထုမုန်တိုင်းနှင့် လျှပ်ပန်းလျှပ်နွယ်များ၊မိုးသီးများက ရန်သူများကို ဗုံးများသဖွယ် ပစ်ချတိုက်ခိုက်၏။ ပင်လယ်နီဖြတ်သန်းခဲ့ကြစဉ် ပင်လယ်ရေပြင်သည် တဘက်တချပ်သို့ ဖျာနှယ်လိပ်သွားသကဲ့သို့ဘုရားသခင်၏ အမျက်ဒေါသကို ကြောက်လန့်ကြ၏။

၁၈း၁၆-၁၉ ဘုရားရှင်က ရန်သူများအားနာလံမထူနိုင်အောင် ရိုက်ခုတ်၊ နင်းချေ ချိနဲ့စေသည်။မရဏာနိုင်ငံမှ ခရစ်တော်အား ပြန်လည်ထမြောက်စေသည်။ ဟာလေလုယာ။ ခရစ်တော်ရှင်ပြန်ထမြောက်တော်မူပြီ။ မရဏနိုင်ငံမှ ပြန်လည်ထမြောက်စေသည့်အပြင် အောင်မြင်ခြင်းတန်ခိုးကိုလည်း အပ်နှင်းသည်။ရန်သူများမော်မကြည့်ဝံ့ရာ လက်ယာတော်၌ စိုးစံစေတော်မူသည်။ ထိုအကြောင်းကို ကော ၂း၁၅တွင်“အထွဋ်အမြတ်အာဏာစက်များကို လုယူလျှင် ထင်ရှားထုတ်ပြ၍ လက်ဝါးကပ်တိုင်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ”ဟု ပေါလုက ဆိုထားသည်။


၁၈း၄၃-၄၅ ခရစ်တော်သည် ရန်သူများကိုဖြိုခွင်းနှိမ်နှင်းပြီးသောအခါ ကမ္ဘာမြေပေါ်တွင် နိုင်ငံတော်တည်ထောင်၍ ရှင်ဘုရင်တကာတို့၏ ဘုရင်သခင်တကာတို့၏ သခင်အဖြစ်အုပ်စိုးစိုးစံမည်။ ကမ္ဘာသူ ကမ္ဘာသားများ၏ ဦးခေါင်းဖြစ်လာမည် ။ရွေးကောက် ထားသော ဣသရေလလူမျိုးနှင့်ရွေးကောက်ထားသော တပါးအမျိုးသားတို့ ဒူးတူပေါင်ဖက် ကိုယ်တော်ကို ဝန်ခံကြမည်။ ပင်လယ်ရပ်ခြားသားများကလည်း နာခံကြမည်။

၁၈း၄၆-၅၀ ဆာလံဆရာသည် ခရစ်တော်အခမ်းအနားဖြင့် ပြည်ဖုံးကားချသွားသည်။ ခရစ်တော်မဟာအောင်ပွဲချီးမြင့် ရှင်ဘုရင်အဖြစ် စိုးစံစေတော်မူပြီ။ ဘိသိက်ပေးထားသော သားတော်သို့ကရုဏာတော် သက်တော်မူပြီ။ကိုယ်တော်ပြုတော်မူသော အမှုတော်များကြောင့်တပါးအမျိုးသားများအကြား၌ နာမတော်မြောက်နိုင်ကြပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။