ဆာလံကျမ်း - ၁၄၅

ထောမနာသီချင်း
1အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။ 2ကိုယ်တော်ကို နေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်။ 3ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။ 4အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကို ဟောပြောကြပါလိမ့်မည်။ 5အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အံ့ဖွယ်သော အမှုတော်တို့ကိုလည်းကောင်း မြွက်ဆိုပါမည်။ 6သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည်။ 7သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
8ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံ၍၊ ခန္တီတော်နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။ 9ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။ 10အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။ 11နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊ 12တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။ 13ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။ 14နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။ 15ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍၊ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။ 16လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။ 17ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။ 18ထာဝရဘုရားသည် ပတ္ထနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ ရှိတော်မူ၏။ 19ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။ 20ထာဝရဘုရားသည် ကြည်ညိုသူအပေါင်းတို့ကို စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။ 21ထာဝရဘုရားကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက် ကောင်းချီးပေးကြစေ။

ဆာလံကျမ်း - ၁၄၅ (အနက်ဖွင့်)

ဆာ ၁၄၅၊ အမေ့စံ N အက္ခရာ

ဒါဝိဒ်မင်း၏ ချီးမွမ်းခြင်းဆာလံတေးဖြစ်၍ မူရင်းကျမ်းတွင် ဟေဗြဲအက္ခရာအစဉ်လိုက် တေးဖွဲ့ထား သည်။ အင်္ဂလိပ်စကားလုံး ‘n’ နှင့်တူသော ဟေဗြဲ (Masoretic) ကျမ်းတွင် ထို ‘n’ (ဟေဗြဲအသံဖြင့် nun)သည် အပိုဒ်ငယ်၁၃နှင့်၁၄ကြားတွင် ရှိရမည်ဖြစ်သော်လည်း မေ့ကျန်ခဲ့ဟန်ရှိသည်။ ထိုအကြောင်းကို ရှေးဟောင်း ဂရိ၊ Syriac နှင့်လက်တင်ကျမ်းမူများက ဤသို့မှတ်ချက်ပြုကြသည်။

ဘုရားသခင်မိန့်ဆိုသောစကားတိုင်းသည် မှန်ကန်သည်။ အမှုတော်တိုင်းသည် ကျေးဇူးတော်ဖြစ်သည်။

(၂၀)ရာစုနှစ်တွင် ပင်လယ်သေဒေသ ကျောက်ဂူများမှ ရှာဖွေတွေ့ရှိသော စာလိပ်တွင်လည်း ထိုနည်း အတိုင်း ‘n’ အက္ခရာစကြောင်းမပါရှိ။

၁၄၅: ဆာလံတေး၏ အဓိကရည်ရွယ်ချက်သည် ဘုရားသခင်၏ကြီးမြတ်ခြင်းဘုန်းတော်ဘွဲ့ ဖြစ်သည်။ ဆာလံဆရာသည် ထိုဘုန်းတော်ဘွဲ့စပ်ဆိုသီကျူးစဉ် တလှပ်လှပ်ဖြစ်နေသည်။ ငမ်းငမ်း တက်သည်။ မီးလျှံကဲ့သို့ တောက်လောင်သည်။ သူ၏ဘုရားသခင်နှင့် ရှင်ဘုရင်ဖြစ်တော်မူသောအရှင် ကို နေ့တိုင်းအမြဲတမ်း ချီးမွမ်းချင်သည်။ ထိုချီးမွမ်းမကုန်နိုင်သော ဆာလံတေးတွင် ဘုရားသခင်၏ကြီးမြတ် ခြင်းကို စပ်ဆိုသည်။ မကုန်နိုင်။ ကျူးဧ၍ မဝနိုင်။ ကြီးမြတ်ပါစေဘုရားရှင်။

၁၄၅: ဘုရားသခင်ပြုတော်မူသော လက်ရာတော်များနှင့်အမှုတော်တို့သည် သားစဉ်မြေးဆက်ပြော ကြဦးမည်။ တေးဖွဲ့၍ မရိုးနိုင်။ အသက်ရှင်သောတရားဖြစ်သောကြောင့် ကမ္ဘာအဆက်ဆက် ရှင်သန်နေမည်။

၁၄၅: ဆာလံဆရာသည် ဘုရားသခင်၏ အံ့ဘွယ်တန်ခိုးတော်ကို ဆင်ခြင်ကြည့်သည် အမှုတော်သည် လူ့ဦးနှောက်အသိတရားဖြင့် မမီနိုင်အောင် ကျယ်ပြန့်လွန်းပါတကား။

၁၄၅: ဘုရားသခင်၏ အံ့ဘွယ်တန်ခိုးတော်ကို ကြားသိသူတိုင်း တဖွဖွပြန်လည်ပြောကြမည်။ အချင်းချင်းသက်သေခံကြမည်။ ဆာလံဆရာကလည်း သူ့အပေါ်ပြုတော်မူခဲ့သော ဘုရားသခင်၏ ကြီးမြတ် ခြင်း မေတ္တာတော်ကို ထုတ်ဖော်ပြသမည်။

၁၄၅: ဘုရားသခင်၏ကြီးမြတ်ခြင်းကို ထုတ်ဖော်ပြောကြားကြမည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို အဖုံဖုံတေးဖွဲ့၍ ပျော်ရွှင်စွာ ဟစ်ကြွေးကြမည်။

၁၄၅: ဘုရားသခင်၏ကြီးမြတ်ခြင်းကို ကျေးဇူးတော်နှင့် သစ္စာစုံမက်ခြင်း၌ အထင်အရှား တွေ့ရသည်။ ကြီးမြတ်တော်မူသည့်အတိုင်း ကရုဏာတော်သည်လည်း အတိုင်းအဆမရှိ ကြီးမားသည်။

၁၄၅:၁၀ လူအားလုံးအပေါ်သို့ ကိုယ်တော်၏ကြီးမြတ်ခြင်း ခံရကြသည်။ ချို့ယွင်းချက်မထား၊ သက်ရှိသတ္တဝါအားလုံး ခံစားကြသည်။

ပြုတော်မူသမျှသော လက်ရာကိုကြည့်လျှင် ကိုယ်တော်သည် ကျေးဇူးတင်စရာချည်းဖြစ်သည်။ ကိုယ်တော်၏ ဉာဏ်ပညာတော်နှင့် တန်ခိုးတော်သည် စာဖွဲ့၍ မကုန်နိုင်။ သန့်ရှင်းသူများသည်ကိုယ်တော်၏ ကောင်းမြတ်ခြင်းပြည့်စုံခြင်းကို ခံစားကြရသည်။

၁၄၅:၁၁၁၃ ကိုယ်တော်၏ နိုင်ငံတော်ကျယ်ပြန့် တွေ့ရပြန်သည်။ ထိုနိုင်ငံတော်ထဲတွင် ဘုန်းတန်ခိုးနှင့် ကျက်သရေထွန်းလင်းသည်။ သူ့လူများက ကိုယ်တော်၏ ကြီးမြတ်ခြင်းနှင့် ပြုတော်မူသော အမှုတော်ကြီးမြတ်ပုံ သိရှိကြ၍ သိရှိကြသည့်အတိုင်း ထုတ်ဖော်သက်သေခံကြသည်။ ထိုနိုင်ငံတော်သည် နိစ္စထာဝရတည်တံ့သည်။ ခေတ်အဆက်ဆက်၊ ကမ္ဘာအဆက်ဆက်တိုင်အောင် တည်တံ့သည်။

၁၄၅:၁၄ ဘဝဝန်ထုပ်ဝန်ပိုးပိပြား၍ ခါးချိအောင် ကုန်းနေသူများကို ဘုရားရှင်က ထူမပေးသည်။ ကိုယ်တော်၏ ကူညီမစပုံသည် မြင့်မြတ်ပါပေသည်။ ပြဿနာပေါင်းစုံ၊ ဒုက္ခပေါင်းစုံအောက်တွင် ခေါင်းမဖော်နိုင်သူများကိုလည်း ထူမပေးသည်။

၁၄၅:၁၆ ကျွေးမွေးစောင့်ရှောက်ရာတွင်လည်း လက်မတွန့်။ ကိုယ်တော်ထံသို့ မှီခိုသောသူတိုင်း ဝလင်စွာစားကြရသည်။ ကြီးပြင်းကြီးထွားစေသည်။ လိုလေသေးမရှိပြင်ဆင်ပေးသည်။ ထောက်ပံ့ကျွေးမွေးသည်။ တွန့်တိုခြင်းမရှိ၊ လက်ဝါးတော်ဆန့်၍ ကျွေးသည်။ မရေတွက်နိုင်သော သတ္တဝါအပေါင်းကို အချိန်အခါတိုင်း ကျွေးမွေးသည်။ ကြီးမြတ်တော်မူပါပေဘုရားရှင်။

၁၄၅:၁၇ ဖြောင့်မတ်ခြင်းနှင့် ကရုဏာတရား၌လည်း ကြီးမြတ်သည်။ အမှားအယွင်းမကျူးလွန်ဘူး သကဲ့သို့ ကရုဏာတရားမဲ့သော အပြုအမူမရှိ။ ဘုရားရှင်၏အမှုတော်တိုင်း၌ ဖြောင့်မတ်ခြင်းနှင့် ကရုဏာ ပေါင်းဖက်သည်။

၁၄၅:၁၈ အောက်ကျို့ရို့ကျိုးခြင်း၌ ကြီးမြတ်သည်။ ဘုရားရှင်တော်မြတ်ဖြစ်သော်လည်း စိတ်သဘော ရင်းဖြင့် ရှာဖွေသူများကို အတွေ့ခံသည်။ အောက်ကျို့ရိုကျိုးသူများနှင့် အတူတူနေသည်။

၁၄၅:၁၉ ကယ်တင်ခြင်းကြောင့် ကြီးမြတ်သည်။ ချစ်ကြောက်ရိုသေသူများနှင့် နီးကပ်စွာရှိ၍ ယုံကြည်သူများနှင့် အတူအတကွနေသည်။

၁၄၅:၂၀ ကိုယ်တော်ကို ချစ်ခင်သူများအား ကြည့်ရှုစောင့်ရှောက်သည်။ အထံတော်သို့ ချဉ်းကပ်စေလို သည်။ ကိုယ်တော်ကိုသာ ဂရုစိုက်စေလိုသည်။ ဂရုစိုက်သူကို အလေးထားစောင့်ရှောက်သည်။

အမျက်ဒေါသလည်းကြီးသည်။ မတော်မတရား မကောင်းဆိုးဝါးများကို ဖျက်သိမ်းပစ်သည်။

၁၄၅:၂၁ ဒါဝိဒ်သည် စိတ်ဓါတ်တက်ကြွသည်။ ထိုမျှကြီးမြတ်တော်မူသော ဘုရားရှင်ကို ချီးမွမ်း၍မဝ။ ဘဝတသက်ချီးမွမ်းနေမည်။ နေ့ရက်စဉ်တိုင်း ထောမနာပြုသည်။

ဤအမေ့ခံ Nအက္ခရာက မည်သည့်သင်ခန်းစာပေးပါသနည်း။ စကြာဝဋ္ဌာခွင်တပြင်လုံးရှိ သတ္တဝါ များက ဘုရားရှင်တော်အား ချီးမွမ်းနေသည့်အချိန်တွင် အသင်စာရှုသူသည် အမေ့ခံ ‘N’ အက္ခရာ မဖြစ်ပါစေနှင့်။ သင်တဦးတည်း ကျန်ရစ်သူမဖြစ်ပါနှင့်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။