ဆာလံကျမ်း - ၁၄၄

လွတ်မြောက်ခြင်းနှင့်လုံခြုံခြင်း
1ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည်စစ်တိုက်၍၊ လက်ချောင်းတို့လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏။ 2ငါ့ကိုသနားသောသူ၊ ငါ၏မြို့ရိုး၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ ထိုဘုရားသခင်ကို ငါကိုးစား၏။ ငါ၏လူမျိုးကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏။ 3အိုထာဝရဘုရား၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ ပမာဏပြုတော်မူရသနည်း။ 4လူသည်အငွေ့နှင့် တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ ဖြစ်ကြပါ၏။ 5အိုထာဝရဘုရား၊ ကိုယ်တော်၏ မိုးကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည်။ 6လျှပ်စစ်ပြက်စေ၍ လေးမြားတော်တို့ကိုပစ်သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေ၍ နှိပ်စက်တော်မူပါ။ 7အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနုတ်တော်မူပါ။ တစ်ခဲနက်သော ရေထဲကလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်ထဲကလည်းကောင်း၊ ဆယ်ယူကယ်တင်တော်မူပါ။ 8သူတို့၏နှုတ်သည် မုသားစကားကိုပြောတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။
9အိုဘုရားသခင်၊ ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်။ ကြိုးဆယ်ပင်ရှိသောတူရိယာနှင့် ထောမနာသီချင်းဆိုပါမည်။ 10အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အားပေးတော်မူ၏။ ကိုယ်တော်၏ကျွန်ဒါဝိဒ်ကို ဆိုးသောဓားဘေးနှင့် ကင်းလွတ်စေတော်မူ၏။ 11တစ်ကျွန်းတစ်နိုင်ငံသားတို့၏လက်မှ၊ အကျွန်ုပ်ကိုနုတ်ယူ၍ ကယ်တင်တော်မူပါ။ သူတို့၏နှုတ်သည် မုသားစကားကို ပြောတတ်ပါ၏။ သူတို့၏ လက်ယာလက်သည်လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။ 12အကျွန်ုပ်တို့၏သားတို့သည် အရွယ်ပျိုစဉ်တွင်၊ ကြီးပွားသော ပျိုးပင်ကဲ့သို့လည်းကောင်း၊ သမီးတို့သည် ဘုံဗိမာန်နည်းတူ ထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။ 13အကျွန်ုပ်တို့၏ဘဏ္ဍာတိုက်တို့သည် အစားအသောက် အသုံးအဆောင်များနှင့် ပြည့်စုံခြင်း၊ သိုးတို့သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဖွားခြင်း၊ 14နွားတို့သည်လည်း ကြီးပွားများပြားခြင်းရှိပါစေသော။ အနိုင်အထက်ဝင်ခြင်း မရှိ။ သိမ်းသွားခြင်း မရှိ။ လမ်းတို့၌ ကြွေးကြော်မြည်တမ်းခြင်း မရှိပါစေနှင့်။ 15ထိုသို့နေသောလူမျိုးသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားသည် အကြင်လူမျိုး၏ ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏။

ဆာလံကျမ်း - ၁၄၄ (အနက်ဖွင့်)

ဆာ ၁၄၄၊ လူပျော်မင်းသား

ဤဆာလံကျမ်းသည် အခြားဆာလံကျမ်းမှ ကောက်သင်းကောက်ခြင်းဖြစ်သော်လည်း ကဘောက်တိ ကဘောက်ချာ တစစီမဟုတ်။ စနစ်တကျ သီကုံးထားသည်။

၁၄၄: ဘဝတိုက်ပွဲတခုလုံးကို အောင်မြင်အောင်စီမံဖြည့်ဆည်းပေးသော ဘုရားသခင်အား ဒါဝိဒ်မင်းက ဦးစွာကျေးဇူးစကားဆိုသည်။ ရန်သူများနှင့်ထိပ်တိုက်ရင်ဆိုင်ကြရာတွင် ဘုရားသခင်က ဒါဝိဒ်သို့ စစ်နည်းဗျူဟာ နည်းပရိယာယ်များပေးခဲ့သည်။ ဘုရားသခင်သည် ဒါဝိဒ်၏ကျောက်ဆောင်၊ မေတ္တာရှင်၊ ခံတပ်၊ ကယ်နှုတ်သူ၊ မျှော်စင်၊ ဒိုင်းလွှား၊ ခိုလှုံရာနှင့် အောင်ပွဲဖြစ်သည်။ ထို့ထက် ဘာများ လိုအပ်သေးသည်။

၁၄၄: ဘုရားသခင်၏ အလင်းတော်ထဲတွင် လူသည် ထည့်တွက်ရေတွက်စရာမဟုတ်။ သို့သော်လည်း ထိုမျှသောလူကို ဘုရားသခင်က ဂရုစိုက်သည်မှာ ကောင်းမြတ်ပေစွ။ လူသည် လူ့ပါးစပ်မှ ရှုထုတ်လိုက်သော အာငွေ့မျှသာ၊ ပြေးလွှားပျောက်ကွယ်တတ်သော အရိပ်မျှသာဖြစ်သည်။ လူတိုင်းထိုသို့သော ဘဝပိုင်ကြသည်။ ဒါဝိဒ်သည် ထူးခြားလေးနက်စွာ တွေးတောခံယူသည်။

၁၄၄: ဘုရားသခင်သည် လူ့မျက်စိဖြင့် မမြင်ရသော်လည်း ကြီးမြတ်တော်မူခြင်းသိရှိ၍ ဆာလံဆရာက ချီးမွမ်းသည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို တွေးဆလျှင် လူ့ရန်သူများသည် ဖြစ်ညစ် ကျယ် မပြောစလောက်မျှသာရှိသည်။ မျက်စိဖြင့် မမြင်ရသောဘုရားသခင်ကို မည်သို့ခံယူပါလဲ။ အံ့သြ ဘွယ်ရာ လက်ရာတော်များဖြင့် သိမြင်နိုင်သည်။ လောကတခွင်လုံးလှုပ်ကြသည်။ ကောင်းကင်တန်ဆာများက ဦးညွှတ်ကြသည်။ တောင်ကုန်းတောင်ကြီးများကို လက်တော်နှင့်ကိုင်တွယ်သောအခါ မီးတောင်များအဖြစ် ချော်ရည်များထွက်ကျသည်။ မြှားပစ်သည့်နှယ် လျှပ်ပန်းလျှပ်နွယ်များ ပြေးစေသည်။ ရန်သူများကို ကစဉ့်ကလျား ထွက်ပြေးစေပြီ။ ဒါဝိဒ်မင်းကို ကယ်နှုတ်သည်။ ကျူးကျော်ရေးသမားများလက်ထဲမှ ကယ်ထုတ်သည်။

၁၄၄:၁၁ ထိုသို့ဘုရားသခင်က ကယ်ထုတ်သောကြောင့် ဒါဝိဒ်မင်းသည် သီချင်းသစ်ဖွဲ့၍ ဘုရားရှင်ကို ချီးမွမ်းသည်။ မတော်မတရားသူများ၏ ဓါးဘေးရန်မှ ရွေးထုတ်သောကြောင့် ကြိုးဆယ်ပင် တပ် စောင်းကိုတီးခတ်၍ ဘုရားရှင်အား ထောမနာပြုသည်။ ထိုရန်သူများသည် ကတိသစ္စာများကို လွယ်လင့်တကူ နှုတ်ဖျားမှ မြွက်ဆို၍ တလွဲတချော်ပြောဆိုလုပ်ကိုင်ကြသည်။

၁၄၄:၁၂  မတော်မတရားသူများ၏ လက်ထဲမှ လွတ်မြောက်သောကြောင့် တိုင်းသူပြည်သား များလည်း ဝမ်းမြောက်ပျော်ရွှင်ကြသည်။ စင်စစ်တွင် ထိုပျော်ရွှင်ခြင်းဖြစ်သည်။ အနှစ်တထောင်နိုင်ငံ ထူထောင်သည့်အခါမှ သာလျှင် ပျော်ရွှင်ခြင်းအစစ်အမှန်ခံစားရမည်။

မိသားစုများ ကောင်းချီးမင်္ဂလာခံစားရသည်။ သားသမီးများ ကျန်းမာပျော်ရွှင်ကြသည်။ သန်မာထွား ကျိုင်းကြသည်။ မျှစ်စို့သို့နှယ် တောင့်တင်းကြသည်။ သမီးပျိုများသည်လည်း နန်းထိုက်တော်ဝင်ကြေးရှုပ် များသို့ လှပကြော့ရှင်းကြသည်။

၁၄၄:၁၃၁၅ မိုးမှန်လေမှန်ရာသီဥတုမှန်လာသဖြင့် လယ်ယာမြေက အဆင်သင့်ဖြစ်နေသည်။ ထွန်ယက်စိုက်ပျိုး၍ စည်ပင်ဝပြောကြမည်။ စပါးကျီနှင့်ပုတ်ထဲတွင် ကောက်ပဲသီးနှံဂျုံစပါးများ ပြည့်လျှံကြ မည်။ အလှူရေစက်လက်နှင့်မကွာ ပေး၍မကုန်လှူ၍မခမ်း လှူဒါန်းကြမည်။ အိမ်မွေးတိရစ္ဆာန်များ ထွန်းကားကြ၍  မြစိမ်းတောင်တခွင်တွင် သိုးအုပ်များ ရွစိတက်ကြမည်။ နွားတို့သည် ကြီးပွားကြမည်ဆိုသည် မှာ ဘေးဘယကင်းဝေး၍ ဆူဖြိုးဝပြဲကြမည်ဟု ဆိုလိုသည်။ အနိုင်အထက်ဝင်ခြင်းမရှိ၊ သိမ်းသွားခြင်းမရှိ။ လမ်းများပေါ်၌ အော်တမ်းခြင်းမရှိဆိုသည်မှာ သူတပါးကျူးကျော်ခြင်း၊ နိုင်ထက်စီးနင်းခြင်းမရှိ၊ ပေါ်တာ ဆွဲခြင်းမရှိ အတင်းလုပ်အားပေးခိုင်းခြင်းမရှိ။ လမ်းမပေါ်တွင် အလှူခံ၊ သူတောင်းစားများမရှိ။ ထမင်းငတ်၍ ရန်ဖြစ်ခြင်း၊ ခွက်စောင်းခုတ်ခြင်းကင်းသည်ဟု ဆိုလိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။