ဆာလံကျမ်း - ၁၄၃

ကူမတော်မူရန်ဆုတောင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကိုကြား၍၊ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။ 2ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။ 3ရန်သူသည် အကျွန်ုပ်၏ဝိညာဉ်ကိုညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင် နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာနေစေပါ၏။ 4အကျွန်ုပ်သည် စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက်ရှိပါ၏။ 5ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။ 6ကိုယ်တော်ထံသို့ လက်တို့ကိုဆန့်ပါ၏။ သွေ့ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါ၏။ 7အိုထာဝရဘုရား၊ အလျင်အမြန် နားထောင်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲတော်မူသဖြင့်၊ တွင်းထဲသို့ ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။ 8ကရုဏာတော်စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏။ 9အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏။ 10အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကို သွေးဆောင်တော်မူပါစေသော။ 11အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူသည်နှင့်အညီ၊ အကျွန်ုပ်၏ဝိညာဉ်ကို ဆင်းရဲဒုက္ခအထဲက နုတ်ယူတော်မူပါ။ 12ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ရန်သူတို့ကိုပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။

ဆာလံကျမ်း - ၁၄၃ (အနက်ဖွင့်)

ဆာ ၁၄၃၊ ဆုတောင်းခြင်းရောင်စဉ်ကြယ်

ကျမ်းပိုဒ် (၁၂)ပိုဒ်ပါရှိသော ဤဆာလံကျမ်းတွင် အံ့သြဘွယ်ရာစုံလင်စွာ ဆုတောင်းရာအချက်များ တွေ့မြင်ရသည်။ လေ့လာကြည့်ကြပါစို့။

၁၄၃: ပရိသတ်များအတွက် အထွေထွေဆုတောင်း “ဆုတောင်းစကား နားထောင်တော်မူပါ ဘုရားရှင်က ဆာလံဆရာ၏ဆုတောင်းသံ နားမထောင်သောကြောင့်မဟုတ်။ အလေးအနက်ထားစေလိုသည်။ ဒါဝိဒ်က သူဆုတောင်းစကားများကို သစ္စာတော်ရှိသည့်အတိုင်း ဖြေကြားစေချင်သည်။ ဖြောင့်မတ်တော်မူ သော ဘုရားရှင်ဖြစ်သည့်အတိုင်း ဆုတောင်းသံကို ကြားသိစေချင်သည်။ (အစေခံကျွန်လူယုံတော်ဖြစ်သည့် အတိုင်း သခင့်ထံသို့တိုင်တည်ခွင့်ရှိသည်)။

၁၄၃: နောင်တရခြင်း။ ဘုရားသခင်က သူ့ကို မတရားမျှတခြင်း မဖြစ်စေလို။ မျက်နှာသာ ပေးစရာမလို။ လူတိုင်းသည် အပြစ်သားချည်းဖြစ်သည်။ မည်သူကမှ မိမိအစွမ်းအစဖြင့် အလိုတော် နှင့်ညီသော ဖြောင့်မတ်ခြင်း စံချိန်စံညွှန်းမမီကြ။ ကျေးဇူးတော်ဖြင့်သာ ဘုရားရှင်တော်အား ဖူးမျှော်ခွင့် ရကြသည်။

နောင်တစိတ်ဖြင့် အထံတော်သို့ ပြန်လာရသည်။ မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်း သိရှိပြီး ယေရှုခရစ်တော်ကို ဝန်ခံရသည်။ ထိုအခါ ဘုရားရှင်ကသူ၏ ဖြောင့်မတ်ခြင်းကို မျှဝေပေးသည်။ ခရစ်တော်ကို လွှမ်းခြုံသွားသောကြောင့် ကောင်းကင်ဘုံနှင့် ထိုက်တန်သွားကြသည်။

၁၄၃: ပြဿနာဖြေရှင်းခြင်း။ အခြေအနေက သောင်တင်ရေမကျ။ ရန်သူများက ဒလစပ်လိုက်လာ ကြသည်။ မြေပေါ်သို့ လဲကျမတက်ပင်ပန်းလှပြီ။ ပတ်ဝန်းကျင်နှင့် မဆက်ဆံရ။ စိတ်လွတ်ကိုယ်လွတ် မလှုပ်ရှားရ။ အမှောင်ကမ္ဘာထဲတွင် ပုန်းအောင်းနေရသည်။ အလောင်းအသေကောင်နှင့်မခြား သီးခြား ကမ္ဘာတွင် ရှိနေသည်။

၁၄၃: ဘေးကြပ်နံကြပ်ဖြစ်ခြင်း။ တစုံတခုမလုပ်နိုင်တော့မည်ကို သွေးလန့်သည်။ အသက်စွန့်ဖို့ အသင့်၊ စိတ်နှလုံး ကြွေပြန်းမတတ် နာကျင်လှသည်။

၁၄၃: စားမြှုံ့ပြန်ခြင်း။ ဘေးဒုက္ခနွံထဲမှ ဘုရားသခင်က ကယ်ထုတ်ပုံများကို ပြန်လည်စားမြှုံ့ ပြန်သည်။ ဣသရေလလူများအပေါ် ဘုရားရှင်၏ကောင်းမြတ်ပုံများကို ပြန်လည် စဉ်းစားသည်။ ယခုအခါ ဘယ်များရောက်ကုန်ပြီလဲ။

၁၄၃: စိတ်အားထက်သန်ခြင်း။ ဆာလံဆရာသည် လက်ဆယ်ဖြာတင်ယှက်၍ ရှိခိုးဦးတင် ကန်တော့ဖူးမျှော်သည်။ ဘုရားသခင်က မကြား ကြားအောင် အော်ဟစ်ဆုတောင်းသည်။

အလေးအနက်ထားခြင်း။ ပတ်ကြားအက်မြေက မိုးကြိမျှော်လင့်သကဲ့သို့ ဘုရားသခင်ကို တမ်းတ သည်။ အလေးအနက်ထားသည်။

၁၄၃: ချက်ခြင်းလက်ငင်း။ အမြန်ဆုံး လာရောက်ကယ်တင်စေလိုသည်။ ထိုသို့ လာရောက် ကယ်တင်မည်ဟု ယုံကြည်သည်။ အချိန်ဆွဲလို့မဖြစ်။

အသနားခံခြင်း။ ဘုရားသခင်သည် အမျက်တော်ထွက်ရွေ့လား၊ စိတ်မဝင်စားရွေ့လား၊ အဘယ့်ကြောင့် မျက်နှာတော်လွှဲသနည်း။ ဆာလံဆရာသေပွဲဝင်ရတော့မည်။

၁၄၃: မေတ္တာတော်တောင်းခံခြင်း။ များမကြာမီ ဘုရားသခင်ထံမှ မေတ္တာစကားကြားသိရမည်ဟု မျှော်လင့်သည်။ နံနက်ယံခါဆိုသည်မှာ နံနက်စောစော သို့မဟုတ် များမကြာမှီဟု အနက်ရသည်။

ဆုတောင်းခြင်းလမ်းညွှန်။ ဆရာကြီးတပါးကမူ ဤကျမ်းပိုဒ်ကို ဘဝဆောင်ပုဒ်အဖြစ် ခံယူအပ်သည်ဟု ဆိုသည်။ လိုက်သွားမည့်လမ်ကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တမ်းတပါ၏ လူတိုင်းသည် ဘုရားသခင်၏ ဘဝလမ်းညွှန်မှုခံယူအပ်သည်။ သဘောရိုးအတိုင်းပြောရလျှင် လူသည်မိမိဘဝ ခရီးလမ်း မသိရှိကြ။အကောင်းဆုံး မရွေးချယ်တတ်ကြ။ ဘုရားသခင်ရွေးပေးသောလမ်းသာလျှင် အကျိုးထိ ရောက်သည်။ ပျော်ရွှင်ဘွယ်ရာဖြစ်သည်။

၁၄၃: ကယ်နှုတ်ဖို့ဆုတောင်း။ ရန်သူများက ခြိမ်းခြောက်နေသောကြောင့် ကယ်မရန် ဘုရားသခင်ထံသို့ ဒါဝိဒ်ဆုတောင်းသည်။ မိမိကိုယ်၌ တတ်နိုင်စွမ်းမရှိ။ ဘုရားရှင်သာ အားကိုးရသည်။ ထိုသို့ အထီးကျန် အဖော်မဲ့ခြင်းက ဘုရားသခင်ကို အားကိုးရန်အကြောင်းဖန်လာသည်။

၁၄၃:၁၀ သွန်သင်ရန်တောင်းခံခြင်း။ ဘုရားသခင်၏ အလိုတော်ကို သိရှိရန်သာမဟုတ်။ အလိုတော် နာခံတတ်သော စိတ်နှလုံးလည်းလိုချင်သည်။ ဘုရားသခင်ကို မိမိအရှင်သခင်အဖြစ် သိကျွမ်းလျှင် ထိုအရှင်သခင်ဖန်ဆင်းရှင်က မည်သူ့စကားနာခံရတော့မည်နည်း။

လမ်းဖြူးဖို့ဆုတောင်းခြင်း။ လူ့ဘဝသည် သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဖြစ်ကြသည်။ သို့သော် ဒါဝိဒ်ကဲ့သို့ ခယောင်းတောမှာ မလျှောက်ကြ။ ဘဝလမ်းခရီးမခက်ထန်ကြပါ။ သာယာဖြောင့်ဖြူးသော ဘဝ လမ်းခရီး လျှောက်လှမ်းလိုသည်။ ဘေးဒုက္ခမရောက်လို၊ သဲထိတ်ရင်ဖိုမနေချင်၊ သင်စွန့်ဆံဖျားမလျှောက် ချင်။

၁၄၃:၁၁ ကွယ်ကာစောင့်ရှောက်ရန် ဆုတောင်းခြင်း။ ကွယ်ကာစောင့်ရှောက်ခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရာဖြစ်သည် (နာမတော်အဘို့အလို့ငှါ)။ ဆာလံဆရာက ဘုရားသခင်၏ အနန္တတန်ခိုးတော်ကို ယုံကြည်စိတ်ချသည်။ ထိုသို့ယုံကြည်သည့်အတိုင်း ဘုရားရှင်က သူ့အား ဘေးဒုက္ခ နွံထဲသို့ ရောက်စေမည်မဟုတ်ဟု စိတ်ချသည်။ အဘယ်သို့ဆိုသော် ဘုရားရှင်သည် ဖြောင့်မတ်သည်။ နမူနာ ယူသင့်သော ဆုတောင်းစကားဖြစ်သည်။

၁၄၃:၁၂ ရန်သူများ ဝဋ်လည်ခြင်း။ နောက်ဆုံးတွင် ရန်သူများအား မငဲ့ညှာဘဲ ဖျက်ဆီးတော်မူပါဟု ဆုတောင်းသည်။ အကယ်၍သာ ဤဆုတောင်းစကားအတိုင်း ဘုရားသခင်က ငဲ့ညှာခြင်းမပြုလျှင် မည်သို့ ဖြစ်ကုန်ကြမည်နည်း။

လူ့လောမှာ လူဆိုးသူယုတ်များအား မငဲ့ညှာခြင်းသည် သဘာဝကျပါသည်။ လူဆိုးဓါးပြများအား ဖမ်းဆီးထောင်ချခြင်းသည် လူ့အဖွဲ့အစည်းအား ငဲ့ညှာစာနာခြင်းဖြစ်သည်။ အကျဉ်းသားများသည် စာနာမှုမရှိ၊ တရားမျှတမှုမရှိသူများဖြစ်သည်။ လူ့အဖွဲ့အစည်းကို ဦးစားပေးရသည်။ လူဆိုးများကို တရားတော်နှင့်အညီ စီရင်ရသည်။၁၀၃

ဒါဝိဒ်၏နောက်ဆုံးဆုတောင်းစကားမှာ သူ၏ယုံကြည်ရာသည် ယေဟောဝါဘုရားသခင်ဖြစ်သည် ဟူသော ခံယူချက်အပေါ်တွင် အခြေပြုသည်။ ဘုရားသခင်ဘက်တွင် ရပ်တည်သည်။ ဘုရားသခင်၏အစေ ခံယူသည်။ ရန်သူများက မည်သို့ဒုက္ခပေး၍ ဘေးတွန်းကြစေကာမူ မဖြုံ။ ဘုရားသခင်၏ အမှုတော်မြတ် ကိုသာ ဆက်လက် ထမ်းဆောင်မြဲထမ်းဆောင်မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။