ဆာလံကျမ်း - ၁၄၂

ကူမတော်မူရန်ဆုတောင်း
1ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့ လွှင့်၍ ဆုတောင်းပတ္ထနာပြု၏။ 2ရှေ့တော်၌ မြည်တမ်းသောစကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။ 3အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ 4လက်ယာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူ မရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူ မရှိပါ။ 5အိုထာဝရဘုရား၊ ကိုယ်တော်ကို အော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏နေရာ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဖို့ ဖြစ်တော်မူ၏။ 6အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ကြွေးကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့လက်မှ ကယ်နုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။ 7နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲက နုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေရကြပါလိမ့်မည်။

ဆာလံကျမ်း - ၁၄၂ (အနက်ဖွင့်)

ဆာ ၁၄၂ ဘယ်သူကမှ ဂရုမစိုက်

ရန်သူများက ထပ်ချပ်လိုက်လာကြပြီ။ မိတ်ဆွေများက စွန့်ခွာထွက်ပြေးကြပြီ။ ဒါဝိဒ်ကို အဘယ်မှာရှာ တွေ့နိုင်မည်လဲ။ ကောင်းကင်ကမြင့်၊ မြေကအပင်ပေါက်မရှိ။

၁၄၂: တယောက်တည်း အထီးကျန်သော်လည်း ဒါဝိဒ်သည် တိုးတိုးလေးဆုမတောင်း။ ကျယ်လောင်စွာ အော်ဟစ်ဆုတောင်းသည်။ ဆုတောင်းလျှောက်လဲသံသည် ကောင်းကင်ဘဝဂ်ဝယ် ပဲ့တင်ထပ် မျှ မြည်ဟိန်း၏ ဘုရားသခင်ရှေ့တွင် ခံစားချက်များ ရင်ဖွင့်သည် မကျေနပ်၍ စောဒကတက်ခြင်းမဟုတ်။ သူတပါးကို အ ပြစ်တင်ဖို့တိုင်ပြောခြင်းမဟုတ်။ မိမိ၏ဒုက္ခကို တင်ပြသည်။ မိမိကိုယ်ကို အားကိုးသမျှ ရေပေါ် အရုပ်ရေးသည့်နှယ် အရာမထင်၊ အချည်းနှီးဖြစ်ကြောင်း ဝန်ခံသည်။

၁၄၂: အဓိကအချက်မှာ ရန်သူများ၏ ပယောဂကြောင့် ဆင်းရဲဒုက္ခရောက်သည်။ သူသွားမည့် လမ်းခရီးတလျှောက်မှာ ခြေမချသာအောင် ထောင်ချောက်ကျော့ကွင်း ထောင်ထားကြသည်။ ဘေးဘယ်ညာ လှည့်ကြည့်သည်။ ကယ်မည့်သူရှိလေမလား။ ကြွက်တကောင် ကြောင်တမြီးမှ မတွေ့။ လူတိုင်းလူတိုင်းသည် ကိုယ်အရေးနှင့်ကိုယ်၊ ကိုယ့်အပူနှင့်ကိုယ်၊ ကိုယ်စီရှိကြသည်။ မည်သူကမှ ဆာလံဆရာကို ဂရုမစိုက်ကြ။ အကျွန်ုပ်အသက်ကို နှမြောသူမရှိဟု အော်ကြီးဟစ်ကျယ်အော်မိသည်။ လူ့လောက အဖွဲ့အစည်းသည် အတ္တ ကမ္ဘာပါလား။ လူကိုတန်ဘိုးမထားကြပါလား။ ယနေ့ခေတ်ကာလတွင် လူ့ဝိညာဉ်ကို တန်ဘိုးမထားသည့် အိပ်ပျော်နေသော အသင်းတော်များရှိနေကြပါသလား။

၁၄၂: လူကိုလူချင်းအားကိုးစရာ၊ ခိုလှုံးစရာမရှိလျှင် ဘာလုပ်ရမည်နည်း။ ဘုရားရှင်ကိုသာ အားကိုးလိုက်ပါ။ ကိုယ်တော်သည်အသက်ရှင်သောသူတို့၏ ခိုလှုံရာဖြစ်ပါသည်။ သို့ကြောင့် ဒါဝိဒ်က ဘုရားသခင်အား အမြန်ဆုံးလာရောက် ကယ်တင်ပါရန်ဆုတောင်းသည်။ အဘယ်သို့ဆိုတော် အသက်မျှင်ကြိုး ပြတ်တော့မည်။ ရန်သူများက တဘက်သတ်ခွန်အားကြီးမားပါသည်။ နှိုင်းဆ၍ မမှီအောင် တောင့်တင်းကြ သည်။ ယေဟောဝါဘုရားရှင်က ထိုဘေးရန်မှ ကယ်ထုတ်သောအခါ ကျေးဇူးတော်ကို အကြီးအကျယ်ချီးမွမ်း ပါမည်။

ယုံကြည်သူများကလည်း ဘေးပတ်လည်တွင် ဝိုင်းဝိုင်းလည်ကြမည်။ ကျေးဇူးတော်ချီးမွမ်းကြမည်။ မုဒိသာပွားကြမည်။ အဘယ်သို့ဆိုသော် ဘုရားရှင်၏ ကောင်းမြတ်ခြင်း မြည်းစမ်းကြရပြီ။ ထိုအကြောင်းကို Clarke က “ဘုရားရှင်သည် မိမိကိုယ်ကို ဘေးရန်မကွယ်ကာ နိုင်သူများ၏ အောင်ပွဲခံရာဖြစ်သည်” ဟုဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။