ဆာလံကျမ်း - ၁၄၁

ညဥ့်ဦးယံဆုတောင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ။ 2အကျွန်ုပ်၏ပတ္ထနာသည် မီးရှို့သောနံ့သာပေါင်းကဲ့သို့လည်းကောင်း၊ လက်ကိုချီခြင်းသည် ညဉ့်ဦးယံ ပူဇော်သကာကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ပြင်ဆင်လျက်ရှိပါစေသော။ 3အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။ 4ဒုစရိုက်ကို ပြုသောသူတို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှာ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ခဲဖွယ်စားဖွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။ 5ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတစ်ပါးပြုသော အဓမ္မအမှုတစ်ဖက်၌ ဆုတောင်းရပါ၏။ 6သူတို့၏အကဲအမှူးတို့သည် ကျောက်တွင်းနားမှလွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကားလည်း ချိုပါ၏။ 7မြေပေါ်မှာ ထင်းကိုခုတ်၍ ခွဲသကဲ့သို့၊ မရဏနိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏အရိုးများတို့သည် ကွဲပြားလျက် ရှိကြပါ၏။ 8အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။ 9အကျွန်ုပ်ဖို့ ထောင်ထားကြသော ကျော့ကွင်းမှလည်းကောင်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ ညွှတ်မှလည်းကောင်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။ 10ထိုသို့ အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသောသူအပေါင်းတို့သည် မိမိတို့ကျော့ကွင်းထဲသို့ ကျကြပါစေသော။

ဆာလံကျမ်း - ၁၄၁ (အနက်ဖွင့်)

ဆာ ၁၄၁၊ ဆုတောင်ခြင်းနံ့သာမွှေးတိုင်

၁၄၁: ဆာလံဆရာဒါဝိဒ်သည် သူ့အတွက်သာမက တိုင်းသူပြည်သား လူအများတွက်လည်း ဆုတောင်းသည်။ ကောင်းကင်သို့မော့၍ ဆုတောင်းသည်။ ဆုတောင်းသံများကို မနှေးအမြန် အရေးယူဆောင် ရွက်ပေးပါဟု ဆိုသည်။

၁၄၁: ဤကျမ်းချက် ကျက်သရေမင်္ဂလာနှင့်အထူးပြည့်စုံသည်။ ဆုတောင်းသံသည်ဘုရားသခင်ထံ တော်သို့ နံ့သာဆီမွှေးပူဇော်သည့်နှယ် သင်းပျံ့သည်။ နံနက်ယံနှင့် ညနေခင်းတိုင်းတွင် လက်စုံမိုးလျှက်ရှိခိုးဦး တင်ကန်တော့လေ့ရှိသည်။

၁၄၁: ယေဘုယျတောင်းရာမှ ဆုတောင်းသည့်အချက်အလက် အသေးစိပ်အတိအကျ တင်ပြသည်။ ပထမဆုံးအချက်မှာ ဒုစရိုက်သမားများနှင့် မပေါင်းသင်း၊ မကောင်းသောအမှုနှင့် မကျင်လည် မိအောင်၊ စိတ်အလိုမလိုက်မိဘို့ စိတ်ရိုင်းကို ထိန်းကျောင်းပေးပါဟု ဆိုသည်။ ဉာဏ်နီဉာဏ်နက်များဖယ်ပေး ပါ။ မကောင်းသောစကားလုံး ဖရုဿဝါစာမပြောမိဖို့ စည်းစောင့်စေတော်မူပါ။ ဘုရားရှင်တော်ကို ကြည်ညိုချီးမွမ်းသောနှုတ်ဖြင့် ညစ်ပတ်သောစကားလုံးမပြောပါရစေနှင့်။ မကောင်းသော အကြံအစည်နောက် သို့ မလိုမိအောင် စိတ်နှလုံးကိုလည်း စင်ကြယ်စေတော်မူပါ။ မတရားသောသူများသည် ဖျားယောင်းသွေး ဆောင်ခြင်း အထူးကျွမ်းကျင်သည်ဖြစ်၍ ရောယောင်မလိုက်မိပါစေနှင့်။

၁၄၁: ဘုရားဝတ်၌ ကျင်လည်သော မိတ်ကောင်းဆွေသဟာများ၏အကြံပြုချက်၊ ဝေဖန်ချက် များနှင့် ဆုံးမစကားများကို လှိုက်လှဲစွာကြိုဆိုပါသည်။ လူသည် မိမိအားနည်းချက်ကို မမြင်တတ်ပါ။ ဘေးလူထောက်ပြမှ ထင်ရှားစွာတွေ့မြင်တတ်သည်။ မိတ်ကောင်းဆွေကောင်းများသည် သူတပါးကို စေတနာ သန့်သန့်ဖြင့် ပြောပြတတ်ကြသည်။ ထိုသို့သော မေတ္တာစေတနာသည် ဆေးစွမ်းကောင်းတလက်ဖြစ်သည်။

ယခုမူကား သူတပါးပြုသောအဓမ္မမှုဘက်၌ ဆုတောင်းရပါ၏။

အဆက်အစပ် မရှိသကဲ့သို့မြင်ရသည်။ အပိုဒ်ငယ် (၄)တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဆာလံဆရာက ဒုစရိုက်သမား၏ အကြံပျက်စီးဖို့ ဆုတောင်းခဲ့သည်။ Darby က ဤသို့အနက်ဖွင့်ခဲ့သည်။ “အကျွန်ုပ် ဆုတောင်းချက်သည် ရန်သူများအတွက် ဖြစ်ပါစေသော်”။ ဆာလံဆရာ၏ ဆုတောင်းချက်သည် ရန်သူများ၏ အခက်အခဲပြဿနာများဖြစ်ပါစေ။ အချို့က ယုံကြည်သူခရစ်ယာန်များသည် ရန်သူများကို မေတ္တာပို့ရသည် မဟုတ်လား။ ထိုသို့ဆုတောင်းရသလား၊ ခရစ်ယာန်ကျင့်စဉ်နှင့် ဆန့်ကျင်သည်မဟုတ်လားဟု ဆင်ခြေ ပေးကြသည်။ အပိုဒ်ငယ် (၁၀)ကိုလည်း ထပ်ကြည့်ပါ။

၁၄၁: သူတို့၏အကဲအမှူးတို့သည် ကျောက်တွင်းနားမှ လွှတ်၍အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကားလည်းချိုပါ၏။

သူတို့၏အကဲအမှူးဆိုသည်မှာ ဇာခန်းဆီးနောက်ကွယ်မှ ကြိုးကိုင်ဆရာကြီး ဒုစရိုက်သမားကြီးကို ရည်ညွှန်းသည်။ ဘဝဇာတ်သိမ်း မရှုမလှကြုံရခါမှ ဆာလံဆရာ၏စကားသည် မှန်ကန်ပါလားဟု သိလာ ကြသည်။

၁၄၁: အကျွန်ုပ်၏အရိုးများသည် ကွဲပြားလျှက်ရှိ၏။ ပစ်စလက်ခတ်လွှင့်ပစ်ထားသောကြောင့် လယ်ထွန်သည့်အခါ အရိုးအပိုင်းအစများ ထိုးထိုးထောင်ထောင်ပေါ်နေပေလိမ့်မည်။

ဣသရေလတို့၏ ရန်သူများက ဣသရေလလူများအပေါ်သို့ ကိုယ်ချင်းမစာနာ နှိပ်စက်ကြပုံပြသသည်။ ဣသရေလလူများကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ဣသရေလအပေါင်းများအား သေချာစွာ မမြှုပ်နှံကြ။ အရိုးစုများပြန့်ကြဲနေသည်။ ယေဇကျေလ၏ရူပါရုံအတိုင်း ဖြစ်ပေမည်။ ပရောဖက်ယေဇကျေလ က ဣသရေလတို့၏ အရိုးခြောက်၊ အရိုးစုပုံများမြင်ခဲ့သည်။ (ယေဇ ၃၇:၁-၄)။

၁၄၁:၁၀ နောက်ဆုံးအပိုဒ်ငယ် (၃)ခုတွင် ဆာလံဆရာက သူ့ကိုသေဘေးမှ ကယ်ထုတ်ရန်နှင့် ရန်သူများသည် ကိုယ်လျှိုးကိုယ်ပတ်စေရန် ဆုတောင်းသည်။ ဆာလံဆရာ၏မျှော်လင့်ချက်သည် ဘုရားသခင် တပါးတည်းသာ ရှိသည်။ ဘုရားရှင်သာ ခိုလှုံရသည်။ သို့ကြောင့်လည်း ဘုရားမဲ့တရားမဲ့ဝါဒီများ၏ မာယာ ထောင်ချောက်မှ လွတ်ကင်းရန်ဆုပန်သည်။ ရန်သူများသည် မိမိတို့ထောင်သော ကြော့ကွင်း၌ ပြန်မိကြပါစေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။