ဆာလံကျမ်း - ၁၃၉

အကြွင်းမဲ့သိမြင်ခြင်းနှင့်ကြည့်ရှုခြင်း
1အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ 2အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ 3အကျွန်ုပ်သွားသော လမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။ 4အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။ 5ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။ 6ထိုသို့သော ဉာဏ်သည် အံ့ဩဖွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် မမီနိုင်ပါ။ 7ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ 8ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ 9နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌နေလျှင်၊ 10ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကိုပို့ဆောင်လျက်၊ လက်ယာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။ 11အကယ်၍ မှောင်မိုက်သည် ငါ့ကိုဖုံးလွှမ်းမည်ဟု တစ်ဖန်ဆိုလျှင်၊ ညသည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။ 12အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညသည် နေ့ကဲ့သို့လင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည်တူပါ၏။
13ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ 14အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။ 15မထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသောအခါ၊ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။ 16မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို ပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင်၊ ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ၏။ 17အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ 18ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ အကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။
19အိုဘုရားသခင်၊ ကိုယ်တော်သည် မတရားသောသူတို့ကို ကွပ်မျက်တော်မူပါစေသော။ လူအသက်ကို သတ်တတ်သောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ 20ထိုသူတို့သည် ကိုယ်တော်တစ်ဖက်၌ မနာလိုသောစိတ်နှင့် ပြောဆို၍၊ ကိုယ်တော်၏ရန်သူတို့သည် မတရားသဖြင့် ဝါကြွားကြပါ၏။ 21အိုထာဝရဘုရား၊ ကိုယ်တော်ကို မုန်းသောသူတို့ကို အကျွန်ုပ်မုန်းပါသည် မဟုတ်လော။ အာဏာတော်ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံရှာပါသည် မဟုတ်လော။ 22ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ်ရန်သူကဲ့သို့ မှတ်ပါ၏။ 23အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ 24ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကိုကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။

ဆာလံကျမ်း - ၁၃၉ (အနက်ဖွင့်)

ဆာ ၁၃၉၊ ကြီးမြတ်လှသောဘုရားရှင်

ကြီးမြတ်လှသောဘုရားရှင်

လက်ရာတော်သည် အံ့ဘနန်း

နေရာတိုင်းမှာ ကိုယ်တော်ရှင်

မတတ်စွမ်းနိုင်သည်မရှိ။

ဘုရားသခင်ထံသို့ မရမက၊ အပူတပြင်းတောင်းဆိုလျှင် ဘုရားသခင်ကကြွယ်ဝစွာစီရီပေးပါသည်။

ဒါဝိဒ်မင်း၏ အာရုံပြုဆုတောင်းပုံကို ဆာလံတေးတွင် နမူနာယူနိုင်ကြသည်။

၁၃၉: ဘုရားသခင်သည် အရာခပ်သိမ်းကို သိတော်မူသော သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားရှင်တော်က တွေ့မြင်သိရှိသည်။ ဘုရားသခင် မမြင်သောအရာ အဖြစ်အပျက်မရှိ။

ကိုယ်တော်မသိတာမရှိ

စကြာဝဋ္ဌာမိုးမြေတွင် ကန့်သတ်ချက်ရှိလည်း

ကိုယ်တော်က ကမ်းခြေသဲမှုန့်ပွင့်၏ ဇတ်လမ်းစုံလင်သိရှိသည်။

ဘုရားသခင်သည် လူတဦးတယောက်စီ၏ ဘဝဇာတ်ကြောင်းကုန်စင်ကို သိရှိသည်။ ၁၉၈၈ခုနှစ် တွင် ကမ္ဘာလူဦးရေ သန်းပေါင်း(၅၀၀၀)ခန့် ခန့်မှန်းထားသည်။ ဘုရားသခင်သည် ထိုမျှသောလူများ၏ အကြောင်းစုံကို သိရှိသည်။ တယောက်မကျန် လူတိုင်းကို သိရှိသည်။

လူတိုင်းကိုစစ်ကြော၍ ကြံစည်ပြုမူမှုတိုင်းကို သိရှိသည်။ စိတ်နှလုံးထဲတွင် မည်သည့်အကြောင်း အရာ ကြံစည်သည်ကိုလည်း သိရှိသည်။ ထိုင်သည်ဖြစ်စေ၊ ထသည်ဖြစ်စေ နောကြေသည်။ မည်သည့် အကြောင်းအရာ ကြံစည်ကြောင်းကိုလည်း ထွင်းဖောက်သိမြင်သည်။

၁၃၉: လမ်းလျှောက်သည်ဖြစ်စေ လဲလျောင်းအိပ်စက်အနားယူသည့်အခါ ဖြစ်စေ၊ ကိုယ်တော် ကြည့်ရှုနေသည်။ တနည်းအားဖြင့် မျက်စိဒုတ်ထောက်ကြည့်နေသည်။ ကိုယ်တော်ရှေ့တွင် ဖုံးကွယ်၍မရ။

၁၃၉: စကားမပြောခင်က ပြောမည့်စကားကြိုသိသည်။ လူတဦး၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးကို ကွင်းပြင်တွင် ကြည့်ရသကဲ့သို့ တွေ့မြင်သည်။

၁၃၉: “ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လွန်ထားလျှက်ရှိကြသည်” (ဟေဗြဲ ၄:၁၃)”ကိုယ်တော်၏ သဗ္ဗညုတဉာဏ်တော်သည် အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်သည်။ လူရှေ့နှင့်နောက် မှ ကာကွယ်ပေးသည်။ သက်တော်ဖြင့်ဖုံးအုပ်၍ အစဉ်ကွယ်ကာစောင့်ရှောက်သည်။

၁၃၉: ဘုရားသခင်၏ဉာဏ်တော်ကို လူ့တထွာတမိုက်ဉာဏ်ဖြင့် မှန်းဆတိုင်းထွာ၍မရ၊ လူ့ဦးနှောက်သည် ကန့်သတ်ချက်ရှိသည်။ မိမိကိုယ်ကို ပညာရှိ၊ လူတတ်ကြီးဟု ထင်မြင်ကြသော်လည်း ဘုရားရှေ့တော်သို့ ရောက်သည့်အခါ နှမ်းစေ့ပမာ ငယ်သွားသည်။ ဘုရားသခင်ကို ဦးညွတ်ရှိခိုးစရာသာ ရှိသည်။ မနှိုင်းအပ်၊ မယှဉ်ဝံ့ပါ။

၁၃၉: ဘုရားသခင်သည် သဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်သည့်အပြင် နေရာတိုင်းမှာလည်း ရှိတော် မူသည်။ တချိန်တည်း နေရာတိုင်း၌ရှိသော်လည်း ဘုရားသခင်သည် ကိုယ်ခွဲဘုရား၊ ဗဟုကိန်းဘုရားမဟုတ်။ အရာခပ်သိမ်းသည် ထိုဘုရားရှင်၏ ဖန်ဆင်းခြင်းလက်တော်ရာဖြစ်သည်။ ထိုဘုရားရှင်သည် ဖန်ဆင်း ထားသောအရာများနှင့် တသွေးသားတည်း  တဂိုဏ်းတည်းမဟုတ်။ ထူးခြားလေးနက်သည်။ ဝိညာဉ်တော်၏ မမြင်ကွယ်ရာအရပ်မရှိပါ။ ဘုရားသခင်မမြင်နိုင်အောင် မည်သူပုန်းအောင်းနိုင်သနည်း။ ကောင်းကင်သို့ တက်ပုန်းလိုက်ဦး ဘုရားသခင်ကို ဘွားကနဲတွေးဦးမည်။ ကောင်းကင်သည် ဘုရားသခင်၏ ပလ္လင်တည်ရာ (မ ၅:၃၄)ဖြစ်သည်။ မရဏပြည်ရွာတွင် ကျောခင်းလျှင်လည်း (သေလွန်လျှင်လည်း) ကိုယ်တော်ကို တွေ့ရဦးမည်။

၁၃၉:၁၀ နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌နေလျှင် ထိုအရပ်၌ ကိုယ်တော်လက်တော် သည် အကျွန်ုပ်ကိုပို့ဆောင်လျှက် လက်ယာလက်တော်သည် ကိုင်လျှက်ရှိပါလိမ့်မည် နံနက်၏ အတောင်ဆိုသည်မှာ နေရောင်ခြည်ဖြစ်သည်။ နေရောင်ခြည်သည် တစက္ကန့်လျှင်မိုင်ပေါင်း ၁၈၆,၀၀၀ နှုန်းဖြင့် သွားသည်။ ထိုနှုန်းထားအရှိန်ဖြင့် စကြဝဋ္ဌာအစွန်းမှ ပြေးသွားလျှင် ဘုရားသခင်ကိုတွေ့နိုင်မည်။ ဘုရားသခင်ကလမ်းပြဖို့ လက်ကမ်းစောင့်နေပေလိမ့်မည်။

အပိုဒ်ငယ် ၉-၁၀က ဂျက်လေယာဉ်ဖြင့် ကမ္ဘာမြေကို လှည့်ပတ်မည့်အရှိန်အဟုန်ကို ပုံဥပမာ ပေးကြသည်။ ထိုကျမ်းစကားကို ဖတ်ရှုတိုင်း ၁၉၆၉ခုနှစ်တွင် ဘုရားသခင်က စာရေးသူတို့ ပြောစကားကို မမေ့။ ဂျက်လေယာဉ်ပျံစီးတိုင်း နေရောင်၏အရှိန်အတိုင်း ပျံသန်းကြရာ ကမ္ဘာမြေမှ အပြီးအပိုင် ထွက်ခွာ သည်ဟု ခံစားရသည်။ မည်သို့ပင် ပျံသန်းပါစေ၊ သွားလေရာရောက်လေရာမှာ ဘုရားရှင်က ကွယ်ကာ စောင့်ရှောက်သည်။ ‘သင့်အနားမှာ ငါရှိသည်’ ဟူသောစကားတော်ကြားယောင်သည်။ ထိုလေယာဉ်မျိုးစီး၍ ခရီးသွားမည့် မိတ်ဆွေများကို ဝေမျှအားပေးလိုက်ပါ။

၁၃၉:၁၁၁၂ ဘုရားသခင်၏မမြင်ကွယ်ရာတွင် ပုန်းခိုသူသည် ဘုရားတုထံတွင် ခိုအောင်းခြင်း ဖြစ်သည်။ မဟူရာညဉ့်နက်သန်းခေါင်ယံကလည်း လူကိုမဖုံးကွယ်နိုင်ပါ။ ဘုရားသခင်ရှေ့တော်တွင် ညဉ့်လယ်ယံသည်လည်း အလင်းဖြစ်သည်။

ဘုရားသခင်ရှေ့မှ လွတ်မြောက်ရာလမ်းမရှိ၊ Pascal က”နေရာတိုင်းမှာ ကိုယ်တော်သတင်းသုံးတော် မူသည်။ ချန်လှပ်သောနေရာမရှိ” ဟုဆိုသည်။

၁၃၉:၁၃၁၄ နေရာတိုင်းတွင် ဘုရားရှင်သတင်းသုံးတော်မူကြောင်း ပြောပြပြီးနောက် တန်ခိုးတော် နှင့် ကျွမ်းကျင်တတ်မြောက်ပုံ တဖန်ဖောက်သည်ချသည်။ အနန္တတန်ခိုးရှိတော်မူကြောင်း သက်သေ အထောက်အထားများစွာအနက် မိခင်ဝမ်းထဲမှ သန္ဓေသားအကြောင်း ထုတ်နှုတ်ရှင်းပြသည်။ ကာလ ရေကြည်ဘဝမှစ၍ အသွေးအသားဖြစ်လာပြီး၊ ထိုမှတဆင့် တဖြည်းဖြည်းပြောင်းလဲကြီးထွားလာသည်။ အသားရောင်၊ မျက်လုံး၊ ဆံပင်၊ မျက်နှာပေါက်၊ လူ့အင်္ဂါရပ်များဖြစ်ပေါ်လာသည်။ ဥထဲမှ အကောင်ပေါက် လာသည့်နှယ် ကလေးငယ်သည်လည်း ပြောင်းလဲကြီးပြင်းလာသည်။ မည်သို့ကြီးပြင်းကြီးထွာလာသနည်း။

ကလာပ်စည်းပေါင်း (၆,၀၀၀,၀၀၀,၀၀၀,၀၀၀) ရှိ၍ မိုင်ပေါင်း တသိန်းကျော်တဆက်တည်း ဆန့်ထုတ်နိုင်သည်။ အရိုးပေါင်း ၂၅၀ခန့်ရှိ၍  အရိုးအဆစ်များ၊ အကြောများ၊ သွေးမျှင်ကြောများဖြင့် မပြတ်လည်ပတ်နေသည်။

ဒါဝိဒ်က လူ့ခန္ဓာဖွဲ့စည်းရာတွင် ပညာသားကြွယ်ဝပုံအား ချီးမွမ်းသည်။ အကျွန်ုပ်ကျောက်ကပ်ကို ဖန်ဆင်း၍ အမိဝမ်းထဲမှ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ ကြောက်မက်ဖွယ်လက္ခဏာ၊ ထူးဆန်းသောလက္ခဏာ တို့ဖြင့် ပြည့်စုံသောကြောင့် ကိုယ်တော်ကို ချီးမွမ်းပါသည်ဟုဆိုသည်။ ဘုရားသခင်က လူ့ဝမ်းထဲတွင် ကလီစာများကို စနစ်တကျ ပြုပြင်ဖန်ဆင်းပေးသည်။ အင်္ဂါအစိပ်အပိုင်းတခုစီသည် အံ့ဘွယ်အလုပ် လုပ်ကြ သည်။ ဦးနှောက်အကြောင်းကို စဉ်းစားကြည့်ပါ။ မှတ်သိဉာဏ်ပေါင်းများစွာ သိုလှောင်သည်။ အသံ၊ အမြင်၊ အကြား၊ အထိအတွေ့၊ နာကျင်မှုများကို သိရှိသိမှီသည်။ ပြန်ခေါ်လျှင်လည်း သတိရသည်။ ရေတွက်ပြနိုင်သည်။ ဆုံးဖြတ်ချက်ပေါင်းများစွာ ချမှတ်နိုင်သကဲ့သို့ ပြဿနာပေါင်းစုံကိုလည်း ဖြေရှင်းပေး နိုင်သည်။

ဘုရားရှင်က မိခင်ဝမ်းကတည်းက ပြင်ဆင်ပေးသည်။ သွေးသားတည်ဆောက်ပုံ၊ အရိုး၊ အကြော၊ သွေးပြန်ကြော၊ အသားမျှင်စသဖြင့် သူ့နေရာနှင့်သူ စနစ်တကျ နေရာချ၍ အလုပ်ကိုယ်စီပေးထားသည်။

ဒါဝိဒ်သည် ထိုအကြောင်းကို စဉ်းစားသောအခါ ဘုရားသခင်အား မချီးမွမ်းဘဲမနေနိုင်။ ဘုရားသခင် က လူ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ တွေးတောသောအခါ ကြက်သီးမွှေးညှင်းထသည်။ လက်ရာတော်သည် လူးဆန်းအံ့သြဘွယ်ကောင်းပါဘိ။ လူ့ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ တွေးတောပါလျှင် စိတ်ရှုပ်ထွေးစရာ များသကဲ့သို့ အံ့သြဘွယ်ရာလည်း ကောင်းသည်။ ထူးခြားဆန်းပြားသည်။ ထိုအမှုအရာများကို နားလည် နိုင်စွမ်းမရှိ၊ စဉ်းစားနိုင်စွမ်းမပြု၊ ချီးမွမ်းနေကြလျှင် ထိုအရာများကို ဖန်တီးသောအရှင်သည် ပို၍အံ့သြ ချီးမွမ်းဘွယ်ရာကောင်းပါသည်။

၁၃၉:၁၅ ဆာလံဆရာက သူ့ခန္ဓာကိုယ်ကို မိခင်၏သားအိမ်ထဲသို့ ပြန်ထည့်ပါသည်။ ငါ၊ ငါ၏ ငါကိုဟူသော စကားလုံးများသုံးထားသည်။ လူကို ကိုယ်စားပြုသုံးနှုန်းခြင်းဖြစ်သည်။ သမ္မာကျမ်းရှုထောင့် အရ လူသည် မမွေးဖွားမီကပင် အသက်ရှိသည်။ ထို့ကြောင့် ကလေးဖျက်ချခြင်းသည် လူသတ်မှု ဖြစ်သည်။

ဘုရားသခင်က ဒါဝိဒ်အား ထိုကာလရေကြည်ဘဝမှစ၍ သိမြင်ထားသည်။ လူ့လောကသို့ ရောက်လာ သည့်အခါတွင်လည်း မျက်နှာတော်ရှေ့မှ ပုန်းကွယ်၍မရ၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာပြင်ဆင်တော်မူ သောအခါ ကိုယ်ခန္ဓာသည် ရှေ့တော်၌ထင်ရှားပါ၏။ အမှန်တကယ်မြေကြီးအောက်တွင် ထည့်ထားခြင်း မဟုတ်။ မည်သည်လူသားမှ ထိုကဲ့သို့ မြေကြီးထဲမှ ပေါက်ဖွားလာသူမရှိ။ မိခင်၏ဝမ်းထဲမှ မွေးဖွားသန့်စင် လာခြင်းကို တင်စားခြင်းဖြစ်သည်။ ထိုစကားမျိုးကို ဧ ၄:၉တွင်လည်း တွေ့ရသည်။ “အစကမြေကြီးအောက် အရပ်သို့ ဆင်းသက်တော်မူကြောင်း”ဟု ဆိုသည်။ ထိုကျမ်းစကားတွင်လည်း လူ့ပြည်လူ့ရွာတွင် လူ့ဇာတိခံယူဖို့ ပျိုကညာမာရိ၏ဝမ်းဗိုက်ထဲသို့ သန္ဓေတည်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏လူ့ဇာတိကို ခံယူပုံအတ္ထုပတ္တိတည်း။

၁၃၉:၁၆ ဆာလံဆရာ၏ မစုံလင်သေးသော အလုံးအထွေးဘဝဟူသည်မှာ သန္ဓေသားလောင်း ကာလ ကြည်ရေဘဝကို ဆိုလိုသည်။ Barnesနှင့် အခြား ဓမ္မပညာရှင်များက “လူ့ကိုယ်ခန္ဓာအစိပ်အပိုင်းများ သရုပ် မပေါ်မီ အသားစိုင်ပုံစံဖြင့် စုပြုံလုံးထွေးနေသည့်ဆင့်”ဟု ခေါ်ကြသည်။ ထိုဘဝထိုကာလကတည်းကပင် ဘုရားသခင်က ဣသရေလဂန္တဝင်အဆိုတော်ကြီးအား သိရှိသည်။

ဘုရားသခင်၏မှတ်တမ်းအရပ်ထဲတွင်လည်း ဒါဝိဒ်၏ဘဝဖြစ်စဉ် အသေးစိတ်ရေးမှတ်ထားသည်။ လူ့ဘဝသို့ရောက်ရှိ၍ “အူဝဲ” ဟု မအော်မီကာလမှပင် လှုပ်ရှားမှုအားလုံး မှတ်တမ်းတင်ထားသည်။

၁၃၉:၁၇၁၈က ဘုရားသခင်က လူ့ဝိညာဉ်၊ စိတ်၊ ခန္ဓာကိုယ်ဖွဲ့စည်းစောင့်ထိန်းပုံသည် သြချလောက် ပါပေသည်။ အကြံအစည်တော်သည် မြင့်မားလှပါဘိ၊ အသေးစိပ်ကျလွန်းသည်။ Andrew Lryက “သွေကြော မျှင်တခုစီမျှပင် ပစ်စလက်လတ်မပြု၊ စနစ်တကျဖန်တီး၍ တာဝန်ကိုယ်စီပေးထားသည်။ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်။ သွေးကြောမျှင်တချောင်း ပျက်စီးသည်နှင့် ခန္ဓာကိုယ်တခုလုံးသို့ ထိခိုက်သည်”ဟု ဆိုသည်။

၁၃၉:၁၈ခ အကျွန်ုပ်သည် နိုးသောအခါကိုယ်တော်ထံအနီး၌ ရှိပါ၏။ ဆာလံဆရာမွေးဖွားသန့်စင် သည့်အချိန်ဆိုလိုဟန်ရှိသည်။ အထက်အပိုဒ်ငယ် (၁၃-၁၈က)တွင် အမိဝမ်းထဲတွင် နေရသည့် (၉)လတာ ကာလပတ်လုံး ဘုရားရှင်နှင့် နီးစပ်သည်ဟုဆိုခဲ့သည်။ လူ့လောကသို့ မွေးသန့်စင်သည့်အခါတွင်လည်း ပြောင်းလဲခြင်းမရှိ။ အကွယ်အကာရှင်၊ ထောက်မသူ၊ လမ်းပြရှင်အနားတွင် နီးကပ်စွာရှိသည်။ ထို့ကြောင့် မွေးဖွားခြင်းကို အိပ်ယာနိုးခြင်းဟုဆိုသည်။ ပထမဆုံးအကြိမ် လူ့လောကအလင်းတွေ့မြင်ခြင်းကို တင်စားသည်။

၁၃၉:၁၉၂၂ နေရာတိုင်းမှာ ရှိတော်မူသောဘုရားသခင်၏ သဗ္ဗုညုတဉာဏ်တော်၊ အနန္တတန်ခိုးရှင် ဖြစ်ကြောင်း ဆင်ခြင်သိရှိပြီးသောအခါ လူကိုခွေးလှေးကြက်သန်းကဲ့သို့ မြင်သည်။ ထိုပမာဏမျှသာရှိသော လူက ဘုရားသခင်ကို အန်တုဆန့်ကျင်ခြင်းသည် မိုက်ရှိုင်းခြင်းသက်သက်ဖြစ်သည်။ အငယ် ၁၉-၂၂ပါ ဆုတောင်းချက်ကို ဖတ်ရှုသောသူအချို့က မျက်လုံးပြူးသွားကြသည်။ ခရစ်ယာန်တဦး၏ ဆုတောင်းသံမှ ဟုတ်ပါလေစ။ ဆာလံဆရာ၏ဆုတောင်းချက်ပါ တရားစီရင်ခြင်းသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော် နှင့် လားလားမျှ မအပ်စပ်၊ ဘုရားသခင်၏ မေတ္တာတော်သည် မြင့်မြတ်စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း ဖြစ်သည်ဟု စာရေးသူခံယူပါသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာမှန်ပါသည်။ သို့သော်လည်း အရာခပ်သိမ်းသည် အမှန်တရား သစ္စာစကားမဟုတ်။ ကိုယ်တော်ဘုရားစီမံရာသည်သာ သမ္မာသစ္စာ မှန်ပါသည်။ ချစ်ခြင်းမေတ္တာသည် မတော်မတရားမှုကို လက်မခံ။ “ရုန်းရင်းဆန်ခတ်မှုကို ချစ်ခင်သူသည် ဝိညာဉ်တော်ကိုမုန်းသည်” (ဆာ ၁၁:၅)။ ဒုစရိုက်ဟူသမျှကို မုန်းသည် (ဆာ ၅:၅)။ ထောင်လွှားသောမျက်လုံး၊ လိမ်ညာသော လျှာ၊ အပြစ်မဲ့သူကို သတ်သောလက်၊ မကောင်းကြံစည်သောစိတ်ထား၊ဒုစရိုက်နေရာသို့ ပြေးလွှားသောခြေထောက်၊ သက်သေအတုလိုက်သူများအား ဘုရားရှင်က မုန်းသည် (သု ၆:၁၆-၁၉)။

Edward Young ကလည်းဤသို့ကတိပေးသည်-

ဒါဝိဒ်၏ဆုတောင်းစကားကို ဝေဖန်စောကြောခြင်းမပြုမှီ၊ မိမိဆုတောင်းခဲ့ပုံများကိုလည်း ပြန်လည် ကြားယောင်ပါ။ ထို့ထက်ဆိုးရွားကြပါသလား၊ ထိုစကားအတိုင်းဘဲလား။ ပဌာနတော်ရွက်ဆို သည့်အခါ နိုင်ငံတော်တည်ထောင်ပါစေသား၊ အလိုတော်သည် ပြည့်စုံပါစေသားဟု ဆိုကြသည် မဟုတ်လား။

ရန်သူများပျက်စီးခြင်းသည် ခရစ်တော်၏နိုင်ငံတော်ပေါ်ထွန်းတော့မည့် အတိတ်နိမိတ်ဖြစ်သည်။ အချင်းချင်း အပြန်အလှန်ဆုတောင်းပေးကြပါစို့။ ဘုရားသခင်က လူဆိုးများအား အမြန်ရှင်းလင်းပါစေဟု ဒါဝိဒ်က မရှက်မကြောက်ဆုတောင်းသည်။ လူ့သွေးချောင်းမစီးတော့စေရန် ထိုလူဟော့ရမ်းဆိုးသွမ်းသူများကို ဖယ်ရှားပေးပါ (ငယ် ၂၉)။ ထိုသူများမှာ ဘုရားသခင်ကို မလိမ့်တပတ် လက်တလုံးခြား လိမ်လည်လှည့်ဖျား သူများ ဘုရားရှင်၏ တရားတော်ကို ဟောပြောဟန်ပြု၍ မိမိအကြောင်း ဝါကြွားသူများဖြစ်သည်။

ဒါဝိဒ်က ထိုသူများမုန်းတီးခြင်းသည် ပုဂ္ဂိုလ်ရေးမုန်းတီးခြင်း အာဃာတထားခြင်းမဟုတ်။ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ကြသောကြောင့် ဒါဝိဒ်က မျက်မုန်းကျိုးသည်။ သူမုန်းတီးသောသူများကို ဘုရားသခင်ကလည်း မုန်းတီးပါ။ ရန်သူများအဖြစ် သတ်မှတ်ပေးပါဟု ဆိုသည်။ ဤအဖြစ်အပျက်က သခင်ယေရှု၏ လုပ်ဆောင်ချက်ကို သတိရစေသည်။ ခမည်းတော်ဘုရား၏ဗိမာန်တော်ထဲတွင် ဝိသမလောဘ တက်၍ တလွဲလုပ်စားကြသော ငွေကုန်သည်များကို သခင်ယေရှုကိုယ်တိုင် မောင်းထုတ်ခဲ့သည်။ ဒါဝိဒ်၏ စောင်းခတ်သံသည် သခင်ယေရှု၏ရင်ခုန်သံဖြစ်သည်။ Edward Young က ဤသို့ရှင်းပြသည်

ဒါဝိဒ်၏ အမုန်းဒေါသသည် ဘုရားသခင်၏အမုန်းဒေါသဖြစ်သည်။ အကျင့်ယုတ်အမြင်ကတ်ခြင်း မဟုတ်။ မတော်မတရားသူများ ကွယ်ပျောက်၍ ဘုရားသခင်၏အလိုတော်နှင့်အညီ ရှင်သန်ကြရေး ရည်ရွယ်သည်။ ဒုစရိုက်သမားများကို တမင်သတ်သတ်မမုန်းပါ။ ဘုရားသခင်ကလည်း ဗလာချည်း အပြစ်မစီရင်ပါ။ ဒါဝိဒ်၏မုန်းတီးခြင်းစိတ်ထားမျိုး နားလည်ခံယူနိုင်ကြပါစေ။၁၀၀

၁၃၉:၂၃၂၄ ဘုရားသခင်က လူ၏ကိုယ်စိတ်ကျန်းမာချမ်းသာကြပါစေကြောင်း ဆုပဏ္ဏာချွေ၍ ပြည့်ဖုံးကား ချသည်။ ထိုဆုမွန်သည် လူ့လောကတွင် အပြစ်ကျူးလွန်နိုင်သည့် သန့်ရှင်းသူများရှိနေသေးသရွေ့ ရှိနေဦးမည်။ ဘုရားသခင်သည် လူ့စိတ်နှလုံးကို ဖွင့်ကြည့်သူဖြစ်ပါသည်။ မတော်မတရားလမ်းသို့ သွေဖီသူများကို စစ်ဆေးသည်။ ထာ၀ရလမ်းထဲသို့သွေးဆောင်တော်မူပါ။

ထိုဆုတောင်းစကားသည် မိမိ၌အပြစ်မရှိကြောင်း ဖြောင့်မတ်မှန်ကန်ကြောင်း ဘုရားရှင်ကို စိန်ခေါ်ခြင်းမဟုတ်။ မိမိ၌ အပြစ်ဗရဗွထူပြောကြောင်း ဝန်ခံချက်ဖြစ်သည်။ မသိလိုက်သောအပြစ်များလည်း များပြားရသည်ကား ဘုရားရှင်တော် ထောက်ပြတော်မူပါ။ လမ်းမှန်ကမ်းမှန်သို့ ပြန်ပို့ပေးတော်မူပါ။ သို့မှသာလျှင် သမ္မာလမ်းအတိုင်း လျှောက်လှမ်းနိုင်ပေမည်ဟု ဝန်ခံသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။