ဆာလံကျမ်း - ၁၃၁

ကိုးစားသူ၏ဆုတောင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်းမမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သောအမှုတို့၌ မကျင်လည်ပါ။ 2အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။ 3ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလအစဉ်မပြတ် ထာဝရဘုရားကို မျှော်လင့်ပါစေ။

ဆာလံကျမ်း - ၁၃၁ (အနက်ဖွင့်)

ဆာ ၁၃၁ အသိရှိရှိနှိမ့်ချရိုကျိုးခြင်း

လူ့ဘဝတွင် မရှင်းပြနိုင်သော ဘ၀ပြဿနာပေါင်းစုံရှိသည်။ မတိုင်းဆနိုင်သော လျှို့ဝှက်ချက်များရှိသည်။ အဖြေမညှိုနိုင်သောပုစ္ဆာများစွာရှိပါသည်။

ဥပမာအားဖြင့် လူဆင်းရဲချို့တဲ့မှုပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပါသနည်း။

အဖြေမရသောဆုတောင်းချက်များကို မည်သူက အဖြေမှန်တိကျစွာပေးနိုင်သနည်း။

ဘုရားသခင်၏ရွေးချယ်ခန့်အပ်ခြင်းနှင့်လူတို့၏ ရွေးချယ်တင်မြှောက်ခြင်းကို မည်သို့ဆက်စပ် ပေးနိုင်ကြသနည်း။

၁၃၁:၁။ ဒါဝိဒ်သည် မေးသမျှလူ့ဘဝပုစ္ဆာများကို တတ်ယောင်ကား အဖြေစကားမပေးပါ။ ဘဝင် မမြင့်ပါ။ မသိနားမလည်သည်များကို တက်သလိုမှတ်သလို ဆရာမလုပ်။ မျက်နှာကြီးမျိုးမလုပ်။ အထက်တန်းလွှာကိုသာ စောင့်မကြည့်။ ဘဝမမေ့။ မသိလျှင် “မသိဘူး”ဟုဖြေကြားရန် ဝန်မလေး။ ထိုသို့ ပြောရမှာမရှက်။ သိသမျှတတ်သမျှသာ ဝန်ခံသည်။ ဘုရားသခင်၏လျှို့ဝှက်နက်နဲမှုကို လက်လှမ်းမမီ ကြောင်း ဝန်ခံသည်။ ကိုယ်နှင့်မဆိုင် ကြီးမြင့်သောအမှု၌ မကျင်လည်။ အရာရာကို ဘာမှတကယ်မသိသလား။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် လျှို့ဝှက်ချက်များကို ဉာဏ်မမီဟု ဝန်ခံသည်။

၁၃၁: ဘုရားသခင်၏ ဉာဏ်ပညာချစ်ခြင်းမေတ္တာနှင့်တန်ခိုးတော်ယုံစားသူများသည် စိတ်ဝိညာဉ် ငြိမ်သက်ချမ်းမြေ့ကြသည်။ မိခင်နို့ကို မစို့နိုင်တော့သော ကလေးသူငယ်ကဲ့သို့ ဖြစ်သည်။ နို့ဖြတ်သော ကလေးသည် မိခင်နို့ကို ပူဆာစရာမလို။ နို့ဆာသောကလေးသည် နို့မစို့ရလျှင် အလိုမပြည့်။ လှုပ်ရှားရုန်းကန် ငိုယိုသည်။ နို့စို့ရသည်နှင့်တပြိုင်နက် သစ်ပင်ပေါ်မှ ရိုက်ချခြင်းခံရသည့် ပုစင်းရင်ကွဲသို့နှယ် ငြိမ်ကျ သွားသည်။ နားအေးသွားသည်။ မိမိဘာသာ လှုပ်ရှားသွားလာနိုင်သောအခါတွင် အမေ့နို့ကို မပူဆာကြ။ ပူစာရကောင်းမှန်း မသိကြတော့ပါ။ ထိုကဲ့သို့ပင် ဘုရားပေးပုစ္ဆာများ အဖြေမရသောအခါတွင်လည်း ဘုရားသခင်ကို ပြဿနာမရှာ။ စိတ်ဖြေရာတွေ့နိုင်သည်။

၁၃၁: ထိုစိတ်သဘောထားကို ဣသရေလလူတိုင်း ပိုင်ဆိုင်ကြပါစေဟု ဆာလံဆရာက ဆုတောင်း မေတ္တာပို့သည်။ A.W.Tozerက “အကြီးမြတ်ဆုံးသော ဘုရားရှင်တော်ရှေ့မှာ ငြိမ်သက်စွားရပ်၍ ဘုရားသခင် ဘုရားရှင်သည် သဗ္ဗညုတဘုရားရှင်ဖြစ်ကြောင်း ဝန်ခံပါသည်ဟုပြောရန် ဘယ်သောအခါမှ မမေ့နှင့်”ဟု ဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။