ဆာလံကျမ်း - ၁၃၀

ကူမတော်မူရန်ဆုတောင်း
1အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ 2အို ထာဝရဘုရား၊ အကျွန်ုပ်၏စကားသံကိုကြား၍၊ အကျွန်ုပ် ဆုတောင်းပတ္ထနာပြုသံကို နားညောင်းတော်မူပါ။ 3အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။ 4ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။ 5ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမျှော်လင့်၏။ 6နံနက်ကိုမျှော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက်နေ၏။ 7ဣသရေလအမျိုးသည် ထာဝရဘုရားကို မျှော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ကရုဏာရှိ၏။ များစွာသော ရွေးနုတ်ခြင်းကျေးဇူးရှိ၏။ 8ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့အထဲက ရွေးနုတ်တော်မူလိမ့်မည်။

ဆာလံကျမ်း - ၁၃၀ (အနက်ဖွင့်)

ဆာ ၁၃၀၊ တိုင်းဆမမီ

ဆရာကြီးတပါးက အကောင်းဆုံးသောဆုတောင်းချက်သည် နှလုံးသည်းပွတ်ကြားမှ ပေါ်ထွက် လာသည်ဟု ဆိုဘူးသည်။ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချမ်းသာခြင်း၊ နေ့ရက်ကာလများတွင် မကြာခဏ အလေးအနက် ဆုတောင်းလေ့ရှိကြသည်။ သို့သော် ဘဝမုန်တိုင်းထန်ချိန်တွင် ကျေးဇူးတော်ပလ္လင်ကို ဟုတ်မှ ဟုတ်ပါလေစဟု အတွေးမှားဝင်တတ်ကြသည်။

၁၃၀: ဆင်းရဲဒုက္ခ ဝေဒနာကြားတွေ့ကြသည့်အခါ မည်သည့်အတိုင်းပမာဏထိ စိတ်ရှည်သီးခံ နိုင်ကြသနည်း။ ဆာလံဆရာသည်လည်း ထိုကဲ့သို့သော မဟူရာလမိုက်ည ကြုံတွေ့ခဲ့ရသည်။ ပတ်ဝန်းကျင် ဘေးညာကြည့်လည်း ဘာမှမမြင်။ မှောင်မိုက်အတိဖုံးလွှမ်းသည်။ ထိုမှောင်မိုက်ရာထဲမှ ကောင်းကင်ဘုံ ဘက်ကို လှမ်းအော်သည်။

ငယ်သံပါအောင် ထအော်သည်။ သူ့အသံကိုဘုရားသခင်က ကြားသိမည်ဟု ယုံကြည်သည်။ ဘုရားရှင် ကြားတော်မူပါ။ အဖြေပေးတော်မူပါဟု အသားကုန်အော်သည်။

သူကြုံတွေ့ရသောဒုက္ခသည် အပြစ်ဒုစရိုက်နှင့် ဆက်စပ်ပတ်သက်နေပါသလား။ အသေအချာမပြော နိုင်။ မည်သည့်အရေးအကြောင်းကိစ္စတွင်မဆို မိမိအပြစ်ဝန်ခံမှုမရှိခြင်းသည် ပြဿနာ၏အကြောင်းရင်း တရပ်ဖြစ်သည်။

၁၃၀: အကယ်၍ ဘုရားသခင်က လူတို့၏အပြစ်များကို ခွင့်လွှတ်ခြင်းမပြုဘဲ၊ အပြစ်ကျူးလွန် သည့်အတိုင်း အရေးယူအပြစ်ပေးစတမ်းဆိုလျှင် မည်သူမှ မျှော်လင့်ချက်ထားနိုင်မည်မဟုတ်။ သို့သော် ကံအားလျော်စွာဖြင့် ဘုရားသခင်က ၀န်ချတောင်းပန်သောအပြစ်များကို စာရင်းမမှတ်ဘဲ ခဝါချပေးသည်။ အပြစ်ကျူးလွန်သောသူများနှင့် လွန်ကျူးတတ်သောသန့်ရှင်းသူများကို ဘုရားရှင်ကခွင့်လွှတ်ပါသည်။

ပထမခွင့်လွှတ်ခြင်းမှာ ဘုရားသခင်သည် တရားသူကြီးဖြစ်တော်မူသည့်အတိုင်း တရားသေခွင့်လွှတ် လိုက်သည်။ ထိုသို့ခွင့်လွှတ်ရခြင်းမှာ ယေရှုခရစ်တော်၏ အမည်ကိုသုံးကြသောကြောင့် ဖြစ်သည်။ ယေရှုခရစ် တော်က အတိတ်၊ ပစ္စုပန်၊ အနာဂတ်ကာလမှ အပြစ်များကို ဖုံးလွှမ်းပေးသည်။ အဘယ်သို့ဆိုသော် ကရာနီ အမှုတော်ဖြင့်ဖုံးဖိသည်။ ကိုယ်တော်၏ အသက်ပေးကယ်ဆယ်ခြင်းဖြင့် ဘုရားသခင်က ကွင်းလုံးကျွတ်လွှတ် ပေးလိုက်သည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကြောင့်လူတို့ကိုယ်စား အသေခံတော်မူပြီ။ လူတို့၏ အပြစ် ကြွေးအဘိုးအခ ဆပ်ပေးတော်မူပြီ။

ဒုတိယခွင့်လွှတ်ခြင်းမှာ မိဘများက သားသမီးများ၏ အပြစ်လွှတ်ခြင်းမျိုးဖြစ်သည်။ ထိုသို့ခွင့်လွှတ် နိုင်ရန် မိမိအပြစ်များကို ဝန်ခံရသည်။ ထိုသို့ အပြစဝန်ချတောင်းပန်ခြင်းကြောင့် ကိုယ်တော်၏မိသားစုအဖြစ် ဆက်လက်မိဿဟာယဖွဲ့ခွင့်ရသည်။ ကားတိုင်ပေါ်မှာ သွန်းလောင်းသောယေရှုအသွေးတော်၏ အကျိုးဆက် ဖြစ်သည်။

ထိုသို့အပြစ်ခွင့်လွှတ်ခွင့်ရရှိသောကြောင့် ဘုရားရှင်ကို ချစ်ကြောက်အပ်သည်။ ထိုသို့လူတို့၏ခွင့်လွှတ် ရသည့်အကြောင်းက ဝေဖန်စဉ်းစားချင့်ချိန်သောအခါ ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် သန့်ရှင်းစင်ကြယ် သည်။ ယုံကြည်ထိုက်သည်။ မေတ္တာပြည့်ဝသည်။ ထို့ကြောင့် ထာဝရကာလပတ်လုံး ရှိခိုးကိုးကွယ်ထိုက်သည်။

၁၃၀: စကားတော်ကို မျှော်လင့်ချက်ထားပြီး ဘုရားရှင်တော်အား စောင့်မျှော်ရသည်။ ကတိတော် အတိုင်း အဖြေစကားအမှန်ကြားရမည်။ ကင်းစောင့်သမားများက နံနက်အာရုဏ်လင်းချိန် မျှော်လင့်ရသည် ထက် ဘုရားသခင်၏ အလင်းပေါ်ထွန်းလာမည့်ချိန်ခါကို အမှောင်ထဲမှစောင့်မျှော်ရပါသည်။

အပိုဒ်ငယ် ၅၊၆သည် ထို့ထက်မက အဓိပ္ပါယ်ကျယ်ပြန့်သည်။ ယနေ့ခေတ်ကာလတွင် ချီဆောင်ခြင်းကို မျှော်လင့်ကြရာ ထိုချီဆောင်ခြင်း၌ ပါသွားရန် ယုံကြည်သူများက စောင့်မျှော်နေကြပါသည်။ ထိုမျှော်လင့်ချက် သည် စိတ်ပျက်ဘွယ်ရာမဟုတ်။ တနေ့ အမှန်ကြုံလာမည်။

၁၃၀: နောက်ဆုံးကျမ်းပိုဒ်နှစ်ခုသည် ဆာလံဆရာဆုတောင်းပြီးသောအခါ ဘုရားသခင်၏အဖြေ ပေးပုံအား သက်သေခံချက်ဖြစ်သည်။ ဘုရားသခင်၏ ကတိသစ္စာတည်ပုံကို ကိုယ်တိုင်ကြုံတွေ့ရပြီးဖြစ်၍ အခြားသူများထံသို့လည်း ဝေငှချင်သည်။ မိမိယုံကြည်သည့်အတိုင်း လက်တွေ့ကြုံတွေ့သူများသည် မိမိ အတွေ့အကြုံကို အခြားသူများထံသို့ ဝေငှချင်ကြစမြဲမဟုတ်လား။

ဣသရေလလူများသည် ဘုရားသခင်ကိုပိုမိုအားကိုးချင်လာကြသည်။ အဘယ်သို့ဆိုသော် ကရုဏာ တော်သည် ပြောင်းလဲခြင်းမရှိ။ ရွေးနှုတ်ခြင်းကျေးဇူးကို ကြွယ်ဝစွာ ခံစားကြသည်။ နောက်ဆုံးအချက်မှာ ဣသရေလလူများသည် ကြုံတွေ့ရသော ဆင်းရဲဒုက္ခပြဿနာများ မလွဲမသွေ အောင်မြင်ကျော်လွှားကြမည်။

ဆာလံဆရာက ကံကြမ္မာတွင်းနက်မှောင်ထဲမှ အော်ခေါ်သံဖြင့် နိဒါန်းစသည်။ ဘုရားသခင်ကို ယုံကြည်သည့်အကြောင်း ပဲ့တင်ထပ်အောင် အော်ခေါ်သည်။ ပြဿနာတောင်ကုန်းကြီးများ ရွေ့ကုန်ပြီ။ ချီတုံ ချတုံ ဒွိဟသံသယတိမ်ဆောင်လည်း ကင်းစင်ကုန်ပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။