ဆာလံကျမ်း - ၁၂၉

ရန်သူများရှုံးနိမ့်စေရန်ဆုတောင်း
1ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊ 2ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကိုမနိုင်ကြ။ 3ထွန်သောသူတို့သည် ငါ့ကျောပေါ်မှာထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။ 4ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသောသူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။ 5ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။ 6အိမ်မိုးပေါ်မှာပေါက်၍၊ အဘယ်သူမျှမနုတ်ဘဲ ညှိုးနွမ်းတတ်သော မြက်ပင်ကဲ့သို့ ဖြစ်ကြပါစေ။ 7ထိုမြက်ပင်ကိုရိတ်သောသူသည် လက်တစ်ဆုပ်မျှ မရ။ စည်းသောသူလည်း လက်တစ်ပွေ့မျှမရ။ 8လမ်း၌ လျှောက်သွားသောသူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါစေသော။ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းချီးပေးကြ၏ဟု မပြောမဆိုရကြ။

ဆာလံကျမ်း - ၁၂၉ (အနက်ဖွင့်)

ဆာ ၁၂၉၊ မယုံကြည်သူများ၏ ရိတ်သိမ်းပွဲ

ရန်သူများလက်ထဲမှာ ဘုရားသခင်က ဣသရေလလူများကယ်ထုတ်စဉ်တွင် စစ်ချီသီချင်းသံ အောင် စည်အောင်မောင်း တီးမှုတ်သံကြားခဲ့ရသည်။ ယခုတဖန် မတရားသူများ၏ အနာဂတ် အရေးယူပေးရန် ဆုတောင်းသံကြားရပြန်သည်။

၁၂၉: ဣသရေလလူများသည် လူဖြစ်လာကတည်းက ဆင်းရဲဒုက္ခတောမှာ မွေးဖွားကြီးပြင်း လာကြသည်။ ဥပမာအားဖြင့် အဲဂုတ္တုတောင်မှာ ကျွန်ခံခဲ့ကြသည်။ ငယ်ရွယ်နုပျိုစဉ်ဘဝသည် ကျေးကျွန်ဘဝ ဖြင့် လှုပ်ရှားရုန်းကန်ခဲ့ရသည်။ ရန်သူထူပြောခဲ့သော်လည်း အပြီးအပိုင်ချေမှုန်းသုတ်သင်ခြင်းမပြုနိုင်ကြ။ ရန်သူလက်ထဲမှ လွတ်မြောက်လာချည်းဖြစ်သည်။ ဣသရေလသမိုင်းတလျှောက်တွင် အံ့သြဘွယ်ရာ မှတ်တိုင်  စိုက်ထူခဲ့ကြသည်။

၁၂၉: ကြုံတွေ့ခံသော ဘေးဒုက္ခသည် စာဖွဲ့၍မကုန်နိုင်ပါ။ တပါးအမျိုးသားသခင်များက ဣသရေလတို့၏ကျောကုန်းကို လယ်ပြင်သဖွယ်သဘောထားထယ်ထိုးကြသည်။ ကျောပြင်တလျှောက်လုံး တွင် ထယ်သွားရာ၊ ထွန်ခြစ်ရာလမ်းကြောင်း ထင်ခဲ့သည်။

၁၂၉: သို့သော် ဣသရေလတို့ကိုးကွယ်သော ဘုရားရှင်သည် ဖြောင့်မတ်တော်မူသည့်အတိုင်း လက်မတင်အချိန်မီ ဝင်ရောက်လာပြီး ချည်နှောင်ထားသောသံကြိုးများကို ဖြုတ်ပေးသည်။ ကိုယ်ချင်းမစာနာ ရက်စက်သော တိုင်းတပါးသားများ၏ လက်ထဲမှ ကယ်ထုတ်သည်။

၁၂၉: မယုံကြည်သူများသည် အကြင်နာတရားမရှိ။ ကိုယ်ချင်းစာတရားလည်း နားမလည်ကြ။ ဘို့တလုံးသာရှိကြသည်။ ကောင်းချီးမင်္ဂလာရိတ်သိမ်းခြင်းကိုလည်း ကြားဘူးနားဝမရှိကြ။ အရှေ့အလယ်ပိုင်း ဒေသရှိ အိမ်ခေါင်မိုးပြားများပေါ်တွင် ပေါက်သောမြက်ပင်သို့နှယ် ဖြစ်ကြသည်။ မြေသြဇာမရှိ အမြစ်မစွဲသော ကြောင့် နေရောင်ခြည်တိုးသည်နှင့် နွမ်းခြောက်သေကြေကြသည်။ ထိုမြက်ပင်များသည် လက်တဆုတ်စာ မျှ ပင်မရှိ။ ရှင်သန်ကြီးထွားခြင်းမရှိ။ လက်တပွေ့စာမျှပင် မရ။

၁၂၉: ထိုအိမ်ခေါင်မိုးပေါ်မှ အုတ်ကြားမြက်များသည် ၀မ်းသာစွာရိတ်သိမ်းခြင်းမခံကြ။ လမ်းသွား လမ်းလာများကပင် ဘုရားပေးသောမင်္ဂလာ သက်ရောက်ပါစေဟုလည်းကောင်း နာမတော်ကို အမှီပြု၍ ကောင်းချီးပေးပါ၏ ဟုလည်းကောင်းတခွန်းပါဒမှာ ယောင်မှားမဆိုကြ (ရု ၂:၄ကိုလည်းကြည့်ပါ)။ ထို့သို့ ပင် ဣသရေလတို့၏ရန်သူများသည် ရာစုနှစ်ပေါင်းများစွာ မြှုပ်တချီပေါ်တလှည့် သောင်းကျန်းမင်းမူကြ သော်လည်း ဘုရားကောင်းချီးမင်္ဂလာမခံစားရ။ တွေ့မြင်သူဘေးလူများ၏ မေတ္တာပို့သခြင်းလည်းမခံရကြ။ ကြဲသည့်အတိုင်း ရိတ်ကြစတမ်းမဟုတ်ပါလား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။