ဆာလံကျမ်း - ၁၂၈

ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုး
1ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းခရီးတော်သို့လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။ 2ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသောအစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားရလိမ့်မည်။ 3သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 4ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့သောမင်္ဂလာရှိရလိမ့်မည်။ 5ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းချီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တစ်သက်လုံးမြင်ရလိမ့်မည်။ 6မိမိသားသမီးတို့၌ ဖွားမြင်သောသားသမီးတို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။

ဆာလံကျမ်း - ၁၂၈ (အနက်ဖွင့်)

၁၂၈: ပျော်ရွင်ခြင်းအစ၍ အစစ်အမှန်ပိုင်ဆိုင်သောယုံကြည်သူသည် ရှုထောင့်အဘက်ဘက်၌ ဘုရားရှင်ကိုသိကျွမ်းသည်။ စကားတော်ကိုနာခံ၍ လက်တွေ့ဘဝတွင် ကျင့်သုံးသည်။

ထိုကဲ့သို့သောသူသည် မောရှေကျမ်းကာလတွင် လောကဥစ္စာရတနာလက်ဆောင်ကြွယ်၀သည်။

၁၂၈: သက်ဇိုးရှည်ခြင်း။ လူ့သက်တမ်းစေ့နေသည်။ သူလုပ်ကိုင်ရှာဖွေသမျှကို ကိုယ်တိုင်ပြန်လည်ခံ စားသည်။

ပျော်ရွှင်ခြင်း ဘုရားသခင်၏မျက်နှာသာပေးခြင်း ခံရသောကြောင့် ဆင်းရဲဒုက္ခလူမှုပြဿနာများမှ လွတ်ကင်းသည်။ စိတ်ချမ်းသာစွာ လှုပ်ရှားသွားလာလုပ်ကိုင်သည်။

စည်းစိမ်ဥစ္စာ။ သမ္မာအာဇီဝလုပ်ဆောင်သဖြင့် တည်မြဲသည်။ မမျှော်လင့်သော သဘာဝဘေးဒဏ် ရန်သူမျိုးငါးပါးဒဏ်တို့မှ ကင်းလွှတ်သည်။

၁၂၈: အသီးအပွင့်။ မိန်းမကစပျစ်သီးခိုင်ကဲ့သို့ သားသမီးများပြွတ်သိပ်စွာမွေးပေးသည်။ ထမင်းစားစားပွဲ၌ပတ်လည်ဝိုင်းရံစည်ကားကြသည်။ သံလွင်ပင်ကဲ့သို့ အဖိုးတန် ရတနာလေးများ ဖြစ်ကြ သည်။ လုပ်ကိုင်သမျှ အကျိုးဖြစ်ထွန်းကြသည်။

၁၂၈: ကျေးဇူးတော်ခေတ်ကာလတွင် ယုံကြည်သူများသည် ခရစ်တော်ဖြင့် ဝိညာဉ်ကောင်းချီး မင်္ဂလာ အဖြာဖြာခံစားကြသည်။ အရှင်လတ်လတ် ကောင်းကင်ဘုံရောက်ကြသည်။ (ဧ ၁:၃ ကိုကြည့်ပါ)။ သို့သော် ဆရာကြီး William က ဤသို့ဆိုသည်။ “ယုံကြည်ခြင်းရှိမှသာလျှင် ရုပ်ဝတ္ထုကောင်းချီးမင်္ဂလာ ခံစားရသည်။ ယခုကာလတွင် အမှန်တကယ်ခံစားရသည်”။ လူကမ္ဘာမြေပေါ်တွင် သက်ဇိုးရှည်ခြင်းထက် ခရစ်တော်ထံတွင် နေပျော်ပါသည်။ စိတ်ဝိညာဉ်လွတ်လပ်ခြင်းအရသာကို မည်သည့်ပျော်ရွှင်ခြင်းနှင့်မှ မနှိုင်း ယှဉ်အပ်ပါ။ စိတ်ဝိညာဉ် စည်းစိမ်ချမ်းသာခြင်းသည်သာလျှင် ချမ်းသာခြင်းအစစ်အမှန်။ စိတ်ဝိညာဉ် ချမ်းသာလျှင် မြင်မြင်သမျှအကုန်လှသည်။ ပတ်၀န်းကျင်တခုလုံး စိမ်းလန်းစိုပြေသည်။ စိတ်ချမ်းသာခြင်း သည် ကောင်းသောမြေသြဇာဖြစ်သည်။

၁၂၈: နောက်ဆုံးကျမ်းပိုဒ် (၂)ခုသည် ကတိစကားသို့မဟုတ် ဆုတောင်းခြင်းဖြစ်သည်။ ဘုရားသခင်စိုးစံတော်မူသော ဇိအုန်တောင်သို့ မဟုတ် ပလ္လင်တော်တည်ရာယေရုရှလင်မှ ယုံကြည်သူ ဘုရား သားသမီးများအား ကောင်းချီးမင်္ဂလာသွန်းလောင်းရန် ဆုတောင်းကြသည်။ လူ့လောကမှာ အသက်ရှင် နေသရွေ့ကာလပတ်လုံး ယေရုရှလင်စည်းစိမ် ခံစားချင်ကြသည်။ သားသမီးများကောင်းစားကြသည်ကို တွေ့မြင်ချင်ကြသည်။ ဣသရေလလူမျိုးတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဣသရေလဘုရင် ပြန်လည်ရောက်ရှိ၍ ဖြောင့်မတ်ခြင်းနိုင်ငံတော်ထူထောင်သောအခါ တိုင်းနိုင်ငံသား တိုင်းပျော်ရွှင်ကြပုံကို ဆာလံဆရာက တွေ့မြင်လိုသည်။ ထိုသို့တွေ့မြင်နိုင်ရန် ဆုတောင်းသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။