ဆာလံကျမ်း - ၁၂၇

အိမ်ထောင်၏ကောင်းချီး
1ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ 2စောစောထလျက်၊ ညနက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော်လည်း အကျိုးမရှိ။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
3ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။ 4အသက်ပျိုစဉ်၊ ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသော မြားကဲ့သို့ ဖြစ်ကြ၏။ 5မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။

ဆာလံကျမ်း - ၁၂၇ (အနက်ဖွင့်)

၁၂၇: နေအိမ်ကို ဆောက်လုပ်ရန်နည်းလမ်း (၂)ထုတ်ပြဆိုထားပါသည်။ ပထမအချက်မှာ မိမိအသိ တရားကို အခြေခံလျှက်၊ ကျွမ်းကျင်မှု၊ ဘဏ္ဍာရေးငွေကြေးများတွက်ချက်ပြီးမှ ဘုရားသခင်ထံသို့ ဆက်ကပ် ခြင်းဖြစ်သည်။ နောက်တနည်းမှာ ဘုရားသခင်ထံမှ လမ်းညွှန်ချက်ဦးစွာ နာခံခြင်းဖြစ်သည်။ မမှားနိုင်သော ကိုယ်တော်၏လမ်းညွှန်ချက်အတိုင်း ဆောက်လုပ်ရသည်။ ပထမနည်းလမ်းတွင် ထိုအိမ်ယာဆောက်လုပ်ရေး စီမံကိန်းသည် အသွေးအသားထက်ပိုမိုတိုးတက်လာခြင်းမရှိ။ ဒုတိယနည်းလမ်းမူကား ဘုရားရှင်၏မျက်စိ အောက်မှာ လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အံ့သြဘွယ်ရာ အသစ်အဆန်းများ မတွေးမိသောအတွေးအမြင် သစ်များ ပေါ်ပေါက်လာသည်။ အချိန်အခါမှီမှီပြီးစီးသည်။ လူ့အတွေးအမြင်ဖြင့် ဆောက်လုပ်ခြင်းနှင့် ဘုရား သခင်၏အလိုတော်အတိုင်းဆောက်လုပ်ခြင်းသည် များစွာကွာခြားသည်။

ဘုရားသခင်မပါဘဲ ဆောက်လုပ်ခြင်းသည် ဘေးရန်လုံခြုံရေးတွင်လည်း ကွာခြားသည်။ ထာဝရ ဘုရားသည် မြို့ကိုစောင့်တော်မမူလျှင် ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။ ဤကျမ်းစကားက မြို့ပြပြည်ရွာများ လူနေတိုက်တာများကို လုံခြုံရေးတပ်ဖွဲ့အင်အား အပြည့်အဝချထားရမည်ဟုမဆိုလို။ ဘဝအိုးအိမ်လုံခြုံရေးကို ဘုရားသခင်ထံသို့ အကုန်အပ်နှံရမည်ဟု ဆိုလိုသည်။ သို့မဟုတ်လျှင်မူကား၊ လူ့လောကဓမ္မတာနှင့် ဒေသခံအစိုးရ၏ လုံခြုံရေးအာမခံချက်များသည် ခိုင်မာခြင်းမရှိ။

၁၂၇: သမုဒ္ဒရာဝမ်းတထွာအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်ကြသည်။ အချိန်နာရီများစွာ အပင်ပန်းခံ အလုပ်လုပ်ကြသည်။ စားဝတ်နေရေး တွေးပူကြသည်။ ဘုရားသခင်၏ ရွေးချယ်ပေးခြင်း မဟုတ်လျှင် ကိုယ်စိတ်နွမ်းလျပင်ပန်းကြသည်။ နားလည်မှုမလွဲကြစေလို။ သမ္မာကျမ်းစာက ဇွဲလုံ့လ ဝီရိယထုတ်၍ လုပ်ကိုင်ရန်သွန်သင်ပါသည်။ မိမိကိုယ်ကျိုးသာမက မိသားစုအကျိုး၊ သူတပါးအကျိုးရှေးရှု ရသည်။ ဤဆာလံကျမ်းက အလုပ်မလုပ်ဘဲ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဟေးလားဝါးလား သွားလာခြင်းကို အားမပေးပါ။ မည်သည့်နေရာတွင်မဆို ဘုရားရှင်ကို အားကိုးလျှက် တွေ့ရာကြုံရာ အလုပ်လုပ်ဆောင်ရန် သွန်သင်ပါသည်။ ဟဂ္ဂဲကျမ်းစကားကို လေ့လာကြည့်ပါ။

သင်တို့သည် များစွာသော မျိုးစေ့ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ၀စွာမစားရကြ။ သောက်ရသော်လည်း ၀စွာမသောက်ရကြ။ အ၀တ်ကို၀တ်ရသော်လည်း နွေးထွေးစွာ မ၀တ်ရကြ။ အလုပ်လုပ်၍ လုပ်ခံခံရသော်လည်း မလုံသောအိတ်ထဲမှာ ဆိုထားကြ၏

                                                                                      (ဟဂ္ဂဲ :)

အခြားတဘက်တွင် ဘုရာသခင်ဘုန်းတော်ထင်ရှားစေဖို့ လုပ်ဆောင်သည်မှန်လျှင် လှုပ်ရှားသွားလာ မလုပ်ဆောင်နိုင်လျှင်လည်း ထိုင်နေသည့်နေရာတွင်ဖြစ်စေ အိပ်နေသည့်နေရာတွင်ဖြစ်စေ၊ ဘုရားရှင်က အလုပှကောင်းကောင်းပေးသည်။ ထိုအခြေအနေကို သမ္မာကျမ်းစာက “အိပ်ပျော်ရသောအခွင့်ကို ချစ်တော် မူသောသူအားပေးတော်မူ၏”ဟုဆိုသည်။ Moffattက “သူချစ်သောသူများအိပ်ပျော်နေလျှင်လည်း ဘုရားပေး လက်ဆောင်သည် အဆင်သင့်ရှိသည်”ဟုဖွင့်ဆိုသည်။

၁၂၇: စတုတ္ထနှင့်နောက်ဆုံး ဥဒါဟာရုဏ်မှာ အိမ်ထောင်မိသားစု တည်ဆောက်ခြင်းဖြစ်သည်။ သားသမီးရတနာသည် ဘုရားပေးလက်ဆောင်ဖြစ်သည်။ ဘွားမြင်သောသားသမီးတို့သည် ထာ၀ရဘုရားဆု ချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။

သားသမီးများသည် ဘုရားပေးလက်ဆောင်များ ဖြစ်ကြသည့်အတိုင်း ဘုရားရှင်၏ မိသားစု၏ဆည်း လည်းဖြစ်ကြသည်။ ဘုရားပေးဆုဖြစ်ကြသည့်အတိုင်း ဘုရားရှင်၏စကားတော်ကိုလည်း နာခံရန် ဝတ္တရား ရှိကြသည်။ စည်းကမ်းတကျ ရှိကြရသည်။ ဘုရားရှင်၏ လမ်းပြခြင်းကို ခံယူကြရသည်။

၁၂၇: အသက်ပျိုစဉ်ဘွားမြင်သော သားသမီးများသည် သူရဲလက်၌ရှိသောမြှားကဲ့သို့ ဖြစ်ကြ၏။ မိဘများအိုမင်းရွယ်လွန်သောအခါ ဘုရားတရားသိသောသားသမီးများကို တဖန်မှီခိုသည်။ မိဘများ၏ အကွယ်အကာ မြှားလက်နက်ဖြစ်ကြသည်။ တောလိုက်ရာ၌ သုံးသောလေးမြှားဖြစ်ကြသည်။

၁၂၇: မြှားဗူးတွင် မြှားအပြည့်သယ်သောသူသည် မင်္ဂလာရှိသည်။ ယခုခေတ်လူ့ယဉ်ကျေးမှုတွင် သားသမီးအများအပြား မွေးဖွားခြင်းကို ဆန့်ကျင်ကြသော်လည်း သမ္မာကျမ်းစာကမူ သားသမီးများပြားခြင်း သည် ကောင်းချီးမင်္ဂလာဟု ဆိုသည်။ တခုရှိသည်မှာ ထိုသားသမီးများသည် ယုံကြည်သူများဖြစ်ရမည်။ တနည်းအားဖြင့် မိဘများကို ခေါင်းကိုက်စေသူများမဖြစ်ရ။ မျက်နှာပွင့်လန်းစေသူဖြစ်ရသည်။

သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့တံခါးဝ၌ ဆီးတားကြလိမ့်မည် F.B.Meyerက မြို့တံခါး၀တွင် ရန်သူများကို ပိတ်ဆို့ဟန့်တားကြမည်ဟုဆိုသည်။ သားသမီးတောင့်ခြင်းဖြင့် ရပ်ရေးရွာရေး ၌တွင်ကျယ်နိုင်သည်။ သူတပါးဒုက္ခမပေးနိုင်အောင်ခုခံတွန်းလှန်နိုင်သည်။ တရားမျှတစွာ စီရင်နိုင်သည်။

ဆာလံဆရာက ဇာခရိစကားကို ထုံးနှလုံးမူဟန်ရှိသည်။ “ဤအမှုအရာသည် ဗိုလ်ခြေဖြင့်မဟုတ်။ အာဏာတန်ခိုးဖြင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့် ဖြစ်သည်” (ဇ ၄:၆)။ လူ့အသိညာဉ် ရာထူးရာခံနှင့် ဒေါ်လာကို အားကိုးအားထားခြင်းသည် အန္တရာယ်များပါသည်။ ထိုသို့သောနည်းလမ်းသည် အလိုတော်နှင့်မညီ။ ဝိညာဉ်တော်ဖြင့်သာ တည်ဆောက်ရသည်။ ဘုရားရှင်က လူ့အစွမ်းအစကို ညှစ်ထုတ်သုံးခိုင်းခြင်းမဟုတ်။ ဝိညာဉ်တော်တန်ခိုးဖြင့် တတ်စွမ်းစေပါသည်။ လူ့အစွမ်းအစသည် သစ်သား၊ ကောက်ရိုးနှင့် မြက်ခြောက်များ သာဖြစ်ပါသည်။ အလိုတော်ရှိလျှင် ဘုရားရှင်က ရွှေ၊ ငွေ၊ အဘိုးတန် ကျောက်မျက်ရတနာအဖြစ်သို့ ပြောင်းလဲ စေနိုင်ပါသည်။ မိမိခွန်အားကိုအားကိုးလျှင် လှည်းဘီးတွင်ရစ်၍ ကျန်နေမည်။ ဘုရားသခင်လက်ထဲသို့ အပ်နှံလျှင် မမျှော်လင့်နိုင်သော အရာခပ်သိမ်းသို့ ပြောင်းလဲနိုင်သည်။ ဇာတိလက်နက်သည် ဇာတိကိုသာ ခုခံ နိုင်၍ ဝိညာဉ်လက်နက်သည် ဝိညာဉ်အကျိုးဖြစ်ထွန်းစေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။