ဆာလံကျမ်း - ၁၂၆
ဆာလံကျမ်း - ၁၂၆ (အနက်ဖွင့်)
ငြိမ်သက်ချမ်းမြေ့ပါစေ၊ ငြိမ်သက်ချမ်းမြေ့ပါစေ
ဆာ ၁၂၆၊ မျက်ရည်ဖြင့်ကြဲ၍ ပျော်ရွှင်စွာရိတ်သိမ်းခြင်း
၁၂၆:၁ ကြေညာချက်ထုတ်ပြန်သောအခါ ပြည်ပရောက်ယုဒလူများသည် လျှပ်စစ်မီးဖွင့်လိုက်သကဲ့ သို့အသိစိတ်ဓါတ်လင်းကြသည်။ လငပုတ်ဖမ်းရာမှ လွတ်လာသောလသို့နှယ် မျက်နှာဝင်းလက်သွားကြသည်။ ဖမ်းဆီးခေါ်ဆောင်လာသောကျေးကျွန်များအား ပါရှန်ဘုရင်ကုပရုမင်းက မိမိတို့နေရပ်ဌာနသို့ ပြန်ခွင့်ပြု လိုက်သည်။ ဟုတ်မှဟုတ်ပါလေ အိပ်မက်များလားဟုထင်မှတ်ပြုကြသည်။ နှစ်ပေါင်းကြာရှည်ကျွန်ခံကြသည် ဖြစ်၍ ယေရုရှလင်ကို ဘ၀တသက်ပြန်မြင်ရတော့မည်လားဟု အားငယ်ခဲ့ကြသည်။ ယခုမျှော်လင့်နေကြသည့် သတင်းကောင်းကြားသိကြရပြီ။ မရှိမဲ့ရှိမဲ့ ပစ္စည်းများစုဆောင်းနေကြပြီ။ အယောင်ယောင်အမှားမှားဖြင့် လှည့်လည်ကူးခတ်ကြသည်။
၁၂၆:၂ ဝမ်းသာလုံးဆိုကြသောကြောင့် ခါတိုင်းထက်မတူ စကားသံလည်းပိုကျယ်သည်။ တယောက်မှာတယောက်ကြည့်၍ ပြုံးစိစိဖြင့် ဟောင်ဘွာဟောင်ဘွာပြောကြသည်။ အနှစ်(၇၀)အတွင်းတွင် မထမဆုံးအကြိမ် ရယ်မောကြခြင်းဖြစ်သည်။ တယောက်ကိုတယောက် နောက်ပြောင်နိုင်ကြပြီ။ အိမ်ပြန်ကြ ရတော့မည်။ အရှိန်မြှင့်၍ ဂီယာသွင်းထားကြသည်။ ရင်မှလတ်တလောထွက်ပေါ်လာသော သံစဉ်မဲ့သီချင်း ဆိုကြသည်။
ထိုအပြုအမှုသည် ယာဒလူမဟုတ်သူများထံသို့ အံ့ဘွယ်သက်သေခံချက်ဖြစ်သည်။ လူ့သဘော သဘာဝအတိုင်းဆိုလျှင် ထိုအခွင့်အရေးမျိုးမျှော်လင့်စရာအကြောင်းမရှိ။ ယခုမူဟေဗြဲလူတို့ကို ကိုးကွယ်သော ယေဟောဝါဘုရားသခင်က ကြားဝင်ဆောင်ရွက်ပေးကြောင်း သိရှိနားလည်ကြသည်။ ကမ္ဘာ့တိုင်းနိုင်ငံသား ပေါင်းစုံထက် ဣသရေလလူမျိုးသည် ဘုရားသခင်၏မျက်နှာသာပေးခြင်းခံရကြောင်း ထင်ရှားသည်။ ဣသရေလလူမျိုးသည် ဘုရားသခင်၏ အချစ်တော်လူဖြစ်သည်။
၁၂၆:၃ ပြည်ပရောက်ယုဒလူမျိုးတို့ ဝမ်းမြောက်ခြင်းကို တပါးအမျိုးသားတို့ကလည်း ကြည့်ရှု၍ ပျော်ရွှင်ကြသည်။ ဘုရားသခင်က ကယ်လွှတ်တော်မူပြီ။
ထာ၀ရဘုရားသည် ငါတို့အဘို့ကြီးသောအမှုကိုပြုတော်မူပြီ။
ငါတို့သည်လည်း ၀မ်းမြောက်လျှက်နေကြ၏။
၁၂၆:၄ အ၀တ်တည်ကိုယ်တခုဖြင့်ဇာတိချက်ကြွေမွေးရပ်မြေသို့ ပြန်ရတော့မည်လား။လူအင်အား ငွေကြေးနှင့်လုံခြုံရေးလိုအပ်ပါသည်။ ဘုရားသခင်ထံသို့ ဆုတောင်းရပြန်သည်။
အိုထာ၀ရဘုရား၊ ဖမ်းဆီးချုပ်ထားခြင်းကိုခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာချောင်းရေကဲ့သို့
တဖန်ပြန်လာစေတော်မူပါ။
တောင်ဘက်အရပ်၊ ဟေဗြဲ Negeu ဆိုသည်မှာ တောင်ဘက်အရပ်ရှိ ကန္တရတော်ကိုဆိုလိုသည်။ သာမန်အားဖြင့်ရင်လေးစရာခရီးစဉ်ဖြစ်သည်။ သို့သော်များမကြာမီ ကွင်းလုံးပြည့်မျှ မိုးကြီးရေကြီးပြင်းထန် စွာရွာချသည်။ ကန္တရတောအနှံ့တွင် ချောင်းငယ်မြောင်းငယ်များပေါက်သည်။ သို့ဖြင့် ရင်တမမစိုးရိမ်ခဲ့သော ပြည်ပရောက်ကျေးကျွန်များသည် အခက်အခဲမရှိပြည်တော်ပြန်ကြသည်။ ဘုရားရှင်က ပြန်လည်ထူထောင် ပေးသည်။ နလံထူစေသည်။ ဆုတောင်းသည့်အတိုင်း အဖြေရရှိကြသဖြင့် ဣသရေလတို့မြေတွင် ဝပြောကြသည်။
၁၂၆:၅–၆ မိမိနေရပ်ဌာနေသို့ ပြန်ရောက်သည့်ပထမနှစ်တွင် အထူးဆင်းရဲဒုက္ခရောက်ကြသည်။ ရိတ်သိမ်းစရာကောက်ပဲသီးနှံမရှိ။ ကကြီးရေကမှ အစပြုရသည်။ ဓါးမဦးချ ခုတ်ထွင်ရှင်းလင်းကြသည်။ ပြန်လည်ရိတ်သိမ်းမည့်အချိန်ကို မျှော်နေရသည်။ အကြီးအကျယ်ချွေတာရသည်။ ဆန်စေ့ရေ၍ ချက်ပြုတ် ရသည်။ ဆင်းရဲဒုက္ခကို ခါးစည်း၍ခံရသည်။
မျက်ရည်ဖြင့် မျိုးစေ့ကြဲသောကာလဖြစ်သည်။ ပထမဦးဆုံး အကြိမ်ပေါ်ထွန်းလာမည့် ကောက်ပဲသီးနှံ များရိတ်သိမ်းဖို့ မျှော်နေရသည်။ လယ်သမားများ၏ စပါးကျီတွင် ဟောင်းလောင်းကြီးဖြစ်ခြင်းသည် ကြည့်မကောင်း။ ကြားလို့လည်းမကောင်း။ မိသားစုများပျော်ရွှင်စွာ ရိတ်သိမ်းမည့်ကာလကို မျှော်၍ လတ်တ လော၀မ်းစာအရေးကို ခြိုးခြံရသည်။ လယ်ကိုထွန်ယက်ကြသည်။ မျိုးစေ့များနှင့်အတူ မျက်ရည်ဥများရော ဖက်၍ စိုက်ပျိုးရသည်။ ထိုစပါးမပေါ်မှီ မည်သို့စားရမည်နည်း။ ဇနီးသည်နှင့် လူမမယ်သားသမီးများ၏ မျက်နှာကို မြင်ယောင်ကြည့်သည်။ လတ်တလော ပါးစပ်ကြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း။
သို့သော် ကိုယ်တော်၏စကားတော်ထဲမှ အဖြေရှာခွန်အားတည်သည်။ မျက်ရည်ကျလျှက် မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်းလျှက် စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျှက် ကြဲရန်မျိုးစေ့ကို ဆောင်၍ထွက်သွားသောသူသည် ကောက်လှိုင်းများကို ဆောင်လျှက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လိမ့်မည်။
မျက်ရည်ဝိုင်းလျှက် မျိုးစေ့ကြဲကြသည်။ လက်တလောခံစသားရသော ဆင်းရဲဒုက္ခသည် ခါးချိအောင် ခံစားရသည်။ ပင်ပန်းလှသည်။ သို့သော် ရိတ်သိမ်းသောအခါတွင်မူ ထိုခံစားရသောဆင်းရဲဒုက္ခများထက် ရိတ် သိမ်းရသော ပျော်ရွှင်ခြင်းပမာဏက ပိုမိုကြီးမားသည်။
ဝိညာဉ်ရေးရာနယ်ပယ်တွင်လည်း ထိုအတိုင်းဖြစ်သည်။ ဧဝံဂေလိတရားဝေငှဟောပြောဖို့ မိမိဘဝကို တင်လှူပူဇော်သူသည် မချိမဆန်ပင်ပန်းခံစားရသော်လည်း သူဟောပြောခဲ့သောတရားကြောင့် ကယ်တင် ခြင်းရရှိသူများ၏ ဝိညာဉ်ကောင်းကင်ဘုံတွင်တွေ့မြင်သောအခါ ၀မ်းသာမျက်ရည်တဖန်ကျဦးမည်။
ဝိညာဉ်များဖမ်းဆီးသိမ်းဆည်းခြင်းသည် မင်္ဂလာတရားဖြစ်သည်။ ဆရာကြီးတပါးက “ပျောက်ဆုံး ဝိညာဉ်များကို ဖမ်းဆီးခေါ်ဆောင်သောသူသည် ပထမတန်းစားအောင်နိုင်သူဖြစ်သည်”ဟု ဆိုသည်။ ထိုသူ များအတွက် ဆုတောင်းပေးကြပါစို့။
သခင်ပြုတော်မူခဲ့သည်အတိုင်း ပတ်၀န်းကျင်ကို ပြုရပါလို၏။ မျက်၀န်းထဲတွင် မျက်ရည် မိုးစွေနေပြီ။
သနားစဖွယ် သိုးသငယ်လေးတွေပြန့်ကြဲနေ
ကိုယ်တော်ထံသို့ပို့ဆောင်ပါရစေလား။
ရှေးစာဆိုတစ်ဦး
“ဘုရားသခင်ပါရှိလျှင် နှမ်းတစေ့လည်းတောင်ပုံပမာ”ဟူသော စကားအလိမ္မာရှိဘူးသည်။ ထိုစကားကို ပြောင်းပြန်လှန်လျှင် “တောင်ကြီးပမာစုပြုံလည်း ဘုရားရှင်မပါရှိလျှင် အချည်းနှီး”ဟူ၍ ဖြစ်လာသည်။ လူများပြီးပွဲမစည်။ ထိုစကားကိုလိုက်၍ ဆာလံဆရာက ဘုရားသခင်၏အလိုတော်မပါဘဲ ပြုလေသမျှအငန်းအတာသည် အချိန်နှင့်ခွန်အားအချည်းနှီးသုံးဖြုန်းခြင်းဖြစ်သည်ဟုဆိုသည်။ ခရစ်ယာန်အမှု တော်လုပ်ငန်းတွင်လည်း မိမိတို့စိတ်တိုင်းကျ စီမံကိန်းရေးဆွဲကြသည်။ အင်ပါယာကြီးဖွဲ့စည်းတည်ထောင် ကြသည်။ ပတ်ဝန်းကျင်သတင်းမျှော်လင့်သောအခါ စီမံထားသည့်အတိုင်း တန်ပြန်အကျိုးမသက်ရောက်။ ခဲလေသမျှ သဲရေကျသည်။ မွဲသထက်မွဲကြသည်။ လူကကြိုက်သော်လည်းဘုရားရှင်ကမနှစ်သက်။
ဆာလံဆရာက ပုံဥပမာ (၄)ခုထောက်ပြထားသည်။ အိမ်ဆောက်လုပ်ခြင်း၊ မြို့ကင်းစောင့်၊ အလုပ် သမားစီရင်ခွဲခန့်ခြင်းနှင့် မိသားစုတည်ဆောက်ခြင်းတို့ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။