ဆာလံကျမ်း - ၁

အတွဲ ၁
(ဆာ၊ ၁—၄၁)
မင်္ဂလာအစစ်အမှန်
1မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ 2လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ 3အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
4မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ 5ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ 6အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။

ဆာလံကျမ်း - ၁ (အနက်ဖွင့်)

၁။ ပထမပိုင်း ( ဆာ ၁-၄၁ )

ဆာလံသီချင်းစလျှင်စခြင်း လူအများထင်မြင်ယူဆသော အပြစ်ဗရပွသည် လူဖြစ်ကျိုးနပ်ခြင်းဟူသော အယူအဆကို ဖယ်ရှားလိုက်သည်။ လူ့လောကသည် နေ့စဉ်နှင့်အမျှ ဦးနှောက်ဆေးကြောသန့်စင်နေရသည်။ အမှန်တရားနှင့် နိစ္စထာဝရ တည်တံ့သည့်သမ္မာတရားကို ဇာတိသွေးသားအလိုဆန္ဒဖြင့် အဖြေရှာကြသည်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ ရုပ်ရှင်၊ မဂ္ဂဇင်းစာစောင်များဖြင့် စွဲမက်စရာပြည့်နှက်နေသည်။ရီဘန်တို့၏ အယူဝါဒလည်း ဘဝစင်ကြယ်ခြင်းဟုလက်မခံ၊ ဆာလံဆရာကပြေပြစ်သောဘဝခရီးဟုမှတ်တမ်း တင်ထားသည်။

၁း၁ သစ္စာတရားမဲ့လမ်းစဉ်မှ လွတ်ကျွတ်သွေဖီသော ဘဝခရီးသည် ကောင်းချီးမင်္ဂလာပြည့်ဝ၏။ ထိုသူများသည် အပြစ်ကျူးလွန်ရန် စည်းရုံးခြင်း၊အပြစ်ပြုသူများ၏ အနီးအနားတွင် ရှိနေခြင်းများရှောင်ကြဉ်ကြသည်။ သို့ရာတွင် လူ့လောက လူဆိုးသူဆိုးများနှင့် လုံးဝကင်းစင်လျှက် တကိုယ်တော်ကျင့်ကြံသည်ဟု မဆိုလို။ အပြစ်၊ ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းများကို ပြောပြမည့်အစား နိစ္စမရဏအရင်းအမြစ်ဖြစ်သော ယေရှုခရစ်တော်ကို မိတ်ဆက်ပေးသည်။ ဘုရားတရားမရှိသူများသည် ပေါ့ပေါ့နေပေါ့ပေါ့စား၍ ပျော်ရွှင်တတ်ကြပါသည်။ ထိုသူများသည်အပေါင်းအသင်းလုပ်အပ်သူများမဟုတ်။

၁း၂ ဘုရားသခင်၏ စာအုပ်တော်ထဲတွင်ထိုသို့သော လူပေါ်ကြော့များမတွေ့ရ ဘဝရီးအောင်မြင်စိတ်ရှိသူသည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို အစဉ်ငတ်မွတ်သည်။ သမ္မာကျမ်းစာကို ချစ်ခင်မြတ်နိုး၍ နေ့ညဉ့်မပြတ်ဖတ်၍ ဆင်ခြင်သည်။ထိုသို့ဖြင့် သူ့ဘဝသည် သမ္မာတရားကြွယ်ဝ၍ အခြားသူများထံသို့ ဆက်လက်စီးဆင်းသည်။

၁း၃ အပြစ်ဒုစရိုက်ပြတ်တောက်၍ သမ္မာတရား၌ မွေ့လျော်သူသည် ခိုင်မာကြီးပြင်းလည်း ကျန်းမာကြံ့ခိုင်သည်။ သီးပွင့်ဝေစာသည်။မြစ်နား၌ပေါက်သောသစ်ပင်၊ ဘယ်သောအခါမှရေဓါတ်၊ မြေဓါတေမခမ်းခြောက်သဖြင့် မြေဩဇာပြည့်ဝ၍ အစဉ်အမြဲစိမ်းလန်းစိုပြေသည်။စာချိန်တန်လျှင်သီးပွင့်သည်။ ဝိညာဉ်တော်၏ကျေးဇူးတော်ပြည့်ဝ၍ ပြောဆိုလုပ်ကိုင်သမျှသည်အချိန်နေရာဒေသနှင့် အံဝင်ဂွင်ကျရှိသည်။အရွက်မညှိုးနွမ်း၊ သူ၏ဝိညာဉ်အသက်တာသည် နွေအခါကြွေကျတတ်သော မုတ်သုန်သစ်တောမျိုးမဟုတ်။ စိတ်နှလုံးအတ္တမှ ပေါက်ဖွားလာခြင်းဖြစ်၍ အစဉ်နုပျိုစိမ်းစိုသည်။ ဆရာကြီးမူးဒီကမူ“ဘုရားသခင်၏ သစ်ပင်ဟူသမျှသည် အမြဲစိမ်းစိုလန်းဆန်းသည်” ဟုဆိုသည်။ထိုကဲ့သို့သောသူသည် ပြုလေရာတိုင်း၌ အောင်မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်တော်နှင့် အစဉ်မိဿဟာယဖွဲ့ နေသောကြောင့် သန့်ရှင်းဝိညာဉ်တော်က လမ်းပြ ဦးဆောင်သည်။ ခရစ်ယာန်အသက်တာတွင် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လိုတရဖို့ရန် သန့်ရှင်းဝိညာဉ်တော် ဦးဆောင်မှုလိုအပ်ပေသည်။ မိမိနည်းမိမိဟန်ဖြင့် ထကြွလုံ့လပြုလျှင်အချိန်ကုန်လူပန်း၊ ငွေကုန်ကြေးကျ၍ ပိုးသာကုန်မောင်ပုန်စောင်းမတတ်ဖြစ်ချေမည်။

၁း၄ ဘုရားတရားမသိသောသူများမူကားစည်းစနစ်မရှိ၊ အသီးအပွင့်မရှိ။ ကောင်းစားလျှင်လည်း တမွန်းတည့်သာခံသည်။ လေတိုက်ရာလွင့်ပါတတ်သောဖွဲ့နှင့်တူသည်။ အခွံပါရှိ၍ အဆံမရှိ။အကာသာရှိ၍ အနှစ်မပါ၊ မိုးသက်မုန်တိုင်းတိုက်လာလျှင် လွင့်မျောကုန်သည်။

၁း၅ ဘုရားတရားမရှိ၊ မတရားသောသူများသည် တရားစီရင်သောအခါ၌ မငြိမ်သက်နိုင်”ဘုရားသခင်ရှေ့တော်မှောက်၊ ပလ္လင်ဖြူတရားစီရင်ခြင်းကို လူတိုင်းရင်ဆိုင်ရသည်။ မတရားသော ထိုသူများသည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်သက်သေအထောက်အထားမရှိကြ အရပ်စကားဖြင့်ပြောရလျှင်ခြေတဘက်ပါရှိ၍ မြဲမြံစွာမရပ်တည်နိုင်။ ထို့အပြင်ဘယ်သောအခါမှ ဖြောင့်မတ်ရာသို့မရောက်နိုင်တော့ပါ။ ယေရှုခရစ်တော်ကို ယုံကြည် သောကြောင့်ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းရရှိသူများ အသိုင်းအဝိုင်း၌ မပါဝင်နိုင်တော့ပါ။

၁း၆ အဘယ်ကြောင့်ပါနည်း၊ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းလမ်းကို နှစ်သက်တော်မူ၏၊ ဖြောင့်မတ်သူများ၏ ဘဝလမ်းခရီးကို သတိပေးမီးမောင်းထိုးပြသည်သာမက လမ်းမှန်ကမ်းမှန်သို့ပို့ဆောင်သည်။ အပြစ်ဗရပွလမ်းစဉ်နှင့် ကွာခြားပါဘိ။ထာဝရသေရွာလမ်းနှင့် ထူးပါဘိ။လူ့ဘဝခရီးကို မကြာခဏပြန်လည်ဆင်ခြင်တတ်ကြပါသည်။ လူ့ဘဝကံကြမ္မာကို အသက်မွေးဝမ်းကြောင်းလမ်းက ပြဌါန်းသည်မဟုတ် ယေရှုခရစ်တော်ကို ယုံကြည်သည့်အစေခံတဖန်မွေးဖွားခြင်းကသာလျှင်ထူးခြားပြောင်မြောက်စွာ ပြောင်းလဲစေပါသည်။ ဖြောင့်မတ်သူဆိုသည်မှာ မိမိအပြစ်သားဘဝကို ဝန်ချခံယူ၍ယေရှုခရစ်တော်ကို ဘဝကယ်တင်၍ သခင်အဖြစ်ခံယူသည်။ ခရစ်တော်၏ အသက်တာကိုပိုင်ဆိုင်သွားသောကြောင့် ဘဝခရီးဖြောင့်ဖြူးသည်။ ဘုရားတရားမသိ၊ မတရားသောသူမူကား သခင်ယေရှုကို သိကျွမ်းလိုစိတ်မရှိ။ သခင်ရှေ့တွင် ဒူးထောက်ရန်ငြင်းဆန်သည်။ ကယ်တင်ရှင် သခင်ထက်မိမိကိုယ်ကိုအားကိုးသူဖြစ်သည်။ မိမိသာလျှင် မိမိဘဝ၏အရှင်သခင်ဟုထင်မှတ်သည် ဘဝကံစီမံရာသို့ လိုက်ပါသွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။