သုတ္တံကျမ်း - ၉

ပညာရှိခြင်းနှင့် မိုက်မဲခြင်း
1ဉာဏ်ပညာသည် အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။ 2သူ၏အကောင်များကို သတ်၍၊ စပျစ်ရည်ကို ဖော်ပြီးမှ စားပွဲကို ခင်းလေပြီ။ 3ကျွန်မတို့ကို စေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသောအရပ်တို့၌ ကြွေးကြော်လေသည်ကား၊ 4ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အို ပညာမရှိသောသူ၊ 5လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဖော်သော စပျစ်ရည်ကို သောက်လော့။ 6မိုက်သောသူကို ရှောင်၍ အသက်ချမ်းသာရလော့။ ပညာလမ်းသို့ လိုက်လော့ဟု ဆိုသတည်း။
7မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကို အပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ 8မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်။ သင့်ကိုမုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကိုချစ်လိမ့်မည်။ 9ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။ 10ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။ 11အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်။ 12သင်သည် ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင်ပြုလျှင် ကိုယ်တိုင်သာအပြစ်ကိုခံရလိမ့်မည်။
13မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။ 14မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာထိုင်လျက်၊ 15လမ်း၌တည့်တည့် ခရီးသွားသောသူတို့ကိုခေါ်၍၊ 16ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အို ပညာမရှိသောသူ၊ 17ခိုးသောရေသည်ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်းမြိန်သည်ဟု ဆိုတတ်၏။ 18ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်းကို ထိုယောက်ျားသည် မသိမမှတ်။

သုတ္တံကျမ်း - ၉ (အနက်ဖွင့်)

(ဉာဏ်ပညာနှင့်မိုက်မဲမှုတို့၏ဖိတ်ခေါ်သံ (:၁၈)

          : ဉာဏ်ပညာသည် နာခံခြင်းရှိသူများအတွက် အိမ်ကြီးဂေဟာ တည်ဆောက်၍ ပွဲတော်တည်ခင်းဖို့ ပြင်ဆင်သည်။ ပွဲတော်ဆိုသည်မှာ ပျော်ရွှင်ခြင်း၊ မိတ်သင်္ဂဟပြုခြင်း၊ ဧည့်သည်များ ကျွေးမွေးခြင်း၊ သင်္ကေတ ဖြစ်သည်။

အိမ်တိုင်ခုနှစ်တိုင်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ အချို့က ဟေရှာ ၁၁:၂ တွင် ပါရှိသည့် မေရှိယသခင်ကို အမှီသဟဲပြုသူများသည် သန့်ရှင်းဝိညာဉ်တော်၏ ဆုလက်ဆောင်ပါးပါးဆိုလိုသည်ဟု ရည်ညွှန်းကြသည်။ ယာ ၃:၁၇ တွင် ဉာဏ်ပညာနှင့် ပတ်သက်သောအရာ(၇)ပါး တွေ့ရသည်။ (၁) စစ်မှန်ခြင်း၊ (၂) ငြိမ်သက်ခြင်း၊ (၃) ယဉ်ကျေးသိမ်မွေ့ခြင်း၊ (၄) စိတ်အားထက်သန်ခြင်း၊ (၅) ကရုဏာနှင့်ယှဉ်သောအသီးကောင်း၊ (၆) မျက်နှာလိုက်မှုကင်းခြင်း၊ (၇) မာနထောင်လွှားမှုကင်းခြင်းတို့ ဖြစ်သည်။

: ဝိုင်နှင့် အမြည်းအဖြစ် အသားများကို အလျှံပယ်ကျွေးမွေးဧည့်ခံမည်ဟု ဆိုသည်။ စားပွဲများကိုလည်း တင့်တယ်စွာ ခင်းကျင်းထားသည်။ မြို့တော်မှဂုဏ်ကျက်သရေရှိသော အပျိုကညာများကို ခေါ်၍ ဧည့်ခံကြိုဆိုစေသည်။ အပျိုကညာများဆိုသည်မှာ ဘုရားသခင်ထံမှ ရရှိသောဉာဏ်ပညာဖြစ်သည်။ သခင်ယေရှုခရစ်တော်က အခြားသူများအား ဉာဏ်ပညာဝေငှဖို့ ဖိတ်ခေါ်ခြင်း ဖြစ်၍ ရောက်ရှိလာသူများသည်ဉာဏ်ပညာရရှိသွားကြသဖြင့် ပျော်ရွှင်ချမ်းမြေ့ကြသည်။

: ဖိတ်ခေါ်ခြင်းခံရသူများ၏ အမည်စာရင်းအတိအကျပြသထားသည်။ ဉာဏ်တိမ်သူများ၊ ပညာမရှိသူများကို ဖိတ်ခေါ်သည်။ ဤစကားသည် ရှင်းရှင်းလေးဖြစ်သည်။ စင်စစ် လောကလူသားများသည် ဉာဏ်ပညာမရှိသူများ၊ လေလွင့်သူများ ဖြစ်သောကြောင့် အကူအညီ အထောက်အမလိုသူများဖြစ်သည်။ ဉာဏ်ပညာရှိသူများကို မဖိတ်ခေါ်။ အဘယ်ကြောင့်ဆိုသော် ထိုသူများ၏ စိတ်နှလုံးသည် နန်းတော်သမျှ ကြီးကျယ်ကြသည်။

စားဘွယ်ဘောဇဉ်များကိုလည်း ပြောပြထားသည်။ အကောင်းဆုံး၊ အရသာအရှိဆုံးအာဟာရများ ဖြစ်သည်။ ဉာဏ်ပညာနှင့်ရောစပ်ထားသောဝိုင် ဖြစ်သည်။

ထိုပွဲတော်သို့ပါဝင်ချင်သူများသည် လူမိုက်ကို ရှောင်ကြဉ်ရသည်။ စိတ်နှလုံးကြည်လင်ရသည်။ မကောင်းသော စိတ်သဘောထားများ မပါလာရ။

:–    သင်ခန်းစာပြတ်သယောင်ရှိသော်လည်း အမှန်တကယ်မပြတ်ပါ။ ရှင်းပြချက်များဖြစ်သည်။ ပညာရှိများအား မညာရှိသတိဖြစ်ခဲမဖြစ်ကြဖို့ သတိပေးခြင်း ဖြစ်သည်။ သို့မဟုတ် ပညာရှိများ မိမိဉာဏ်ပညာကို အခြေအနေ အချိန်အခါအလိုက် အသုံးပြုတတ်ဖို့ ဩဝါဒပေးသည်။

          မထီမဲ့မြင်ပြုတတ်သောသူကို ဆုံးမလျှင် အချင်းချင်း ရန်ကုန်ပြန့်ခြင်းခံရမည်။ လူဆိုးအားအပြစ်ထောက်ပြလျှင် မိမိကို ပြန်လည်ရန်ရှာလိမ့်မည်။

လူ့သဘောသဘာဝ ရှင်းပြထားသည်။ ပညာရှိများက ကျေးဇူးတင်တတ်သောအရာများကို မထီမဲ့မြင်ပြုတတ်သူများက ရန်တုန့်ပြန်ကြသည်။ ထို့ကြောင့် မိဘဆရာ၊ အလုပ်နှင့်မိတ်ဆွေများက သင့်ကို ဆုံးမလျှင် မည်သို့တုန့်ပြန်ရမည်ကို သိပြီလော။

ဝေဖန်လေကန်မည့်အစား စိတ်နှလုံးဖြင့် ဆင်ခြင်ပါ။ ပညာရှိသူသည် မိမိအတွေ့အကြုံသာမက သူတပါးအတွေ့အကြုံကိုလည်း သင်ခန်းစာယူတတ်သဖြင့် ပညာတိုးပွားသည်။

:၁၀ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာအချုပ်အချာဖြစ်သည်ဟု ထပ်မံရှင်းပြထားသည်။ “ဇာတိတော်သိရှိခြင်းသည် အသိတရား သက်သက်ဖြစ်သည်”ဟု Moffatt ကဆိုထားသည်။ စင်ကြယ်သူ၊ ယုံကြည်သူသည် အခြားသူများထက် မိမိအနားရှိအရာများကို ပိုမိုထိုးထွင်းဖောက်မြင်နိုင်သည်။ သူများအရိမ်မြင်သည့်အချိန်တွင် အကောင်မြင်နိုင်သည်။

သန့်ရှင်းတော်မူသောဆိုသည်မျာ ဘုန်းတန်ခိုး၊ အသရေတော်နှင့် ပြည့်စုံခြင်းများကို သိမ်းကြုံးခေါ်ဝေါ်သည်။ Elohim က ဘုရားဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။

:၁၁  ဉာဏ်ပညာသည် လူ့ဘဝနေ့ရက်ကာလများအသက်တာကို တိုးပွားရှည်လျားစေသည်။ အသက်တာရှည်စေသည်သာမက လူဖြစ်ရကျိုးနပ်စေသည်။ အဓိပ္ပါယ်ရှိသော လူ့ဘဝဖြစ်စေသည်။ လူသေသော်လည်း နာမည် ကျန်ရစ်ခဲ့ဦးမည်။

 

:၁၂   လူ့ဘဝတွင် အဖိုးတန်ဆုံးသော ရတနာသည် ဉာဏ်ပညာ ဖြစ်သည်။ မိမိကိုယ်ကျိုးသာမက ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုသည်။ အခြားတဘက်တွင် မထီမဲ့မြင်ပြုသောစိတ်သဘောထားသည် ကိုယ့်ရှူးကိုယ်ပတ်လေ့ရှိသည်။ ထို့ကြောင့် ဉာဏ်ပညာနှင့် မထီမဲ့မြင်ပြုခြင်းကို ရွေးချယ်တတ်ရမည်။ တာရှည်တွင် ပိုမိုသိသာထင်ရှားသည်။ အောင်ပန်းဆင်သူလား၊ ဆုံးရှုံးသူလား၊ မည်သည့်အရာရွေးချယ်မည်နည်း။

          :၁၃ ဉာဏ်ပညာတည်ခင်းသောပွဲတော်  ငြင်းပယ်သူများသည် မိုက်မဲခြင်း အစာမှီဝဲသူများဖြစ်သည်။ ဉာဏ်ပညာနှင့် ဆန့်ကျင်ပုံကို ယခင်ကျမ်းပိုဒ်များ (ငယ် ၁-၆) တွင် ရှင်းပြထားပြီး ဖြစ်သည်။ လူမိုက်၏ သဘောသဘာဝ လက္ခဏာများကို ငယ် ၁၃-၁၈ တွင် ရှင်းပြထားသည်။

မိုက်သောမိန်းမသည် ကျယ်လောင်စွာ ပြောဆိုလေ့ရှိသည်။ ဦးနှောက်မရှိ။ အရှက်အကြောက်၊ ဣန္ဒြေသိက္ခာမရှိ။

:၁၄၁၆ အိမ်ရှေ့၊ လှေကားထစ်တွင် ထိုင်တတ်သည်။ သို့မဟုတ် လူမြင်ကွင်းတွင် မြင့်သောနေရာ၌ ထိုင်တတ်သည်။ မထိုက်တန်သောနေရာတွင် နေရာယူခြင်းဖြင့် သူမ၏ အကျင့်ပျက် မယဉ်ကျေးမှုကို ထုတ်ဖော်လေ့ရှိသည်။

ဉာဏ်တိမ်သောယောက်ျားများကို အလွယ်တကူ ဦးစီးခေါင်းဆောင်သည်။ ဉာဏ်ရည်နည်းပါးသော ယောက်ျားများက ထိုသဘောကို နားမလည်ဘဲ လိုက်နာကြသည်။

:၁၇ “ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာ စားသောမုန့်သည် မြိန်။ဟု ကြွေးကြော်တတ်သေးသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဟုတ်သယောင်ရှိသော်လည်း မလုပ်သင့်မလုပ်အပ်သော အမှုအရာများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယဉ်ကျေးသော လူ့ကျင့်ဝတ်တရားများနှင့် ဖီလာဆန့်ကျင်သည်။

ယိုယွင်းပျက်စီးသော အမှုအရာသည် စေ့စပ်သေချာသော အဆုံးခရီးသို့ မရောက်နိုင်။ သို့သော် တားမြစ်ထားချက်များကို တခုပြီးတခု ဆက်တိုက် ဖောက်ပြန်စေချင်သည်။ (ရော ၇:၇-၈ ကိုလည်းကြည့်)။ အကျင့်ပျက်သော မိန်းမ၏ အဓိကအပြုအမူမှာ ဉာဏ်တိမ်သော ယောက်ျားသားများ မြူဆွယ်ဖျက်ဆီးခြင်း ဖြစ်သည်။ စိတ်ပျော့သော၊ ယုံလွယ်သော ပုရိဿများကို အလွယ်တကူ အထိအတွေ့ ခံခြင်းဖြင့် မြူဆွယ်သည်။

:၁၈ သို့သော် ထိုအပြုအမူအကျင့်၏ ရလဒ်ကို ယောက်ျားသားများ ပြောပြလေ့မရှိ။ တဒင်္ဂသာယာခြင်း၏ အဆုံးတွင် အနက်ဆုံးသော မရဏာနိုင်ငံရှိကြောင်း မသိကြ။

ဤကျမ်းပိုဒ်သည် ကမ္ဘာနှင့်အဝှမ်း လူသိထင်ရှား ကျော်ကြားသော ကျမ်းချက်ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်က ပြင်ပဆရာကြီးတပါးက ဤသို့ဆိုခဲ့သည်။

အချစ်၏ပျော်ရွှင်ခြင်းသည် တညသာခံသည်။

            အချစ်၏အားအင်သည် ဘဝ တသက်တာရှည်သည်။၁၃

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။