သုတ္တံကျမ်း - ၈

ဉာဏ်ပညာကိုချီးမွမ်းခြင်း
1ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ 2မြင့်သောအရပ်ထိပ်၌လည်းကောင်း၊ လမ်းခရီးအနား၌လည်းကောင်း ရပ်နေ၏။ 3ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာကြွေးကြော်၍၊ 4အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကိုငါလွှင့်၏။ 5ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။ 6နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ 7ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။ 8ငါဟောပြောသမျှသော စကားတို့သည်ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။ 9နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။ 10ငွေအရင်၊ ငါ့နည်းကိုလည်းကောင်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကိုလည်းကောင်း ခံယူကြလော့။ 11အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
12ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံအတတ်များကိုဖော်တတ်၏။ 13ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ 14အကြံပေးနိုင်သောအခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ 15ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသောအခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသောအခွင့် ရှိကြ၏။ 16ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီးအပေါင်းတို့သည် အစိုးရသောအခွင့်ရှိကြ၏။ 17ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ 18ငါ၌စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ 19ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာ သည် ငွေတော်ထက်သာ၍မြတ်၏။ 20ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ လျှောက်သွားသည်ဖြစ်၍၊ 21ငါ့ကိုချစ်သောသူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက် ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
22ထာဝရဘုရားသည် ရှေးအမှုတော်ကိုမပြုမီ ထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။ 23မြေကြီးမဖြစ်မီ၊ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ 24နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ 25တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊ 26မြေကြီးနှင့် လယ်တောများကိုမဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမီ၊ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ 27မိုးကောင်းကင်ကို ပြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာပြင်ကို သတ်မှတ်သောအမှု၊ 28အထက်မိုးတိမ်ကို တည်စေသောအမှု၊ နက်နဲသောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ 29သမုဒ္ဒရာ၌ ကန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကိုပြီးစီးစေတော်မူသောအခါ၊ 30ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်ကစားလျက်၊ 31ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။
32သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ 33ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။ 34ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှမျှော်လင့်လျက်နေသော သူသည် မင်္ဂလာရှိ၏။ 35ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ 36ငါ့ကိုပြစ်မှားသောသူမူကား၊ မိမိအသက်ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။

သုတ္တံကျမ်း - ၈ (အနက်ဖွင့်)

(ဉာဏ်ပညာ၏ အထွဋ်အထိပ် (အခန်း၈)

          :    အခန်းကြီး(၈)သည် အပိုင်းကြီး(၇) နှင့် တစေတစောင်းဆန့်ကျင်နေသည်။ အကျင့်ပျက်သော မိန်းမထံမှ လူ၏သားများကို ခေါ်ထုတ်သည်။ ဉာဏ်ပညာက အကျိုးအကြောင်းရှင်းပြ၍ ခေါ်ထုတ်သည်။ ဓမ္မသစ်ကျမ်း ယော ၇:၃၇ တွင် အသက်စမ်းရေသောက်ဖို့ ဖိတ်ခေါ်သည်။

: ဉာဏ်ပညာတွေ့ရှိနိုင်မည့်နေရာ ညွှန်ပြထားသည်။ နေရာတိုင်းမှာ ရှိသည်။ သွားလေရာမှာရှိသည်။ ကြည့်တတ်လျှင်မြင်သည်။ ရှာတတ်လျှင်တွေ့မည်။ ယူတတ်လျှင် သင်ခန်းစာဖြစ်သည်။ မယူတတ်လျှင်တဏှာ၊ ယူတတ်လျှင် ဒေသနာဖြစ်သည်။

:   လူတိုင်းကို ဉာဏ်ပညာက ဖိတ်ခေါ်သည်။ လူမျိုးမရွေး၊ အလွှာမရွေး ခေါ်သည်။ ဉာဏ်ပညာနည်းပါးသူများနှင့် ဉာဏ်ရည်နိမ့်ကျသူများကို ခေါ်သည်။ သာမန်အညတြလူများနှင့် လူနုံများကို ဖိတ်ခေါ်သည်။ “လူတိုင်းကို ဖိတ်ခေါ်သည်” ဟု Kidner ကဆိုသည်။

:  ဉာဏ်ပညာ၏ သွန်သင်ပုံသွန်သင်နည်း ရှင်းပြထားသည်။ မှန်သောတရားစကား၊ သမ္မာတရား၊ ဒုစရိုက်ကို စက်ဆုပ်သောစကား၊ ဖြောင့်မတ်သောစကားများ သွန်သင်သည်။ ဖောက်ပြန်သောစကား၊ ကောက်ကျစ်သောသဘောနှင့် ကင်းလွတ်သည်။ ဉာဏ်ပညာ၏ သွန်သင်ချက်ကို နာခံသူများသည် အလုံးစုံ၌ ရှင်းလင်း၍ ပညာအမှန်ရကြသည်။

:၁၀၁၁  ဉာဏ်ပညာ၏တန်ဖိုးကို နှိုင်းယှဉ် ပြထားသည်။ ရွှေ၊ ငွေ၊ ပတ္တာမြား တို့နှင့် ယှဉ်ရွေးခိုင်းလျှင် ဉာဏ်ပညာကိုသာ ရွေးအပ်သည်။ ဉာဏ်ပညာသည် လူ၏အမြင့်ဆုံးတန်ဖိုး ဖြစ်သည်။

:၁၂၁၃   ဉာဏ်ပညာသည် သမ္မာသတိနှင့် အတူတူပေါင်းဖက်စုံမက်သည်။ အတူသွား၊ အတူလာ၊ အတူတူနေထိုင်သည်။ ဉာဏ်ပညာနှင့် ပြည့်စုံလျှင် စိတ်နှလုံးသည်လည်း သမ္မာသတိရှိပေမည်။ ဉာဏ်ပညာက အသိဉာဏ်ပညာနှင့် ကိုယ်ပိုင်စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာပေးသည်။ လူ့ဘဝရေးရာများကို စီမံကွပ်ကဲသည်။

ဉာဏ်ပညာနှင့်အတူမနေနိုင်သော ဆန့်ကျင်ဘက်များလည်းရှိသည်။ အကျင့်စာရိတ္တပျက်ပြားခြင်း၊ မတရားမှု၊ မာန၊ ရက်စက်ယုတ်မာမှု၊ ရိုင်းစိုင်းသောအပြုအမူ၊ မုသားစကားများဖြစ်သည်။

:၁၄၂၁  ဉာဏ်ပညာ ဆုလက်ဆောင်များကို ရှင်းပြပါမည်။

ကောင်းသော အကြံဉာဏ် (ငယ် ၁၄က)

ခိုင်မာသောဆုံးဖြတ်ချက်  (ငယ် ၁၄ခ)

ထိုထွင်းဉာဏ်            (ငယ် ၁၄ဂ)

ဝေဖန်ပိုင်းခြားနိုင်သောသိစိတ် ခေါင်းဆောင်မှုအရည်အချင်း  (ငယ် ၁၅က၊ ၁၆က)

ရုံးကန္နားတွင်ကျင်လည်ခြင်း (ငယ် ၁၅ခ၊ ၁၆ခ)

မိတ်ကောင်းဆွေကောင်း  (ငယ် ၁၇က)

ရွေးချယ်တတ်ခြင်း  (ယော၁၄:၂၁ ကိုကြည့်)

စီးပွားရေးလုပ်ငန်း (ငယ် ၁၇ခ)

စည်းစိမ်ဂုဏ်အသရေမြဲခြင်းနှင့် စည်းစိမ်ပါရမီ  (ငယ် ၁၈)

          ရွှေစင်နှင့် အခွန်တော်ငွေ ထက်မြက်သည် ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားလမ်းညွှန်ပြ၍ ဥစ္စာဘဏ္ဍာများကို ယူဆောင်လာသည်။ (ငယ်၂၀၊ ၂၁)

ဤကျမ်းပိုဒ်များမှ ဉာဏ်ပညာများသည် ဓမ္မသစ်ကျမ်းတွင် ရှင်းကြသော သခင်ယေရှုခရစ်တော် ကိုယ်တိုင်ဖြစ်သည် (မ ၁၁:၁၉၊ လု ၁၁:၄၉၊ ၁ကော ၁:၂၄၊ ၃၀၊ ကော ၂:၃)။ လာမည့်ကျမ်းပိုဒ်များတွင် ပိုမိုရှင်းလင်းအောင် ဖော်ပြထားသည်။ အသင်းတော်များက ဤကျမ်းချက်ကို သခင်ယေရှုခရစ်တော်အဖြစ် ဖော်ညွှန်းကြသည်။

ခရစ်တော်၏ သက်တော်စဉ်တွင် ဤဉာဏ်ပညာများကို မည်သည့်ပုံစံဖြင့် တွေ့နိုင်သနည်း။

:၂၂  ခရစ်တော်၏ ဇာတိတော်ဖြစ်စဉ်တွင် တွေ့ရသည်။ ထာဝရဘုရားသည် ရှေးအမှုတော်ကိုမပြုမီ ကြွလာတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏“”ငါ့ကိုပိုင်တော်မူ၏ဟူသော စကားလုံးသည် နားလည်ရခက်သည်။ သို့သော် မူလအစကတည်းက ဘုရားသခင်နှင့်အတူ ခရစ်တော်ရှိတော်မူသည်ဟု နားလည်ရသည်။ ဘုရားသခင်နှင့်သားတော်သည် ဉာဏ်ပညာတွင် တန်းတူရည်တူရှိသည်။ ဉာဏ်ပညာ လက်လွတ်မရှိသောအချိန်ကာလဟူ၍မရှိ။ ဆိုလိုသည်မှာ ယော ၁:၁ တွင် ပါရှိသည့် “အစကနဦး၌ နှုတ်ကပတ်တော်သည်ရှိ၏”ဟူသော ကျမ်းချက်နှင့် အဓိပ္ပါယ်အတူတူဖြစ်သည်။

:၂၃  မြေကြီးမဖြစ်မီ၊ ရှေးဦးစွာသောကာလ၊ အနတ္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ ဘိသိက်ခံပြီဆိုခြင်းမှာ ကောင်းကြီးပေးခြင်း၊ တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ဖန်ဆင်းခြင်းမစမှီကပင် သခင်ယေရှုခရစ်တော်သည် ဣသရေလတို့၏ မေရှိယသခင်၊ လောကသားများ ကယ်တင်ရှင်အဖြစ် ခန့်အပ်ပြီး ဖြစ်သည်။

:၂၄၂၆  အစကဦးကပင် ဖြစ်ပွားတော်မူသည်ဆိုသည်မှာ ပထမဦးဆုံး ဖန်ဆင်းခံရသည်ဟု ဆိုလိုခြင်းမဟုတ်။ သားတော်သည် အဘခမည်းတော်နှင့်အတူ နိစ္စထာဝရရှိတော်မူသည်။ ကဗျာလင်္ကာ ဆန်ဆန်ရေးသားခြင်း ဖြစ်သည်။

အဦးဆုံးသောမြေမှုန့်ဆိုသည်မှာ ကမ္ဘာဦးအစကို ဆိုလိုသည်။

:၂၇၂၉  ဖန်ဆင်းရာတွင်လည်း ကိုယ်တော်ဘုရားပါဝင်သည်။ မိုးကောင်းကင်ပြာကို၎င်း၊ သမုဒ္ဒရာပင်လယ်ရေမျက်နှာပြင်ကို၎င်း၊ အထက်မိုးတိမ်တည်စေခြင်းကို၎င်း၊ နက်နဲသောစမ်းရေပေါက်၊ မြေကြီးနှင့် ရေပြင်ခွဲကန့်ခြင်းကို၎င်း ဖန်ဆင်းရာတွင် ခရစ်တော်ဘုရားသည် ခမည်းတော်ဘုရားနှင့် အတူပါဝင်သည်။

:၃၀ က ခရစ်တော်ဘုရားသည် လောကကြီးကို ဖန်ဆင်းရာတွင် ပါဝင်သည်။ ဖန်ဆင်းသော အမှုသည် ခရစ်တော်ဘုရား၏ လက်ရာတော်များဖြစ်သည်။ NKJV ကျမ်းမူက အစပိုင်းကျမ်းပိုဒ်ကို ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့ အထံတော်ပါးတွင်နေ၍” ဟုဆိုထားသည်။ ဤကျမ်းစကားသည် ယော ၁:၃၊ ကော ၁:၁၆၊ ဟေဗြဲ ၁:၂ တို့နှင့် တသဘောတည်းရှိသည်။

:၃၀  ခရစ်တော်သည် ဘုရားသခင်ရှေ့တော်၌ အစဉ်မပြတ်မွေ့လျော်ခွင့်ရှိသည်။ ခမည်းတော်ဘုရားက ထိုမျှချစ်တော်မူသော သားတော်ကို လောကအပြစ်သားများ ကယ်တင်ဖို့ရန် အသေခံစေတော်ခြင်းကြောင့် ဘုရားသခင်က လူသားများအပေါ် ထားရှိသော မေတ္တာတရားသည် ကြီးမားလှပါသည်။

:၃၀  ခရစ်တော်သည် ဘုရားသခင်ရှေ့တော်၌ မွေ့လျော်ခွင့်ရှိသည်ဆိုခြင်းမှာ ခရစ်တော်ဘုရားသည် ဖြောင့်မတ်စင်ကြယ်သူ၊ ပျော်ရွှင်ခြင်းအပြည့်ခံစားသူ ဖြစ်သည်ဟု ဆိုလိုသည်။ သို့သော်လည်း လောကသားများအကျိုးအတွက် အရှက်ရခြင်း၊ ဆင်းရဲဝေဒနာခံစားခြင်းများ မရှုမလှခံစားခဲ့သည်။

:၃၁  ဖန်ဆင်းတော်မူသော ဖြေကြီးတပြင်လုံးတွင် ရွှင်လန်းသည်။ ကိုယ်တော်ဘုရား ဖန်ဆင်းထားသော နက္ခတာရာ၊ စကြဝဠာ၊ ကမ္ဘာမြေများကို ကြည့်ရှုတော်မူသောအခါ ရွှင်လန်းအားရနှစ်သက်တော်မူသည်။

လူသားများ ဖန်ဆင်းခြင်း အတွက် အထူးနှစ်သက်အားရတော်မူသည်။ အံ့ဩသည်မှာ ဖန်ဆင်းထားသော လူများက ဘုရားရှင်အား ပြန်လည်ဆန့်ကျင်ပုန်ကန်ကြသည်။ ကိုယ်မွေးသောမျောက်က မိမိကို ပြန်ခြောက်ခြင်း ဖြစ်သည်။

အပိုဒ်ငယ် ၂၂-၃၁ က William Cowper က ဤသို့ ဖော်ကျူးထားသည်။

အစဦးကပင် တောင်ကုန်းမြေများ ဖန်ဆင်းတော်မူပြီ။

တောင်ကုန်းတောင်စွယ် အသီးသီးပေါ်ထွန်းလျက်

စိမ့်စမ်းရေထွက်များထပ်ဖြည့်သဖြင့်

တောင်ကျစမ်းရေ တသွင်သွင်စီးရစ်လေကြပြီ။

ကိုယ်တော်ဘုရား၏ နာမတော် I AM

အံ့ဘွယ်နာမတော်ပါတကား။

မပျောက်ကွယ်နိုင်သော ပျော်ရွှင်ခြင်းပီတိ

နာမတော်မြတ်၌ ဉာဏ်ပညာအပြည့်ရှိပါ၏။

ယာယီတဲကုတ်မှ လှမ်းကြည့်ခိုက်

မိုးကုတ်စက်ဝိုင်းပြာလွင်လွင် မော်ကြည့်မြင်ရ

ပင်လယ်ပြာပြာ မိုးပြာပြာ

ပနာတင့်လှပါဘိ။

မတိမ်းမစောင်းရအောင် အလေး၊အချိန်အဆမျှထား

ကိုယ်တော်ဘုရား ဉာဏ်တော်ကြီးမားလှ

ထိုမျှမက ကိုယ်တော်ဘုရား၏ နှလုံးပီတိသောမနဿ

လောကသားများ ဖန်းထား။

ကိုယ်တော်ဘုရား ကြည်နူးဖို့ လူသားဖန်ဆင်းလည်း ကျေးဇူးစွပ်ကြပါ၏

ထိုအရှင်သခင်အား၊ လှမ်းမျှော်ကြည့်ခိုက်

သစ်တိုင်ပေါ်မှာ သံမှိုနှက်ကြပြီ။

အံ့ဩကုန်နိုင်ဖွယ် ကျေးဇူးကန်းကြခြင်း

ကိုယ်တော်ဘုရားအသံတော် ကြားယောင်မိ

မိုးကြိုးထက်ပင် ကျယ်လောင်သေး

“အပြစ်သားတို့၊ ငါဟာသင်တို့အတွက် လာပါသည်”

:၃၂၃၆ ဤကျမ်းပိုဒ်များတွင် ဉာဏ်ပညာ၏ ခေါ်သံစကားအား လူသားများက တုန့်ပြန်မည့် ဝတ္တရားများ ရှင်းပြထားသည်။ ဆုံးမဩဝါဒများ နာခံသူ ပြသသည့် လမ်းအတိုင်းလိုက်လျှောက်သူများသည် မင်္ဂလာရှိသူများဖြစ်၍ ကောင်းကြီးမင်္ဂလာခံစားကြရသည်။ ပညာတံခါးနားမှာ နေ့စဉ်စောင့်၍၊ တံခါးတိုင်နားမှာ မြှော်လင့်နေသူများသည် မင်္ဂလာရှိကြ၏။ ထိုသို့နေ့စဉ် အသက်တာတွင် သမ္မာသတိရှိသူများသည် ပညာကို တွေ့ကြရမည်။ သမ္မာသတိမရှိ ဇွဲလုံ့လမရှိသူများသည် ဉာဏ်ပညာမရရှိသဖြင့် စောလျင်စွာ သေပွဲဝင်ကြရမည်။

ဤကျမ်းပိုဒ်(၂)သည် ခရစ်တော်ကို ရည်ညွှန်းသည်။ ခရစ်တော်ကို ရှာတွေ့သူသည် ထာဝရအသက်ရ၍ ဘုရားသခင်ရှေ့တော်၌ ဘုန်းတန်ခိုးရရှိသည် (ယော ၈:၅၁၊ ၁၇:၃၊ ဧ ၁:၆၊ ၁ယော ၅:၁၂ တို့ကို ကြည့်ပါ)။ ကိုယ်တော်ရှာမတွေ့သူများသည် အသက်ရှင်ခြင်း မတွေ့သူများဖြစ်သည်။ ခရစ်တော်ကို မုန်း၍ သေခြင်းကို ခင်တွယ်သူများသည် (ယော ၃:၃၆ နှင့် ယှဉ်ဖတ်ပါ)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။