သုတ္တံကျမ်း - ၁၃

1ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ 2လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။ 3မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။ 4ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။ 5ဖြောင့်မတ်သောသူသည် မုသားစကားကိုမုန်းတတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဖွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။ 6ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။ 7အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သောသူလည်းရှိ၏။ 8စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သောစကားကို မကြားဘဲနေ၏။ 9ဖြောင့်မတ်သောသူ၏အလင်းသည် ရွှင်လန်း၏။ မတရားသောသူ၏မီးခွက်မူကား၊ သေရလိမ့်မည်။ 10မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။ 11လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။ 12မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
13နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာရလိမ့်မည်။ 14ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 15ကောင်းသောဉာဏ်ရှိသောသူသည် မျက်နှာရတတ်၏။ ပြစ်မှားသောသူတို့ လမ်းမူကား၊ ခက်သောလမ်းဖြစ်၏။ 16သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။ 17မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။ 18သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ 19အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သောအရာဖြစ်၏။ 20ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။ 21အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ 22သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။ 23ဆင်းရဲသား လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။ 24ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။ 25ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသောသူမူကား၊ မွတ်သိပ်ခြင်းကိုခံရလိမ့်မည်။

သုတ္တံကျမ်း - ၁၃ (အနက်ဖွင့်)

၁၃:  ကိုယ်ခန္ဓာနှင့်အသိစိတ်ပြိုင်တူ ဖွံ့ထွားတိုးတက်လျှင် လူပီသသည်။ ကလေးသူငယ်သည် ဘေးဘက်ထောက်သွားပြီးမှ လမ်းလျှောက်သည်။ ထို့နောက်မှ စကားပြောတတ်သည်။ ဝိညာဉ်ရေးရာတွင်လည်း ပထမဦးစွာ အသက်တာပြောင်းလဲပြီးမှ နာခံခြင်းအသက်တာ ရှိရသည်။ ပြီးနောက် အမှုတော်တွင် ပါဝင်ဆက်ကပ်ရသည်။ ပညာရှိ၏ သားသမီးများသည် စည်းကမ်းကလနားလိုက်နာ၏။ မိဘစကားကို နာခံ၏။ မထီမဲ့မြင်ပြုတတ်သူ၏ သားသမီးမူကားပြောသမျှကို နားထောင်သော်လည်း မိမိအမှားပြင်ဆင်ခြင်း၊ လိုက်လျှောက်ခြင်းမရှိ။ ပြန်မပြော၊ နားမထောင်လုပ်တတ်သည်။

၁၃: ကောင်းသောစကားပြောသူ၊ သူတပါးအားပေးသူ၊ အကြံကောင်း၊ ဉာဏ်ကောင်းပြုတတ်သူသည် သူပြုသည့်အတိုင်း တူသောအကျိုး တုန့်ပြန်လက်ဆောင် ရရှိကြသည်။ ပြစ်မှားတတ်သောသူမူကား သစ္စာမရှိ။ ယုံကြည်စိတ်ချမှုမရှိသဖြင့် သူတပါးကို စိတ်ဆင်းရဲစေသည်။ သူတပါးကို ဒုက္ခရောက်စေသည့်အတိုင်း တူသော အကျိုးခံစားရသည်။

၁၃: မိမိနှုတ်ကိုစောင့်ထိန်းသူသည် မိမိအသက်ကို စောင့်ရှောက်သူ (ယာ ၃:၂) ဖြစ်သည်။ စကားပြောမဆင်ခြင်သူများသည် မိမိစကားကြောင့် ဒုက္ခရောက်တတ်သည်။ ထို့ကြောင့် ဆင်ဆင်ခြင်ခြင် စကားပြောပါ။ ရှေ့နောက်ဘေးဘယ်ညာကြည့်ပါ။ လျှာ၏အသီး တဖန်စားရမည်။

၁၃: “လိုလျှင်ကြံဆနည်းလမ်းရ”ဟူသော စကားရှိသော်လည်း လူပျင်းများသည် အိပ်ယာထဲမှာသာ တိုက်ဆောက်ကြသည်။ လက်တွေ့မလုပ်သဖြင့် ရည်မှန်းချက်မအောင်မြင်ကြ။ လက်တွေ့မပါသော စိတ်ကူးယဉ်သည် အရူးအိပ်မက်ဖြစ်သည်။ ဇွဲလုံ့လရှိသူသည် အချိန်ရှိခိုက် လုံ့လစိုက်သောကြောင့် သူ့အိမ်သည် ဥစ္စာပစ္စည်းများဖြင့် ပြည့်စုံသည်။ ဝိညာဉ်ရေးရာနယ်ပယ်တွင်လည်း ထိုအတိုင်းဖြစ်သည်။   Bosch က ဤသို့ရှင်းပြသည်။

Adam Clark က သမ္မာကျမ်းစာအနက်ဖွင့်ကျမ်း စီရင်ရေးသားရာတွင် နှစ်ပေါင်း (၄၀အချိန်ပေးခဲ့သည်ဟု ဆိုသည်။ Noah Webster အဘိဓါန်ကျမ်းရေးရာတွင် နှစ်ပေါင်း (၃၆နှစ် ကြာခဲ့သည်။ ထိုကျမ်း ပြီးဆုံးအောင်ရေးသားဖို့ သမုဒ္ဒရာအရှေ့အနောက်()ခါ ဖြတ်သန်းသွားလာခဲ့သည်။ ကမ္ဘာ့အကောင်းဆုံး ဂန္တဝင်ကဗျာ စီရင်ရေးသားသူ Milton သည် နံနက်တိုင်း ()နာရီ အိပ်ယာမှထ၍ နံနက်အာရုဏ်ကြည့်ရှု ကဗျာသီဖွဲ့သည်။ Gibbon သည် The Decline and Fall of the Roman Empire စာအုပ်ရေးသားဖို့ နှစ်ပေါင်း (၂၆)နှစ်လုံးလုံး သုတေသနပြုခဲ့သည်။ Bryant  သည် သူ၏ ကဗျာစာအုပ်ကို ပုံမနှိပ်မီ အကြိမ် (၁၀၀)တိတိ ပြန်လည်စစ်ဆေးသည်။ ထိုသို့စစ်ဆေး၍ အားရကြေနပ်ပြီးမှ ထုတ်ဝေသောအခါ လူတိုင်းနှစ်သက် လက်ခံသောစာကောင်းပေမွန် ကဗျာစာအုပ်ထွက်လာသည်။ ဤလူများသည် ဇွဲနဘဲကြီးစွာဖြင့် မိမိတို့အလုပ်တွင် ဈာန်ဝင်စားသူများဖြစ်သည်။ ကြိုးစားအားထုတ်သည့်အတိုင်း ပင်ပန်းရကျိုးနပ်ကြသည်။

လူများ၏ အကောင်းဆုံးပျော်ရွှင်ခြင်းမှာ ပင်ပန်းကြီးစွာ လုပ်ဆောင်ခြင်း၏ အကျိုးရလာဒ်အား လူများကောင်းကျိုးပြုခြင်းဖြစ်၍ နတ်လူသာဓုခေါ်ခြင်း ဖြစ်ပါသည်။၁၆

                ၁၃: ဖြောင့်မတ်သောသူသည် မမှန်သောစကားဟူသမျှအား မုန်းတီးသည်။ သို့သော် မတရားသောသူမူကား စက်ဆုပ်ဖွယ်ဖြစ်၍ ဂုဏ်သိက္ခာမဲ့ကြသည်။ ထိုအကြောင်းကို J.Allen Blair က အမေရိကန်တွင် လူသိထင်ရှားသူ တဦးအကြောင်းဖြင့် ဤသို့ ရှင်းပြထားသည်။

တခါက ကိုယ်မှန်လျှင် ခေါင်းမရွှေ့ဟု ခံယူသော အာဗြဟံ လင်ကွန်းဆိုသူတဦး ရှိသည်။ တနေ့သောအခါ လူတယောက်က လင်ကွန်းအား အလုပ်တခု လာအပ်သည်။ မျက်နှာကျက်ကို ကြည့်ပြီး စကားနားထောင်ရင်း ထိုင်ခုံပေါ်တွင် လှုပ်ခါနေသည်။

            “ခင်ဗျားအကြံဉာဏ်က ကောင်းပါတယ်။ ဒါပေမယ့် ဆိုးသောအမှုကိစ္စတွင်လည်း သဘောတူညီမျှမှုနှင့် တရားမျှတမှု ရှိသင့်တယ်။ အခြားတယောက်ကို သွားရှာပါ။ ကျွန်ုပ်မလုပ်နိုင်ဘူး။ ပိုက်ဆံရသည်ဆိုပေမယ့် တရားဥပဒေလမ်းကြောင်းမှာ မဟုတ်မမှန် မပြောနိုင်ဘူး။ လူလိမ်လူညာမလုပ်ချင်ဘူးဟု ဆိုရာ ထိုသူကနင်လက်မခံလျှင်လည်းနေ၊ အရူးဘဲ၊ ငါ့ဟာငါလုပ်မည်ဟု အော်ဆဲပစ်သည်။

            လိမ်ညာခြင်းနှင့် မုသာစကားဟူသမျှသည် ဘုရားသခင်၏ စိတ်တော်နှင့် မထိတွေ့နိုင်။ ခရစ်ယာန်မဟုတ်သူများသည် လိမ်လည်လှည့်ဖျားခြင်း ပြုကောင်းပြုကြမည်။ လိမ်လည်ခြင်းသည် မိမိကိုယ်ကို ညာခြင်းဖြစ်သည်။ ထိုသို့ပြုနေသရွေ့ကာလပတ်လုံး ဘုရားသခင်ရှေ့တော်သို့ မရောက်နိုင်။၁၇

၁၃: ဖြောင့်မတ်ခြင်းသစ္စာတရားက သူတော်ကောင်းများကို ကွယ်ကာစောင့်ရှောက်သည်။ ဒုစရိုက်တရားကမူ အပြစ်သားများအား မိုက်တွင်းနက်သထက်နက်အောင် ပို့ပေးသည်။ ပျက်စီးစေသည်။

၁၃: ဤသုတ္တံစကားသည် အဓိပ္ပါယ်(၂)မျိုး နားလည်နိုင်သည်။ ဘာမှမရှိဘဲလျက် သူဌေးကြီး ဟန်ဆောင်သူရှိသကဲ့သို့ အမှန်တကယ် ငွေကြေးချမ်းသာသော်လည်း မရှိဆင်းရဲသားကဲ့သို့ သူ့လူကိုယ့်လူ နေတတ်သူလည်းရှိသည်။

သို့မဟုတ် ဤသို့လည်း အနက်ကောက်နိုင်သည်။ ဘုရားသခင်ကို အမှန်တကယ် မသိကျွမ်းသော်လည်း အသက်တာပြောင်းလဲဟန်ဆောင်သူ ရှိသကဲ့သို့ မိမိကိုယ်ကို ဘာမှမသိ နားမလည်သူသဖွယ် အောက်ကျို့နောက်ကျို့ နေတတ်သူများလည်း ရှိသည်။ ထိုအကြောင်းကို Morgan က ဤကဲ့သို့ သရုပ်ပြရှင်းပြထားသည်။

လူ့အသက်တာတွင် စည်းစိမ်ဥစ္စာ ကြွယ်ဝလှသည်ဟု မိမိကိုယ်ကို ထင်ကြေးပေးကြသည်။ အမှန်တကယ်တွင်မူ ဘာမှမရှိကြပါ။ ဥစ္စာဓနများသည် လူ့ဘဝအသက်တာတွင် စစ်မှန်သောရတနာများ မဟုတ်ပါ။ ကျန်းမာခြင်း မပေးနိုင်။ ပျော်ရွှင်မှု မလုပ်နိုင်။ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူဖြစ်သည်။ အခြားတဘက်တွင် မိမိကိုယ်ကို ဘာမှမဟုတ်ပါလားဟု ခံယူသူများသည် စိတ်နှလုံး ချမ်းမြေ့သူများ ဖြစ်သည်။ အဘောပေါက်ကြပါသလား။ ဤစာသားအတိုင်းဆိုလျှင် သဘောတူချင်မှတူမည်။ မိမိကိုယ်ကို သူဌေးဟု ထင်မှတ်သူများသည် မိမိကိုယ်ကို ဖျက်ဆီးသူများ ဖြစ်သည်။ အခြားသူများကို ကောင်းစားအောင် ပြုလုပ်သူများသည် ဘဝဆင်းရဲသည်ဟု ထင်မှတ်သော်လည်း စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့သူများ ဖြစ်သည်။ ဟေဗြဲတို့၏ သုတ္တံစကား တန်ဖိုးနည်းသောအရာသည် ကြားရုံဖြင့် သဘောပေါက်ဖို့မလွယ်။ ဦးနှောက်ဖြင့် ဆင်ခြင်မှ နားလည်နိုင်သည်။ တပါးတည်းသောသူသည် ဉာဏ်ပညာအဖြစ် လူ့လောကသို့ အဆင်းရဲခံဖို့ ကြွလာခဲ့သည် မဟုတ်လော့။၁၈

၁၃: ငွေကြေးချမ်းသာသူသည် သူခိုးလူဆိုးဘေးရန် တွေးပူလေ့ရှိသည်။ ဓါးပြတိုက်ခံရမည်လား၊ ငွေညှစ်ခံရမည်လား၊  ပြန်ပေးဆွဲခံရမည်လား၊  စိတ်ပူနေရသဖြင့် သက်တော်စောင့် ငှါးရမ်းရသည်။ သို့မဟုတ်လျှင် လူဆိုးများ တောင်းသလောက် ပေးရမည်။ မိမိငွေဖြင့် ပူပင်သောက ဝယ်ယူသူဖြစ်သည်။ မရှိဆင်းရဲသားမူကား သူတပါးလုယက်၊ ဓါးပြတိုက်ခံရဖို့ စိတ်ပူစရာမရှိ။

၁၃:  ဖြောင့်မတ်သူသည် ထွန်းလင်းတောက်ပသော ဆီမီးခွက်နှင့် တူသည်။ ပတ်ဝန်းကျင်ကို အလင်းပေးသည်။ သူယုတ်မာများသည် တဖြည်းဖြည်း လောင်စာကုန်ခမ်းသော မီးခွက်နှင့် တူသည်။ ကုန်သထက်ကုန် ခမ်းသထက်ခမ်း၍ နောက်ဆုံးတွင် လုံးဝချုပ်ငြိမ်းသွားသည်။

          ၁၃:၁၀ ပထမပိုင်းကို (၂)မျိုး တွေးဆနိုင်သည်။ ပထမအချက်မှာ ငြင်းခုံပြောဆိုခြင်းသည် “မာနထောင်လွှားခြင်းတမျိုး ဖြစ်သည်။ နောက်တခုမှာ မာနထောင်လွှားသူသည် အငြင်းခုံသန်သည်” (JND မည်သို့ပင် အနက်ကောက်ကြစေကာမူ မာန်မာနသည် ကောင်းကျိုးတခုမှမပြု။ ခါးသီးသောအရသာပေးသည်။ C.S.Lewis က ဤသို့ ဆိုသည်။

လူမျိုးတိုင်း၊ မိသားစုတိုင်းတွင် မာန်မာန တမျိုးစီရှိကြသည်။ မာန်မာနသည် ပျက်စီးခြင်းအကြောင်းရင်း ဖြစ်သည်။ အခြားအမြင်မကြည်စရာလည်း ရှိပါသည်။ သို့သော် ထိုအပေါင်းအသင်း ပတ်ဝန်းကျင်ထဲတွင် ကောင်းနိုးရာရာများလည်း ပါတတ်သည်။ အမူးသမား၊ မလိမ္မာသူများထံမှာလည်း ခင်မင်ရင်းနှီးမှုနှင့် ရီစရာမောစရာများ ကြုံရတတ်သည်။ သို့သော် မည်သည့်နေရာတွင်မဆို မာန်မာနသည် အနည်းနှင့်အများ ပါစမြဲ။ လူသားအချင်းချင်း အကြားတွင်သာမက၊ ဘုရားသခင်ကိုးကွယ်ရာတွင်လည်း ထားတတ်ကြသည်။၁၉

သူတပါးအကြံဉာဏ်လက်ခံသူသည် လူလိမ္မာဖြစ်သည်။ မာန်မာနနှင့် ပုဂ္ဂိုလ်ရေးအတ္တ ဖယ်ရှားသူများ ဖြစ်သည်။

၁၃:၁၁ လွယ်ကူစွာရရှိသောပစ္စည်းသည် လွယ်ကူစွာ ကုန်သွားသည်။ လောင်းကြေးဝိုင်း၊ စတော့ရှယ်ယာ၊ ကံစမ်းမဲမှ ရရှိသော ငွေကြေးများသည် ခဏသာ အသုံးခံသည်။ ရေထဲမှ ရသောပစ္စည်းသည် ရေထဲတွင် ပျော်ဝင်သွားသည်။

သမ္မာအာဇီဝဖြင့် ရရှိသောပစ္စည်းသည် ကြာရှည်ခံသည့်အပြင် တိုးပွားသည်။

၁၃:၁၂ မျှော်လင့်သည့်အတိုင်း ဖြစ်မလာလျှင် စိတ်ပျက်အားငယ်တတ်ကြသော်လည်း အာသီသဆန္ဒပြည့်ဝလျှင် ပျော်ရွှင်ချမ်းသာကြသည်။ ခရစ်တော်ဘုရား ပြန်လာမည့်အကြောင်း မျှော်လင့်သူများသည်လည်း ဤကျမ်းပိုဒ်အတိုင်း ဖြစ်ကြသည်။

၁၃:၁၃  ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သရေးရှင်ရေးစီရင်နိုင်သော တရားတော် ဖြစ်သည်။ နှုတ်ကပတ်တော် မထီလေးစားပြုသူသည် မိမိကိုယ်ကို ပျက်စီးအောင် လုပ်သူများဖြစ်၍ စကားတော်နာခံသူများသည် ဆုလက်ဆောင်များ ကြွယ်ဝစွာ ရရှိသည်။

၁၃:၁၄ ပညာရှိတို့၏ အကြံပေးချက်များနှင့် ဩဝါဒစကားများသည် အသက်စမ်းရေသဖွယ် စီးဆင်း၍ ပင်ပန်းနွမ်းနယ်သူများအား အားသစ်အင်သစ်ပေးသည်။ ဒုက္ခရောက်သူများကိုလည်း သေတွင်းနှုတ်ခမ်းမှ ကယ်ထုတ်သည်။

၁၃:၁၅ အသိပညာရှိသူသည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည်။ သူများကလည်း ကြည်ညိုလေးစားသည်။ “စိတ်သဘောထားပြည့်ဝသူသည် ပွဲလယ်တင့်သည်”(LB) ။

ကျမ်းပိုဒ် ဒုတိယပိုင်းတွင် ပါရှိသည့် “ခက်သောလမ်းဟူသော စကားလုံးမှာ အမြဲတမ်း၊ အစဉ်ခံစားသည်ဟု အနက်ရသည်။ အကယ်၍ အစဉ်အမြဲ ခက်ခဲသည်ဟု ယူဆလျှင် သစ္စာမရှိသူများသည် ကံဆိုးခြင်းကြုံရလေ့ ရှိသည်ဟု ဆိုရမည်။ ရိုးရိုးစင်းစင်းခံယူလျှင် သစ္စာဖောက်များ၏ သွားရာလမ်းသည် ဘေးဒုက္ခလမ်းဖြစ်သည်ဟု ဆိုနိုင်သည်။ ခေတ်အခါအလိုက် အဓိပ္ပါယ်ကောက်ယူ နားလည်နိုင်ပါသည်။

၁၃:၁၆ ဉာဏ်ပညာရှိလူများသည် အလုပ်မစမှီ စနစ်တကျသေချာ စဉ်းစားစီမံကိန်းရေးဆွဲသည်။ လူတယောက်၏အကျင့်၊ စနစ်ကို သူ့အမူအရာအားဖြင့် တန်ဖိုးဖြတ်နိုင်သည်။ ဉာဏ်တိမ်သောသူမူကား သူ၏မိုက်မဲမှုကို လူတိုင်းအား ထုတ်ဖော်ပြသလေ့ရှိသည်။

၁၃:၁၇ သစ္စာမရှိသော ငယ်သားသည် မိမိအရှင်သခင်အား ပြဿနာရှာပေး၏။ သစ္စာရှိသောငယ်သားမူကား အရှင်သခင်၏ အလုပ်အဆင်ပြေရေးကို ဆောင်ရွက်ပေးသည်။ အရှင်သခင်မျက်နှာပွင့်လင်းအောင် လုပ်ပေးလေ့ရှိသည်။

“ထို့ကြောင့် ငါတို့သည် ခရစ်တော်၏ စေတမန်များ ဖြစ်ကြ၏”(၂ကော ၁၅:၂၀)။

၁၃:၁၈ သွန်သင်ခြင်းကို မနာခံ ဆုံးမခြင်းကို မခံယူသူများသည် ယိုယွင်းပျက်စီးကြသည်။ ဆင်းရဲငတ်မွတ်၍ အရှက်ကွဲကြသည်။ ဆုံးမပဲ့ပြင်မှုကို ခံယူသူများသည် ကြည်ညိုလေးစားခြင်းခံကြရသည်။

၁၃:၁၉ ရည်မှန်းချက်အောင်မြင်သူများသည် အောင်ပွဲခံကြသည်။ လူမိုက်များသည် ဒုစရိုက်ကို မငြင်းဆန်လို၊ ပေါင်းဖော်ချင်ကြသည်။ လူကောင်းများ၏ ရည်ရွယ်ချက်သည် သုခချမ်းသာဖြစ်၍ လူ့ဗာလတို့၏ လိုလားချက်သည် ဒုစရိုက်၌ ပျော်မွေ့ခြင်းဖြစ်သည်။

၁၃:၂၀ ပညာရှိကိုပေါင်းဖော်လျှင် ပညာရတတ်၏။ အဘယ်ကြောင့်ဆိုသော် ပညာရှိများသည် မိတ်ကောင်းဆွေမွန်များဖြစ်၍ ပတ်ဝန်းကျင်ကို ဖေးမကူညီလေ့ရှိသည်။ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏”(၁ကော ၁၅:၃၃)။ အပေါင်းအဖော်များကို ကြည့်ခြင်းဖြင့် ထိုသူ၏ အကျင့်စရိုက်ကို အကဲခတ်နိုင်သည်။ မကောင်းသောမိတ်ဆွေများ ပေါင်းဖော်လျှင် ပျက်စီးတတ်သည်။

၁၃:၂၁ အပြစ်ကျူးလွန်သူများ၏နောက်သွားလေရာသို့ ဘေးဒုက္ခလိုက်လေ့ရှိသည်။ ရုပ်ခန္ဓာကိုယ် ဘေးဥပဒ်ရောက်ခြင်း၊ ဥစ္စာပစ္စည်းပျောက်ဆုံးခြင်း၊ အကုသိုလ်များတခုပြီးတခု ကြုံရသည်။ ဖြောင့်မတ်သောသူဟူကား ကောင်းသောအကျိုး၊ ကုသလိုကောင်းမှု နှင့် လာဘ်လာဘများ ရောက်လာသည်။

၁၃:၂၂ သူတော်ကောင်းသည် သားမြေးစဉ်ဆက်တိုင်အောင် အမွေကောင်းချန်ထားတတ်၏။ ဓမ္မဟောင်းကာလတွင်မူ ရုပ်ဝတ္ထုပစ္စည်းအမွေဖြစ်၍ ယနေ့ခေတ်ကာလတွင်မူ ဝိညာဉ်ရေးရာ အမွေတော် ဖြစ်သည်။

မကောင်းသောသူများ၏ အမွေဥစ္စာမူကား အဆုံးတွင် လူကောင်းများလက်ထဲသို့ ရောက်ရှိသည်။ “မမှန်မကန်ရရှိသော ဥစ္စာပစ္စည်းများသည် အဆုံးတွင် တရားသူများ၏ လက်ထဲသို့ ရောက်သွားသည်”။

၁၃:၂၃ သူဆင်းရဲများသည် တောရိုင်းမြေကို ပင်ပန်းကြီးစွာ ခုတ်ထွင်ရှင်းလင်း၍ လုပ်ကိုင်စားသောက်ကြသည်။ စိုက်ပျိုးသီးနှံဖြစ်ထွန်းကြသည်။ အားကြိုးမာန်တက် လုပ်ကိုင်ကြသည့်အတိုင်း အကျိုးခံစားကြရသည်။

ဒုတိယပိုင်းကျမ်းချက်ကို အဓိပ္ပါယ်(၂)မျိုး နားလည်နိုင်သည်။ (၁) လူကုန်တန်သည် လယ်မြေဧကများစွာ ပိုင်ဆိုင်သော်လည်း မတရားသဖြင့် ပိုင်ဆိုင်သောကြောင့် မကြာခဏပျက်စီးခြင်း ကြုံရသည်။ (၂) မတရားလူရမ်းကားများကြောင့် ခိုကိုးရာမဲ့သူဆင်းရဲများသည် မကြာခဏ အနိုင်ကျင့်ခြင်းခံရသည်။

၁၃:၂၄ ဤကျမ်းပိုဒ်တွင် သမ္မာကျမ်းစာက အပြစ်ဒဏ်နှစ်ထပ် ခံစားရမည့်အကြောင်း သွန်သင်ထားသည်။ ခေတ်သစ်ဓမ္မဆရာကြီးများက သဘောတူချင်မှတူမည်။ ငယ်ရွယ်သောအချိန်မှစ၍ ကလေးသူငယ်များကို မဆုံးမဘဲ အလိုလိုက်လျှင် ပျက်စီးသည်။ သားသမီးများကို ကြိမ်လုံးဖြင့်ဆုံးမသူသည် သားသမီးကို ချစ်ရာရောက်၏ဟုဆိုသည်။ သို့သော် ထိုစကားသည် ဘုရားသခင်၏ အလိုတော်နှင့်မညီ။

Dr.Benjam in Spock က “မိဘများအား စိတ်ရှည်ဖို့ တိုက်တွန်းသည်။ သားသမီးများအား သဘောပေါက်အောင် မရှင်းကြဘဲ၊ အကြမ်းနည်းဖြင့် ဆုံးမသွန်သင်ခြင်းသည် ကလေးများကို စိတ်ရိုင်းဝင်စေသည်”ဟုဆိုသည်။ “ယနေ့ခေတ်ကာလတွင် အမေရိက လူ့အသိုင်းအဝိုင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးပြဿနာများစွာ တွေ့နေရသည်။ ကျွန်တော့်အတွေ့အကြုံရဆိုလျှင် ကလေးသူငယ်စိတ်ပညာရှင်၊ စိတ်ပညာဆရာဝန်၊ ဆရာ၊ လူမှုရေးပညာရှင် ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်သင့်သည်”ဟု ဆိုသည်။

သားသမီးငယ်များကို ယဉ်ကျေးလိမ္မာစေလိုလျှင် စိတ်ရှည်စွာ သီးခံသွန်သင်ရသည်။ သို့သော်အလိုလိုက်လွှတ်ထားခြင်း မဖြစ်စေရ။ စည်းကမ်းကလနားဖြင့် ထိန်းကျောင်းရသည်။

၁၃:၂၅ သမ္မာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများကို ဘုရားရှင်က အငယ်မထား။ နေ့စဉ်လုံလောက်သောအစားအစာ ပေးပါသည်။ သို့သော် မတရားသဖြင့် ရှာစားသောသူသည် ဝမ်းဟောင်းလောင်းရှိဦးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။