သုတ္တံကျမ်း - ၁၄

1ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ 2ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ 3မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ 4နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကိုရတတ်၏။ 5သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။ 6မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ 7မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာအတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွားလော့။ 8ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။ 9မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီလေးစားပြုကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြ၏။ 10စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ 11မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ 12လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။ 13လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ 14စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ 15ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ 16ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့်တတ်၏။
17စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတစ်ပါး မုန်းလိမ့်မည်။ 18ဉာဏ်တိမ်သောသူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ 19လူဆိုးတို့သည် သူတော်ကောင်းရှေ့၌လည်းကောင်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌လည်းကောင်း ဦးချတတ်ကြ၏။ 20ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ 21မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ 22မကောင်းသောအကြံကို ကြံတတ်သောသူတို့သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ်သောသူတို့မူကား၊ ကရုဏာအကျိုးနှင့် သစ္စာအကျိုးကိုခံရကြလိမ့်မည်။ 23ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ 24ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ 25မှန်သောသက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသားကို သုံးတတ်၏။ 26ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီးသော ကိုးစားရာအခွင့်ကို ဖြစ်စေတတ်၏။ သားတော်တို့သည်လည်း၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ 27ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 28ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။ 29စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 30ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏။ 31ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ ဘုရားကိုရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ 32မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။ 33ဉာဏ်ရှိသောသူ၏နှလုံး၌ ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ 34ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတတ်၏။ 35ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကို ခံရမည်။

သုတ္တံကျမ်း - ၁၄ (အနက်ဖွင့်)

၁၄: ပညာရှိသော အိမ်ရှင်မလက်ဖြင့် တအိမ်သားလုံး ပျော်ရွှင်ကျေနပ်ကြသည်။ မိုက်သောမိန်းမမူကား အိမ်ထောင်မိသားစုကို ဖျက်ဆီးပစ်သည်။ သူ့လင်သူ့သားသမီးများ မျက်နှာပျက်ကြရသည်။

မိုက်သောမိန်းမကြောင့် အိမ်ထောင်မိသားစု ပြိုကွဲမျက်ရည်ကျရသကဲ့သို့ ဘာသာရေးတွင်လည်း မိန်းမများ နေရာပေးလွန်းလျှင် ပျက်စီးတတ်သည်။

၁၄: ယောက်ျားသား၏ ကြိုးစားအားထုတ်မှုသည် ဘုရားသခင်အမှုတော်သို့သာ ဦးတည်ရှေ့ရှုရသည်။ ဖြောင့်မတ်သူသည် ဘုရားသခင်၏အလိုတော်နှင့်အညီ လုပ်ဆောင်လေ့ရှိသည်။ မထီမဲ့မြင်ပြုတတ်သောသူမူကား ဘုရားတရားမသိ။ ပြုမူလုပ်ဆောင်သမျှသည် ရိုက်ကွင်း (၁၂) ကွင်းနှင့်မလွတ်။ ထိုအကြောင်းကို Kidner က ဤသို့ ရေးထားသည်။

ဘုရားသခင်ပြထားသောလမ်းမှ သွေဖီသူသည် မိမိထင်ရာစိုင်းသူ ဖြစ်သောကြောင့် ကျင်းထဲသို့ တနေ့လိမ့်ကျမည်။ တနေ့အရေးယူ အပြစ်ပေးခြင်းခံရမည်။ ထိုသူသည် ဆင်ခြင်တုံတရားကင်းမဲ့လျက် အသိဉာဏ်ထုံထိုင်းသူ ဖြစ်သည်။၂၁

၁၄: လူမိုက်၏ နှုတ်ခမ်း၌ မာနကြိမ်လုံးရှိသည်။ အခြားသူများအား ပိဿလေးဖြင့် ဘေးပိတ်ပေါက်သကဲ့သို့ အောင့်ကနဲနာကျင်စေသည်။ ပညာရှိသောသူမူကား၊ သူတပါးနှစ်လိုဖွယ်ရာ၊ ဆောက်တည်ဖွယ်ရာစကားများကို ဆိုတတ်၏။

၁၄: နွားထီးမရှိသော နွားတင်းကုပ်သည် သန့်ရှင်းသည်။ သို့သော် နွားကိုခိုင်းစားခြင်းဖြင့် အကျိုးစီးပွားရ၏ဟု ဆိုသည်။ ခိုင်းနွားရှိနွားတင်းကုပ်သည် အမြဲတမ်းကျွေးမွေးရသဖြင့် နွားတင်းကုပ်ပေသည်မှာ မှန်ပါသည်။ သို့သော် တူသောအကျိုးစီးပွားပေးသည်။ တနည်းအားဖြင့် အလုပ်လုပ်သူပတ်ဝန်းကျင်တွင် အမှိုက်သရိုက်ပွနေမည်၊ အခက်အခဲပြဿနာကြုံတွေ့နေမည်။

ဤကျမ်းပိုဒ်၏ ဆိုလိုချက်သည် ဗိမာန်တော်အသင်းတော်နှင့်မဆိုင်။ အလုပ်လုပ်သောနေရာ၊ စီးပွားတိုးတက်ချင်သောသူများ၊ လူအဖွဲ့အစည်းအတွက်ဖြစ်သည်။

၁၄: C.H.Mackintosh က”လူ့လောကမှာ လူဆိုးတယောက်အဖြစ်ဖြင့် ရှိနေခြင်းထက် ကောင်းကင်နိုင်ငံတွင် စိတ်ကြည်လင်စွာ ရောက်ရှိခြင်းက ပို၍မြတ်သည်”ဟုဆိုဖူးသည်။ ထို့ကြောင့် ဘဝအသက်တာတွင် လိပ်ပြာသန့်သန့် စိတ်မနောကြည်လင်စွာဖြင့် အသက်ရှင်ဖို့ အထူးလိုအပ်ပါသည်။

၁၄: မထီမဲ့မြင်ပြုတတ်သူများသည် လူများကို ဂရုမစိုက်၊ အလေးမထား၊ သူများစကားနားမထောင်။ ဘုရားသခင်ကို ငြင်းပယ်နေသရွေ့ ဉာဏ်ပညာရရှိမည်မဟုတ်။

ဉာဏ်ပညာရှိလူများသည် အသေးအဖွဲ အသိဉာဏ်မှစ၍ လက်ခံရန် ဝန်မလေးတတ်။ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်” (မ ၁၃:၁၂) ဟု ကျမ်းစကား သက်သေရှိပါသည်။

၁၄: လူမိုက်ကို ဖက်လှဲတကင်းမပေါင်းဖော်နှင့်။ “လူမိုက်ကိုပေါင်းဖော်ခြင်းဖြင့် မည်သည့်ကောင်းကျိုးမှမရ” (RSV) ။ “မှတ်သားနာယူသော ဉာဏ်မညာတခုမှမရ” (Moffatt) ။

၁၄: ပညာသတိရှိသူဆိုသည်မှာ ရိုးသားဖြောင့်မတ်ခြင်း၊ ပါးနပ်ခြင်း၊ နာခံခြင်းအသက်တာရှိဖြစ်။ လူမိုက်သည် သူတပါးအား လိမ်လည်ခြင်းဖြစ်သည်။ အမှန်မှာ မိမိကိုယ်ကို လိမ်ညာနေခြင်း ဖြစ်သည်။ ထိုသူနှစ်ဦး၏ အကျင့်စရိုက်၊ စိတ်သဘောထားကို နှိုင်းယှဉ်ကြည့်ပါ။

၁၄: ဟေဗြဲကျမ်းမူတွင် အဓိပ္ပါယ် မထင်ရှားသောကြောင့် NKJV ကျမ်းမူ၏ အာဘော်ဖြင့် ရှင်းပြပါမည်။

လူမိုက်သည် ကဲ့ရဲ့ဖွယ်ရာ ဒုစရိုက်ပြုသောကြောင့် ယုံကြည်ဖွယ်မရှိ။

အချိန်တိုင်းတွင် ကျီးလန့်စာစားနေသည်။

“ဘယ်လိုလုပ်မည်လဲ”ဟုပြောလေ့ရှိကြသည်။

အန္တရာယ်ကိုမသိ၊ အပျော်အပျက်လုပ်ကြသည်။ ထိုဒုစရိုက်က မရဏာသေရွာသို့ ခေါ်ဆောင်သည်ကိုလည်း သိကြပုံမရ။

ထိုသူများမိုက်မဲမှုကို သင်ခန်းစာယူတတ်ကြပါစို့။

ကယ်တင်ခြင်းရရှိသူများ ရောဂါဆိုးမကူးစက်လာအောင် ထိန်းသိမ်းကြပါစို့။

John Bunyan.

ဖြောင့်မတ်သောသူများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ တဦးကိုတဦး အပြန်အလှန် ဖေးမကူညီကြသည်။ ကျေးဇူးပြုကြသည်။ အပြစ်ဒုစရိုက်မှ ကင်းစင်ကြသည်။

၁၄:၁၀ လူသည် အခြားသူများ မျှဝေမပေးနိုင်သော စိတ်နှလုံးကြေကွဲခြင်း ကြုံရတတ်သည် (ဘုရားခင် နားလည်ပေးနိုင်သည်)။ ထိုကဲ့သို့ပင် ပျော်ရွှင်ခြင်းသည်လည်း တယောက်တည်းခံစားရသည်။ အခြားသူများ ဝေငှ၍မရနိုင်။

၁၄:၁၁ အိမ်နှင့်တဲခွဲခြားပုံကို သတိပြုပါ။ အိမ်သည် အမြဲတန်းနေရမည့်နေရာ၊ တဲသည် ခဏတဖြုတ်နေရသည့်နေရာဖြစ်သည်။ မတရားသောသူများနေထိုင်သည့် ကမ္ဘာလောကအိမ်သည် ပြိုလဲနိုင်သော်လည်း ဖြောင့်မတ်သူများ၏ သာဝက တဲသည် မပျောက်မပျက်နိုင်။

၁၄:၁၂ ကောင်းမှုကုသိုလ် သို့မဟုတ် ကောင်းသောအကျင့်သီလအားဖြင့် ကယ်တင်ခြင်းရရှိသည်ဟုလူတွေက ထင်မှတ်ကြသည်။ လူများစုသည် တရားမှန်လမ်းမှန်ကို အသိလွဲကြသောကြောင့် ထိုကဲ့သို့ မရဏာသေရွာလားကြသည် (၁၆:၂၅ ကိုလည်းကြည့်)။

ထိုထက်ရှင်းပြရလျှင် လမ်းသစ်ဖြစ်သည်ဟု လူများက ထင်မှတ်သောလမ်းသည် လူ့အတွေးအထင်သာဖြစ်သည်။ ထိုလမ်းသည် အဆုံးတွင် ဝိညာဉ်သေရွာ ဖြစ်သည်။

၁၄:၁၃ လူ့လောကမှာဝမ်းမြောက်ပျော်ရွှင်ခြင်း အစစ်အမှန်တွေ့ခဲ့ရသည်။ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းရောနှောတတ်သည်။ Knox က “ပျော်ရွှင်ခြင်းကို သတ္တုချလျှင် ဝမ်းနည်းခြင်းထွက်လာသည်။ အရယ်သန်လျှင် ငိုတတ်သည်”ဟု ဆိုသည်။

၁၄:၁၄ စိတ်နှလုံးဖောက်ပြန်သူများသည် မိမိတို့ဝေစုဆိုးကျိုးခံစားကြရသကဲ့သို့ သူတော်ကောင်းများသည်လည်း မိမိတို့အကျင့်အတိုင်း ဝလင်စွာ ခံစားကြရသည်။ ဘုရားတရားနှင့် ဝေးကွာသူသည် မိမိလျှောက်သည့်လမ်းအတိုင်း ဆိုးကျိုးခံစားရမည်။ နောမိက “အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ ငါသည် ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တကိုယ်တည်းရှိရာမှ ငါ့ကို ပို့ပြန်တော်မူပြီ” (ရုသ ၁:၂၀-၂၁)ဟု ဆိုသည်။ ပျောက်သောသားကလည်း “သတိရလျှင် ငါ့အဘအိမ်သို့ အခစားသောသူများတို့သည် ဝစွာစားကြရ၏။ ထိုသူကား ဤပြည်၌ သေအောင် အငတ်ခံရ၏။ ငါထ၍ အဘထံသို့ သွားမည်”(လု ၁၅:၁၇)ဟု ဆိုခဲ့သည်။

ဖြောင့်မတ်သူများသည် ဘယ်သောအခါမှ ငတ်ဘေးမကြုံရ။ အဘယ်ကြောင့်ဆိုသော် ထိုသူများလျှောက်သောလမ်းသည် အလိုတော်နှင့်ညီသော သမ္မာလမ်းဖြစ်သည်။ “ငါ၏ ခွက်ဖလားသည် လျှံလျက်ရှိ၏” (ဆာ ၂၃:၅)ဟု ဒါဝိဒ်ကဲ့သို့ ပြောရေးဆိုပိုင်ခွင့်ရှိကြသည်။ သို့မဟုတ် “ကောင်းစွာသောတိုက်လှန်ပြင်ကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ” ( ၂တိ ၄:၇) ဟု ပေါလုကဲ့သို့လည်း ပြောနိုင်သည်။

၁၄:၁၅  ဉာဏ်တိမ်သူသည် သူများပြောသမျှကို ပုတ်သင်ညိုကဲ့သို့ ခေါင်းညိတ်လေ့ရှိသည်။ ပညာသတိရှိသူသည် တဖန်ပြန်လည် စိစစ်ပြီးမှ လက်မခံသောကြောင့် အမှားကင်းသည်။ စိတ်ချယုံကြည်ရသော အကြံဉာဏ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် တခုတည်းသာရှိသည်။ ခေတ်သစ်သိပ္ပံပညာရှင်များ၊ ဒဿနိကဗေဒပညာရှင်များနှင့် စိတ်ပညာရှင်ကလည်း တညီတညွတ်တည်း လက်ခံကြသည်။

၁၄:၁၆ ပညာရှိသည် ဒုစရိုက်ကို အမြဲသတိထားရှောင်ကြဉ် လေ့ရှိသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည်ဟုလည်း ခံယူနိုင်သည်။

မိုက်မဲသူမူကား ပတ်ဝန်းကျင်ဘေးအန္တရာယ်ကိုမကြည့်။ ရှေ့ကိုလည်းမမြင်။ တစောက်ကန်း လုပ်တတ်သောကြောင့် ဘေးဒုက္ခကြုံတွေ့လေ့ရှိသည်။ မိမိကို အထင်ကြီးအဟုတ်မှတ်လေ့ရှိသည်။

၁၄:၁၇ စိတ်တိုသူသည် အမှားအယွင်းများသည်။ ဒေါသအမျက်ထွက်သည့်အခါ အတောမသတ်နိုင်။ မီးခိုးကြွက်လျှောက် အမျက်ထွက်သည်။ မဆီမဆိုင် ဂလိုင်ကိုခေါက်။ တံခါးကိုပိတ်ကန်လျက်၊ လက်ထဲရှိသမျှကိုလည်း ပစ်ပေါက်တတ်သည်။ ကြိမ်းမောင်းအော်ဟစ်၍ ပရိဘောဂများကိုလည်း ချိုးပစ်သည်။ သို့သော်လည်း ထိုလူမျိုးသည် သွေးအေးအေးဖြင့် သူတပါးကို လုပ်ကြံသူထက် ရှောင်တိမ်းရလွယ်ကူသည်။ သွေးအေးအေးဖြင့် သူများကို လုပ်ကြံသတ်ဖြတ်သူသည် ကြောက်လန့်ဖွယ် ကောင်းသည်။

၁၄:၁၈ ဉာဏ်တိမ်သူများသည် မိုက်မဲမှုကို အတုမြင်အတတ်သင်လေ့ရှိသည်။ သူတပါးသတိပေးခြင်း၊ အကြံဉာဏ်ပေးခြင်းကို လက်မခံကြသောကြောင့် မိုက်တွင်းနက်သထက်နက်ကြသည်။

ပညာသတိရှိသူများသည် တွေ့မြင်သမျှကို ဆင်ခြင်ပညာရယူသောကြောင့် သိပ္ပံသရဖူဆောင်းကြသည်။ အသိဉာဏ် မြင့်သထက်မြင့်၊ ကျယ်သထက်ကျယ်ကြသည်။

၁၄:၁၉ ဤသုတ္တံစကားသည် လူကောင်းများက လူမိုက်များအပေါ် ဩဇာလွှမ်းမိုးသည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်သည် လူကောင်းများကို အစဉ်စောင့်ရှောက်သည်။ လူမိုက်ကြီးဟာမန်သည် တနေ့သောအခါ မောဒေကဲရှေ့တွင် ဒူးထောက်အညံ့ခံရသည်။ ထိုကဲ့သို့ပင် ဝေနေယျသတ္တဝါအပေါင်းတို့သည်လည်း သခင်ယေရှုရှေ့တွင် ဒူးထောက်ကြရဦးမည်။ ယေရှုခရစ်တော်သည် ဘုရင်တို့၏ဘုရင် သခင်တို့၏သခင် ဖြစ်တော်မူသည်။

၁၄:၂၀ ဆင်းရဲသားများသည် အိမ်နီးနားချင်းများ၏ အထင်အမြင်သေးခြင်းခံရသည်။ ထိုစကားသည် လမ်းမှန်ကမ်းမှန် မဟုတ်သော်လည်း လူ့အသိုင်းအဝိုင်းမှာ အမှန်တကယ်ဖြစ်ပျက်နေသည်။ လူများသည် မိမိကိုယ်ကို ဂရုစိုက်သူများကို ခင်မင်ရင်းနှီးကြသည်။ သူဆင်းရဲများကို အပေါင်းအသင်းမလုပ်ချင်ကြ။ မိမိကို အကျိုးပြုနိုင်သည့် လူချမ်းသာများကိုသာ မျက်နှာသာပေးလေ့ ရှိကြသည်။ စင်စစ်မှာမူ ယုံကြည်သူများသည် ရရှိဖို့ထက် ပေးကမ်းစွန့်ကြဲဖို့ အလေးပေးရသည်။

အခြားတဘက်တွင် သူဌေးသူကြွယ်ငွေရှိသူများ အပေါင်းအသင်း မိတ်ဆွေများကြသည်။ သို့သော် ထိုမိတ်ဆွေများထဲတွင် မိတ်ဆွေကောင်းမည်မျှရှိသည်မသိနိုင်။ စင်စစ်အချို့လူများသည် လူထက် ပကာသနစည်းစိမ်ဥစ္စာကို ကြည့်ပေါင်းကြသူများ ဖြစ်သည်။

၁၄:၂၁ အထက်ကျမ်းပိုဒ်နှင့် ဆက်စပ်သည်။ မရှိဆင်းရဲသားများကို အထင်အမြင်သေးခြင်းသည် အပြစ်ဒုစရိုက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများကို ဘုရားသခင်က ရွေးချယ်ထားပါသည် (ယာ ၂:၅)။ မရှိဆင်းရဲသားများကို စာနာထောက်ထားသူများသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားကြရသည်။

သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည် လူ့လောကသို့ သူဆင်းရဲအဖြစ် ဆင်းသက်လာခဲ့သည်ကို အမြဲသတိရရမည်။ ဆရာကြီးတပါးကမူ သခင်ယေရှုအား “ခြူးတပြားမှ မရှိသော နာဇရတ်သား မိတ်ဆွေ”ဟုခေါ်သည်။

၁၄:၂၂ သူတပါးကို ဆင်းရဲဒုက္ခရောက်အောင် မကောင်းသောအကြံဉာဏ်ပေးသူများသည် ပျက်စီးခြင်းရောက်ကြသည်။ သူတပါးကို အကြံကောင်းဉာဏ်ကောင်းကျေးဇူးပြုသူများသည် ယုံကြည်ကိုးစားမှု ခံကြသည်။ ဆိုလိုသည်မှာ အခြားသူများကို ကျေးဇူးပြုသူများအား ဘုရားသခင်က ဘေးမသီရန်မခအောင် ကွယ်ကာစောင့်ရှောက်ပေးသည်။ ထို့ထက် ထပ်မံကျေးဇူးပြုနိုင်အောင် ခွန်အားသစ် ဉာဏ်သစ် ပေးသည်။ ကျေးဇူးပြုခံသူများ၏ ယုံကြည်ကိုးစားမှုလည်း ရရှိကြသည်။

၁၄:၂၃ အလုပ်ကြိုးစားလုပ်ကိုင်သူသည် အသက်မွေးဝမ်းကျောင်းဖူလုံသည်။ လက်တွေ့အလုပ်မလုပ်ဘဲ၊ စကားများ လေဖောသူသည် မလွဲဧကန် ဆင်းရဲသည်။ တနာရီကြာမျှ အချိန်ကုန် ပင်ပန်းခြင်းထက် လက်ညိုးအချက်ဖြင့် လုပ်လုပ်ခြင်းက အကောင်အထည် ပိုမိုထင်ရှားသည်။ တမ္ဘာလုံးသို့ ဧဝံဂေလိပြုမည့်အကြောင်း မိုးလုံးပြည့် ပျောက်သူဖြစ်သည်။ မိုးလုံးညံအောင် အာဘောင်အာရင်းသန်သန်ဖြင့် အော်ဟစ်နေသော်လည်း ထိုင်ခုံမှထ ခြေတလှမ်းမှမရွေ့။ ထိုသူသည် ကိုလေအိုးဖြစ်သည်။

၁၄:၂၄  ပညာရှိများ စည်းစိမ်ချမ်းသာ ဦးရစ်သရဖူရတတ်ကြသည်။ ဉာဏ်ပညာရှိသူများသည် လောကရုပ်ဝတ္ထုပစ္စည်းများသာမက၊ ဝိညာဉ်ရေးရာလည်း ကြွယ်ဝချမ်းသာသူများ ဖြစ်သည်။ လူမိုက်များသည် မယ်မယ်ရရ ဘာမှမရှိကြသော်လည်း ရှိလေဟန် လေလုံးထွားကြသည်။ လူအများအထင်ကြီးထောင် ကြွားတတ်ကြသည်။

၁၄:၂၅  မှန်ကန်သော သက်သေသည် အပြစ်မရှိသူ၏ အသက်ကို ကယ်သူများဖြစ်သည်။ မုသာစကားဆိုသော သက်သေမူကား လူပျက်စီးရာပျက်စီးကြောင်း လုပ်ကြံသူများ ဖြစ်သည်။

ဧဝံဂေလိဆရာများသည် ဘုရားသခင်၏ သက်သေခံကောင်းများ ဖြစ်သဖြင့် လူ့ဝိညာဉ်များအား ထာဝရသေခြင်းမှ ကယ်နှုတ်သူများ ဖြစ်သည်။ ကြားချောင်အယူအဆ (Liberal) နှင့် ဘာသာရေး ထုံးတမ်းစဉ်လာသမားများသည် မှားယွင်းသောသက်သေခံများ ဖြစ်သောကြောင့် လူ့ဝိညာဉ်များကို ဖျက်ဆီးသူများ ဖြစ်သည်။

၁၄:၂၆  ဘုရားသခင်အား ချစ်ကြောက်ရိုသေသူသည် အမှုအရာတိုင်း၌ မိမိကိုယ်ကို ယုံကြည်မှုရှိသည် မိမိအိမ်ထောင်မိသားစုကိုလည်း လုံခြုံမှုပေးသည်။ ထိုသူဘက်၌ ဘုရားသခင်ရပ်တည်သောကြောင့် မည်သူကမှ မပြိုင်ဝံ့ကြ (ရော ၈:၃၁)။ ထိုသူ၏ သားမြေးများသည်လည်း ဘုရားသခင်၏ အတောင်အောက်၌ ရှိကြသောကြောင့် ဘေးကင်းလုံခြုံကြသည်။

၁၄:၂၇  ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းသည် သေဘေးကြော့ကွင်းမှ ကင်းလွတ်ကြသည်။ ဝိညာဉ်ခွန်အား ပြည့်ဝကြသည်။

၁၄:၂၈ ရှင်ဘုရင်၏ ဘုန်းတန်ခိုးသည် လူဦးရေကြီးထွားမှု၊ နယ်ပယ်ကျယ်ပြန့်မှုအပေါ်၌ မူတည်သည်။  တိုင်းပြည်သေးငယ်၍ လူဦးရေနည်းပါးလျှင် ဘုန်းတန်ခိုးမကြီးထွားနိုင်။ လူဦးရေနည်းပါးလျှင် အုပ်စိုးစရာလည်း ရှိမည်မဟုတ်။ နယ်ပယ်ကျဉ်းမြောင်းလျှင် စီမံခန့်ခွဲစရာ ရှိမည်မဟုတ်။

၁၄:၂၉ စိတ်တည်ငြိမ်စွာ ထားခြင်းသည် စိတ်လှုပ်ရှားခြင်းဖြစ်၍ ပညာရှိမည်၏။ စိတ်တိုသူများသည် မိမိမိုက်မဲမှုကို လူသိရှင်ကြား ကြော်ငြာသူများ ဖြစ်သည်။ မိမိအထုပ်ဖြေသူများ ဖြစ်သည်။

၁၄:၃၀ ကျန်းမာသောစိတ်နှလုံးဆိုသည်မှာ စိတ်အေးချမ်းသာ ဖြစ်သည်။ ထို့ကြောင့် Knox က “စိတ်နှလုံးချမ်းမြေ့သူသည် ကျန်းမာသော ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည်”ဟုဆိုသည်။

ငြူစူသောစိတ်သဘောထားက ရိုးတွင်းခြင်ဆီကုန်ခမ်းသဖြင့် အရိုးဆွေးမြေ့စေသည်။ သက်စိုးမရှည်နိုင်။ ထိုအကြောင်းကို   Dr.Paul Adolph က ဤသို့ရှင်းပြသည်

အချို့အာရုံကြောများ၏ အဓိကအကြောင်းရင်းမှာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း (သူတပါးခွင့်မလွှတ်သဖြင့် ခံစားရသည် စိတ်ဖိစီးမှု) ကြောက်ရွံ့မှု၊ စိတ်ရှုတ်ထွေးမှု၊ ရောဂါရရှိမှာ စွဲလန်းစိုးရိမ်ခြင်း၊ သံသယစိတ်၊ မနာလိုစိတ်၊ အတ္တလွန်ကဲမှု၊ သီးမခံနိုင်ခြင်းများကြောင့် ဖြစ်သည်။ ထိုရောဂါများ ပျောက်ကင်းအောင် မကုသနိုင်သည့် အကြောင်းရင်းမှာ စိတ်ပညာရှင် ဆရာဝန်များ၏ အဓိကအားနည်းချက် တခုဖြစ်သည်။ ကံအကြောင်းမလှသဖြင့် ကုသထုံးနည်းနာမှားယွင်းကြသည်။ အမှန်စင်စစ်၏ ထိုရောဂါကုထုံးနည်း အခြေခံအချက်မှာ ဘုရားသခင်၏ ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ငြိမ်သက်ခြင်း ရယူကုစားဖို့ မေ့လျှော့နေကြသည်။၂၂

၁၄:၃၁  မရှိဆင်းရဲသားများကို ညှဉ်းဆဲနှိပ်စက်သူများသည် ထိုသူများ ဖန်ဆင်းရှင် ဘုရားသခင်အား စော်ကားရာ ရောက်ပါသည်။ ခွေးကို ရိုက်မည်ဆိုလျှင် ခွေးသခင်မျက်နှာကို ဦးစွာကြည့်ရသည်။ Georage Herbert က “လူသည် ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းဖြစ်သောကြောင့် သူဆင်းရဲများသည်လည်း ပါဝင်သည်”ဟု ဆိုသည်။

ဒုတိယကျမ်းချက်မှာ ဆင်းရဲချို့တဲ့သူများကူညီခြင်းသည် ဘုရားအမှုတော် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၄:၃၂ သူယုတ်မာတို့သည် ဆိုးညစ်သော အကျင့်ဖောက်ပြန်နေခြင်းဖြင့် ဘဝအဆုံးသတ်ကြသည်။ သူတော်ကောင်းများသည် သီလသမာဓိဖြင့် မိမိဘဝကို လုံခြုံကာကွယ်ကြသည် (Knox)။ ဤကျမ်းပိုဒ် ပထမပိုင်းသည် ယုဒရှကာရုဒ်နှင့်တူ၍ ဒုတိယပိုင်းသည် ပေါလုနှင့် တူသည်။

၁၄:၃၃ “ဉာဏ်ရှိသူ၏စိတ်နှလုံးသည် ပညာကိန်းဝပ်သည်ဆိုသည်မှာ (၁) ထိုသူသည် ဉာဏ်ပညာမြတ်နိုးသူဖြစ်သည် (သို့မဟုတ်) (၂) ထိုသူသည် ဉာဏ်ပညာပြည့်ဝသည်ဟူ၍ မရှိ။ အစဉ်အမြဲ လေ့လာဆည်းပူးလိုစိတ် ရှိသည်ဟု နားလည်ရသည်။

ဒုတိယပိုင်းသည် ပို၍ခက်ခဲလေးနက်သည်။ (၁) လူမိုက်၏ စိတ်နှလုံးသည် ကြာကြာစောင့်ကြည့်စာမလို ၊ (၂) လူမိုက်တို့၏ စိတ်နှလုံးတွင် ဉာဏ်ပညာမရှိ (RSV)၊ (၃) ဉာဏ်ပညာသည် လူမိုက်များနှင့်မဆိုင် (Berkeley Margin )ဟု နားလည်ခံယူနိုင်သည်။

၁၄:၃၄  ထိုင်းနိုင်ငံသည် ဖြောင့်မတ်မှန်ကန်လျှင် တန်ခိုးကြီးထွားသည်။ နိုင်ငံ့ခေါင်းဆောင်များက စနစ်တကျဦးဆောင်၍ ပြည်သူများက စည်းကမ်းရှိရှိလိုက်နာလျှင် တိုင်းပြည်တိုးတက်သည် အကျင့်စာရိတ္တပျက်ပြားခြင်း၊ အနိုင်အထက်ပြုခြင်း၊ ဆရာတပည့်မွေးခြင်း၊ လာဘ်စားခြင်း၊ သွားပုပ်လေလွင့်ပြောခြင်းများသည် ယဉ်ကျေးမှုနိမ့်ကျသော လူ့အဖွဲ့အစည်း၏ အင်္ဂါရပ်ဖြစ်သည်။ တိုင်းပြည်လည်း အရှက်သိက္ခာကျဆင်းသည်။

၁၄:၃၅ ဉာဏ်ပညာရှိသော ငယ်သားသည် သခင်၏ အားပေးချီးမြှောက်ခြင်းခံရသည် (ယောသပ်၊ မောဒကဲ၊ ဒံယေလ တို့ကို ကြည့်ပါ)။ သခင်မျက်နှာ အိုးမဲသုတ်သော အစေခံသည် အမျက်သင့်ခြင်းခံရသည်။ “ဘုရင်က ချစ်လျှင် ဝန်ကြီး၊ အမျက်တော်ရှိလျှင် သေဒဏ်” (Moffatt)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။