သုတ္တံကျမ်း - ၁၂
သုတ္တံကျမ်း - ၁၂ (အနက်ဖွင့်)
၁၂:၁ တိုးတက်ကြီးပွားချင်သူများသည် သူတပါး ပဲ့ပြင်ဆုံးမခြင်းသွန်သင်ခြင်းကို လိုလားစွာ လက်ခံကြသည်။ ထိုကဲ့သို့မဟုတ်ဘဲ့ သူတပါးဆုံးမခြင်းကို မထီမဲ့မြင်ပြုသူများသည် လူမိုက်လူဗလ ဖြစ်သည်။
၁၂:၂ စိတ်သဘောထားပြည့်ဝ၍ ကိုယ်ကျင့်တရားကောင်းမွန်သူများသည် ဘုရားသခင်၏ စိတ်တော်နှင့်ထိတွေ့သူများ ဖြစ်သည်။ လူမိုက်၏ လုပ်ဆောင်သမျှသည် သူ့အား ပြန်လည်တရားစီရင်မည့် အမှုအရာများ ဖြစ်သည်။ Foreman က” စကြဝဠာ အရှင်သခင်က မတရားသောသူများကို မုန်းတီးသည်။ မတရားသူကို ကျရှုံးစေမည်။ မတရားပြုနေချိန်တွင် တိတ်ဆိတ်စွာ ကြည့်နေသည်”ဟု ဆိုသည်။
၁၂:၃ မတရားသဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများသည် အခြေအတည်တကျမရနိုင်။ တည်ငြိမ်ဟန်ရှိလျှင်လည်း တခဏသာ ဖြစ်သည်။ ကျောက်ပေါ်မှာ ကျသောမျိုးစေ့ (မ ၁၃:၅-၆) ဖြစ်သည်။အောက်ခံမြေကြီးတိမ်သဖြင့် အမြစ်မစွဲနိုင်။ လေတိုက်လျှင် လွှင့်ပါသွားမည်။
သူတော်ကောင်းသည် ဘုရားသခင်၌ အမြစ်နက်နက်စွဲသောကြောင့် ခိုင်မြဲသည်။ လေမုန်တိုင်း တိုက်ခတ်လျှင်လည်း ကြံ့ကြံ့ခံနိုင်သည်။ ထိုသူသည် ရေနားပေါက်သောအပင် (ဆာ ၁:၃)ကဲ့သို့ မြဲမြံရှင်သန်သည်။
၁၂:၄ ဇနီးကောင်းသည် ခင်ပွန်းသည်အတွက် ကောင်းကြီးမင်္ဂလာ ယူဆောင်လာလေ့ရှိသည်။ မိမိလင်သားအား ဂုဏ်သိက္ခာတက်စေ၏။ မိမိလင်သားကို သိက္ခာချ၊ အရှက်ခွဲသောမိန်းမသည် ခင်ပွန်းသည်၏ အရိုးတွင် စွဲကပ်သော ရောဂါဆိုး ဖြစ်သည်။
၁၂:၅ ဖြောင့်မတ်သောသူများ၏ စိတ်ကူးတွင် ဂုဏ်အသရေ၊ ဖြောင့်မတ်ခြင်းနှင့် တည်ငြိမ်ခြင်းများရှိသည်။ ဆိုးယုတ်သူများ၏ စိတ်နှလုံးမှာမူ လိမ်လည်လှည့်ဖျားဖို့သာ ပြည့်နှက်သည်။ တနည်းအားဖြင့် လူတယောက်၏ အကြံအစည် စိတ်ကူးကို သူ့အကျင့်လက္ခဏာတွင် တွေ့မြင်နိုင်သည်။
၁၂:၆ လူယုတ်မာတို့၏စကားသည် အခြားသူများကို အနှောင့်အယှက်ဒုက္ခ ဖြစ်စေသည်။ အကျိုးပျက်စီးစေသည်။ အန္တရာယ်ရောက်စေသည်။ သူတော်ကောင်းများမှာမူကား မိမိကိုယ်ကို လုံခြုံစေသည့်အပြင် အခြားသူများကိုလည်း ဘေးအန္တရာယ်မှ ကွယ်ကာစေသည်။
၁၂:၇ မတရားသူ၏ အိမ်ထောင်ပြိုလဲသောအခါ မျိုးဆက်ပြတ် ဆုံးခန်းတိုင်လေ့ရှိသည်။ ဘုရားသခင်၏ လူများမှာမူကား ဘေးဒုက္ခမည်မျှ ကျရောက်စေကာမူ မယိုင်မလဲ မားမားရပ်တည်ကြသည်။
၁၂:၈ စိတ်သဘောထားပြည့်ဝသူ၊ ဉာဏ်ပညာရှိသူကို လူအများက ချီးမွမ်းကြသည်။ အသိဉာဏ်နည်းပါးသူမူကား လူတကာ၏ အထင်အမြင်သေးခြင်း ပြက်ယယ်ပြုခြင်း ခံရမည်။
၁၂:၉ စားစရာမရှိဘဲ၊ ဝါကြွားသူထက် အသရေမရှိသော်လည်း ကိုယ့်အလုပ်ကို လုပ်သောသူသည် သာ၍ကောင်း၏။ အဆင့်အတန်းမရှိ နိမ့်ကျသူကျွေးမွေးသောအရာထက် အစာငတ်ခြင်းက ပိုကောင်းသည်။ မတရားသော အစာ စားသုံးခြင်းထက် လျှာ၌ မြက်ပေါက်ခြင်းက ကိုကောင်းပါသည်။
၁၂:၁၀ သူတော်စင်သည် သာမန်လူသားများသာမက တိရစ္ဆာန်များကိုလည်း သနားကြင်နာသည်။ လူ့ဗာလသည် သူ့ကိုယ်သူ သူတော်ကောင်းဟု ထင်မှတ်သော်လည်း တိရစ္ဆာန်များသာမက ပတ်ဝန်းကျင်ကို ရက်စက်စွာ ပြုမူဆက်ဆံတတ်သည်။
ဘုရားသခင်သည် အမြင့်ဆုံးသောကောင်းကင်ဘုံ၌ စံမြန်းသော်လည်း အနိမ့်ဆုံးသော တိရစ္ဆာန်များကို သနားကြင်နာသည်။ ဂရုစိုက်သည် (ထွ ၁၂:၁၁၊ ၂၃:၄၊ ၅)။ သိုက်မြုံယံမှာရှိသော ငှက်မှစ၍ ဂရုစိုက်သည် (တရား ၂၂:၆)။
၁၂:၁၁ မိမိလုပ်ငန်းခွင်တွင် စိတ်ဝင်တစားလုပ်ကိုင်သူ၊ မိမိလယ်ယာကို ကြိုးစားလုပ်ကိုင်သူသည်။ လုပ်သည့်အတိုင်း အကျိုးခံစားရမည်။ ဝလင်စွာ ရိတ်သိမ်းရမည်။ မိမိလုပ်ငန်းတွင် စိတ်ပါဝင်စားမှု မရှိဘဲ့ အချည်းအနှီး အချိန်ဖြုန်းတီးသူသည် ဦးနှောက်မရှိသူ ဖြစ်သည်။ အခွံသာ ကောက်ရမည်။
၁၂:၁၂ မတရားသူဆိုသည်မှာ ဒုစရိုက်တော၌ ကျင်လည်သူ၊ အခြားသူများကို အနှောင့်အယှက်ဒုက္ခပေးသူကို ဆိုလိုသည်။ တနည်းအားဖြင့် အခြားသူတပါးပစ္စည်း လိုချင်စိတ်ရှိသူ ဖြစ်သည်။
သူတော်ကောင်းမူကား မတရားသူနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူတပါးအခက်အခဲကို ကူညီသည်။ သူများအားနည်းချက်များကို ဖြည့်ဆည်းပေးသည်။
၁၂:၁၃ ဆိုးသောသူများသည် မိမိစကားနှင့် မိမိထောင်ချောက် ပြန်မိတတ်သည်။ စဉ်းလဲသောဇာတ်လမ်း၊ ဖန်တီးကြသော်လည်း မိမိကိုယ်ကို ကြော့ကွင်းပြန်မိသည်။ လူလိမ်များသည် ပါးရည်နပ်ရည် ရှိကြသည်။ သို့သော် ပါးနပ်မှုသည် သူတပါးအား ကလိမ်ကျဖို့ လိမ်လည်လှည့်စားဖို့ ဖြစ်သည်။
ဖြောင့်မတ်သူသည် ထောင်ချောက်ထူထဲပါစေ၊ လွတ်မြောက်နိုင်သည်။ ဘုရားသခင်သည် သူ့လူများအား ဒုက္ခဘေးအန္တရာယ်အားလုံးမှ လွတ်မြောက်စေမည်ဟု ကတိတော်မပေးပါ။ သို့သော်လည်း ထိုဘေးဒုက္ခများအား ကျော်လွန်အောင်မြင်ခွင့် ပေးထားသည်။
၁၂:၁၄ ချိုသောစကားနှင့် ယဉ်ကျေးသောအမူအရာများက လက်ဆောင်မွန်ယူလာသည်။ ဉာဏ်ပညာနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းက ကောင်းသောစကား ဖြစ်ထွန်းစေသည်။ လူချစ်လူခင်ပေါ၍ သူများက လေးစားသည်။ ယဉ်ကျေးသော အပြုအမူများက ကောင်းကြီးမင်္ဂလာ ယူဆောင်လာလေ့ရှိသည်။
၁၂:၁၅ လူမိုက်ကို အကြံပေး၍ရမည်မဟုတ်။ အရာခပ်သိမ်းကို သိရှိသည်ဟု သူ့ကိုသူ ထင်မှတ်သဖြင့် သူတပါးစကား နာခံခြင်းမရှိ။ ဉာဏ်ရှိသူမူကား အကြံပေးချက်များကို ကြိုဆိုသည်။ အရာခပ်သိမ်းကို သိရှိကျွမ်းကျင်သော လူသားဟူ၍ မရှိနိုင်။
၁၂:၁၆ လူမိုက်သည် အမျက်ဒေါသ ထိန်းချုပ်ခြင်းမရှိ။ ဟောဟောဒိုင်းဒိုင်း ပြုမူစိတ်တိုလေ့ရှိသည်။ ပညာသတိရှိသူမူကား လူမိုက်များ တုန့်ပြန်မှုကို ကြိုတင်စဉ်းစား သိရှိသည်။ မိမိကိုယ်ကို ထိန်းချုပ်သည်။ ပြင်ပသို့ အမျက်ဒေါသမထွက်တတ်။ လူလယ်ခေါင်တွင် အရှက်ရမည့်အဖြစ်ကို ရှောင်ရှားသည်။
၁၂:၁၇ ဟုတ်မှန်ရာကို မှန်ကန်စွာ သက်သေခံသောသူသည် တရားတော်ကို ကြည်ညိုလေးစားသော သူကောင်းဖြစ်သည်။ မုသားသက်သေမှာမူ တရားတော်ကို နှောင့်ယှက်ဖျက်ဆီးသူဖြစ်သည်။
၁၂:၁၈ အချို့လူများသည် ဓါးသွားသမျှထက်သော စကားပြောတတ်ကြသည်။ သူများကို ထိခိုက်ရှနာ၍ အနာတရ ဖြစ်ပေါ်စေသည်။ ပညာရှိစကားမူကား သူများကို ကျန်းမာရွှင်လန်းစေသည်။ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းစေသည်။
၁၂:၁၉ သစ္စာစကားသည် ထာဝရတည်မြဲသည်။ အဘယ်သို့နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သစ္စာစကားဖြစ်သည်။ သို့ကြောင့် ပြောင်းလဲခြင်းမရှိ။ ထာဝရ တည်တံ့သည်။
မုသာစကားမှာမူကား မျက်စိတမှိတ် လျှပ်တပြက်သာခံသည်။ လေနှင့်အတူ လွှင့်ပါပျောက်ကွယ်သည်။
၁၂:၂၀ စိတ်ထားမကောင်းသောသူတို့၏ စိတ်နှလုံးတွင် လှည့်စားတတ်သော စိတ်သဘောထား ရှိကြသည်။ အများအကျိုးအတွက် ဆောင်ရွက်သူများသည် စိတ်နှလုံးရွှင်လန်း၍ ငြိမ်သက်ချမ်းသာ ကြသည်။
၁၂:၂၁ သူတော်ကောင်းတို့ရှေ့၌ ဘယ်သောအခါမှ ဘေးကံကြမ္မာဆိုးမရောက်။ မှန်သော သစ္စာစကားဖြစ်သည်။ စိတ်နှလုံးသဘောထား ဖြောင့်မတ်သူများသည် အမင်္ဂလာနှင့်မကြုံရ။ သွားလေရာဘေးရန်ကင်းရှင်း၍ ကြံလေရာမှာ အောင်မြင်ကြသည်။
မတရားသောသူများမှာမူကား ပြုလေရာတွင် အရာရာနှင့်အကြောင်းကြောင်း ကြုံတွေ့ရသည်။
၁၂:၂၂ ဘုရားသခင်က မုသာစကားကို မုန်းသည်။ အဖြူရောင်မုသာ၊ ချဲ့ကားသောစကား၊ အထက်တဝက် အောက်တဝက် စကားများကိုလည်း သတိထားရမည်။ စေ့စပ်သေချာသောစကားသည် လူ့စိတ်နှလုံးကို ကျေနပ်စေသဖြင့် ဖြောင့်မတ်မှန်ကန်သော စကားများကိုသာ ပြောရသည်။
၁၂:၂၃ ပညာသတိရှိသူသည် သိကြောင်း၊ တတ်ကြောင်း၊ လှည့်လည်ပြောဆိုလေ့မရှိ။ သိုသိပ်ကျစ်လစ်စွာ နေတတ်သည်။ လူမိုက်များသည် မိမိ တထွာတမိုက်ဉာဏ်ကို လူတကာအား လှည့်လည်ကြွားပြတတ်သည်။ ထိုသို့ပြုခြင်းသည် မိမိမိုက်မှားမှုကို အထုတ်ဖြေပြခြင်း ဖြစ်သည်။
၁၂:၂၄ လုံ့လဝီရိယရှိသူသည် ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ ထင်ပေါ်လျှင် စင်တော်က ကောက်သည်။ ငပျင်းသည် ဆင်းရဲမွဲတေမည်။ ထိုသို့ဆင်းရဲသောကြောင့် သူတပါး၏ ခိုင်းဖတ် ဖြစ်ရသည်။
Oswald Chamber က “ဘိုသီဘတ်သီ ဝတ်စားခြင်းသည် သန့်ရှင်းဝိညာဉ်တော်အား စော်ကားခြင်း ဖြစ်သည်။ အပျင်းထူခြင်းနှင့် အတူတူဖြစ်သည်”ဟုဆိုသည်’
၁၂:၂၅ ပူပင်သောကသည် လူကိုဖိစီးတတ်သည်။ စိတ်ထောင်းလျှင် ကိုယ်ကြေသည်။ အားပေးနှစ်သိမ့်စကား၊ တိုက်တွန်းစကားများသည် လူ့စိတ်နှလုံးကို ရွှင်လန်းစေ၏။ ဆောက်တည်ရာဖြစ်စေ၏။ မိမိကိုလည်း ကျန်းမာစေသည်။
၁၂:၂၆ ဆန့်ကျင်ဘက်တရား ယှဉ်တွဲဖော်ပြထားသည်။ သူတော်ကောင်းစကားသည် မိမိခင်ပွန်းနှင့် အိမ်နီးနားချင်းများကို လမ်းပြသည်။ သာ၍ကောင်းသော ကိစ္စကို ပြသသည်။ ဒုစရိုက်သားများသည် မိမိထင်ရာမြင်ရာများကိုသာ ခေါင်းငိုက်စိုက် လုပ်သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်။ တကိုယ်ကောင်းဆန်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် မိတ်ကောင်းဆွေကောင်း ရွေးတတ်ရမည်။
၁၂:၂၇ ပျင်းရိသောသူသည် ဖြစ်ဖြစ်မြောက်မြောက် အမဲလိုက်ချင်စိတ်မရှိ။ လိုက်ပြန်လျှင်လည်း အမဲမရ။ ပထမအဆင့်တွင် လုပ်ချင်ကိုင်ချင်စိတ်မရှိကြောင်း တွေ့ရမည်။ ဒုတိယအဆင့်တွင် လက်ကြောမတင်းကြောင်း တွေ့ရမည်။
ဟေဗြဲကျမ်းမူတွင် ကျမ်းပိုဒ် ဒုတိယပိုင်းကို ပထမပိုင်းထက် အသာပေးထားသည်။ ဇွဲလုံ့လရှိသူသည် ပညာမရှိလျှင်လည်း ကြိုးစားခြင်း၏ ရလာဒ်ခံစားရသည်။ ရုသဝတ္ထုကို ကြည့်ပါ။ စိတ်ရှည်သီးခံ၍ ဇွဲလုံ့လရှိသောကြောင့် ကြိုးစားခြင်း၏ အသီးအပွင့်ခံစားရမည် (ရု ၂:၁၇)။ သမ္မာကျမ်းစာ သွန်သင်ချက်များတွင် ဆင်ခြင်ဆုတောင်း၊ လက်တွေ့လုပ်ဆောင်လျှင် ရရှိမည်ဟု ဆိုထားပါသည်။
သန့်ရှင်းသောဝိညာဉ်တော်က ကျွေးမွေး၍ ရှင်သန်ကြီးထွားမည်။ ဘုရားသခင်ကို ဦးစွာသိကျွမ်းပါ။ လက်တွေ့မြည်းစမ်းပါ။
၁၂:၂၈ ဖြောင့်မတ်သူများ လျှောက်သောလမ်းသည် ရိုးစင်းဖြောင့်တန်း၍ လမ်းဆုံးတွင် ပျော်ရွှင်ခြင်းရှိသည်။ ဘေးအန္တရာယ်မကြုံရ။ အစတွင် ကျယ်ပြန့်သောလမ်းမသည် အဆုံးတွင် အဖျားရှူးသည်။ အသက်တာလမ်းသည် သေဘေးနှင့်ကင်းဝေး၍ ထာဝရအသက်ရသည်။ ထိုအကြောင်းကို NIV ကျမ်းမူတွင် “ဖြောင့်မတ်သူများ၏ ခရီးလမ်းသည် အသက်လမ်းဖြစ်၍ သေဘေးမကြုံရ”ဟုဆိုသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။