တောလည်ရာကျမ်း - ၉

ပသခါပွဲ
1အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ပထမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။ 3စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သော ကာလအချိန်တည်းဟူသော ယခုလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။ 4ဣသရေလအမျိုးသားတို့သည် ပသခါပွဲကိုခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊ 5သိန်တောတွင် ပထမလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ထွ၊ ၁၂:၁-၁၃။
6ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊ 7အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သကာကို မပြုစေခြင်းငှာ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။ 8မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသောစကားကို ငါနားထောင်ဦးမည်ဟု ပြန်ဆို၏။ 9ထိုအခါမောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 10သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်လည်းကောင်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်လည်းကောင်း၊ ထာဝရဘုရားအဖို့ ပသခါပွဲကိုခံရမည်။ 11ဒုတိယလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။ 12ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သော အထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။ထွ၊ ၁၂:၄၆။ ယော၊ ၁၉:၃၆။ 13ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။ 14သင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသောထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတစ်ပါးတည်းသာ ရှိရကြမည်ဟု မိန့်တော်မူ၏။
မီးတဲတော်ပေါ်မှမိုးတိမ်
(ထွ၊ ၄၀:၃၄-၃၈)
15တဲတော်ကိုထူထောင်သောနေ့၌၊ မိုးတိမ်သည် တဲတောင်ပေါ်မှာတည်၍၊ သက်သေခံချက်တဲတော်ကို ဖုံးအုပ်လေ၏။ ညဉ့်ဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။ 16ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုးတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။ 17မိုးတိမ်သည် တဲတော်အပေါ်မှကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုးတိမ်တည်လေရာရာ၌လည်း၊ တဲများကိုဆောက်ပြန်ကြ၏။ 18ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းလည်း တဲများကိုဆောက်ကြ၏။ မိုးတိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသောကာလပတ်လုံး သူတို့သည် တဲ၌နေကြ၏။ 19မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေကြ၏။ 20မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရားအမိန့်တော်အတိုင်း၊ သူတို့သည် တဲ၌နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။ 21ညဉ့်ဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုးတိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီးသွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုးတိမ်မြောက်သောအခါ ခရီးသွားကြ၏။ 22နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ မိုးတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသောကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ တဲ၌နေကြ၏။ တစ်ဖန်မိုးတိမ်မြောက်ပြန်သောအခါ ခရီးသွားကြ၏။ 23ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။

တောလည်ရာကျမ်း - ၉ (အနက်ဖွင့်)

(ပဿခါပွဲ၊ မိုးတိမ်တိုင်နှင့် ငွေတံပိုးများ (:၁၀:၁၀)

       :၁၄ ဘုရားသခင်က ပဿခါပွဲတော်ကို စောင့်ထိန်းခိုင်းသည် (ငယ် ၁-၂)။ အခန်းကြီး ၁တစ်ခုလုံးတွင် ဆက်လက်ရေးသားထားသည်။ တောလည်ရာကျမ်းရှိ ဖြစ်စဉ်များအားလုံးသည် အစဉ်လိုက် ရေးသားထားခြင်းမဟုတ်ပါ။ ပဿခါပွဲသည် ပထမလ၏ တစ်ဆယ့်လေးရက်နေ့တွင် ကျင်းပရသည်။ အကယ်၍ ပွဲတော်ကို ညစ်ညမ်းစေနိုင်သော မစင်ကြယ်သူ လူသေကောင် ထိပါးကိုင်တွယ်သူ၊ ခရီးဝေးလွန်သူသည် နောက်တလတွင် ပဿခါပွဲပြုရသည် (ငယ် ၆-၁၂)။ အခြားအကြောင်းများကြောင်း ပဿခါပွဲ မစောင့်ထိန်းလျှင်မူကား အမျိုးမှပထုတ်ခြင်းခံရသည် (ငယ် ၁၃)။ လူစိမ်း(တစ်ပါးအမျိုးသား)သည်လည်း စိတ်ဆန္ဒရှိလျှင် ပဿခါပွဲသို့ ပါဝင်ခွင့်ရှိသည်။ သို့သော် ယုဒထုံးတမ်းစဉ်လာအတိုင်း ဖြစ်ရသည် (ငယ် ၁၄)။

:၁၅၂၃ ဤကျမ်းချက်ကို လာမည့်အခန်းတွင် ဖော်ပြထားသည်။ ဘုရားရှင်၏ ဘုန်းတန်ခိုးသည် ပရိသတ်စည်းဝေးရာ တဲတော်အား နေ့အခါ မိုးတမ်ဖြင့် ဖုံးအုပ်၍ ညအချိန်တွင် မီးရောင်ဖြင့် ထွန်းလင်းသည်။ မိုးတိမ်လွင့်စင်လျှင် ဣသရေလတို့သည် တဲတော်ကို ရုတ်သိမ်း၍ချီတက်ကြသည်။ မိုးတိမ်ရပ်နားလျှင် ဣသရေလတို့သည်လည်း ခရီးရပ်နားကြ၍ တဲထိုးကြသည်။ မိုးတိမ်တိုင်သည် ဘုရားသခင်က ဣသရေလလူမျိုးအား လမ်းပြသည့်အမှတ်အသားဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း ဘုရားသခင်၏ လမ်းညွှန်မှုကို လူ့မျက်စိဖြင့် မမြင်သာသော်လည်း ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းရသည်။ ထိုဥပဒေသသည် ယနေ့ထက်တိုင်အောင် ရှင်သန်တည်မြဲနေဆဲ။ ဘုရားရှင်ရွေ့လျားလျှင် ဣသရေလများလည်း ရွေ့လျားချီတက်ကြသည်။ မှောင်မိုက်ကြလျှင် ရပ်နားကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။