တောလည်ရာကျမ်း - ၃၅

လေဝိအနွယ်အမွေခံမြို့များ
1မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်တော်မူ၍၊ 2သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ မြို့ပတ်လည်နယ်တို့ကိုလည်းကောင်း ပေးရကြမည်။ 3ထိုမြို့တို့သည် လေဝိသားနေစရာဖို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။ 4လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တစ်ထောင် ကျယ်စေရမည်။ 5မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာ၌ နှစ်ထောင်စီတိုင်းထွာ၍၊ ထိုမြေအလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ်အတိုင်း အရှည်ဖြစ်ရသတည်း။ 6လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့များအပြင် အခြားသော မြို့လေးဆယ်နှစ်မြို့တို့ကို ပေးရမည်။ 7ထိုသို့လေဝိသားတို့အား ပေးရသောမြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ ဖြစ်သတည်း။ 8ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးအသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနုတ်၍ လေဝိသားတို့အားပေးရမည်။
ခိုလှုံရာမြို့များ
(တရား၊ ၁၉:၁-၁၃၊ ယောရှု၊ ၂၀:၁-၉)
9တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 10သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍၊ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊ 11လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။ 12ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမီတိုင်အောင်၊ သေစားသေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ဖြစ်ရသတည်း။ 13လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန်မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊ 14ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကို ရွေးထားရမည်။ 15ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ်တမဲ့သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင်တည်းခိုသော တစ်ပါးသောအမျိုးသားတို့သည်ပြေး၍ မှီခိုရာမြို့ဖြစ်သတည်း။ 16သို့ရာတွင် လူအသက်ကိုသေစေခြင်းငှာ၊ သံလက်နက်နှင့်ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 17လူအသက်ကိုသေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ 18လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ 19သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။ 20သူတစ်ပါးကို အငြိုးထား၍တွန်းချသော်လည်းကောင်း၊ သေစေခြင်းငှာ ချောင်းမြောင်း၍ တစ်စုံတစ်ခုနှင့်ပစ်သော်လည်းကောင်း၊ 21သေစေခြင်းငှာ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်လည်းကောင်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။ 22သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်လည်းကောင်း၊ မချောင်းမြောင်းဘဲ တစ်စုံတစ်ခုနှင့် ပစ်မိသော်လည်းကောင်း၊ 23သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကိုမမြင်ဘဲလျက် သေအောင်ကျောက်ခဲနှင့် ပစ်မိသော်လည်းကောင်း၊ 24ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌တရားစီရင်၍၊ 25သတ်သောသူကို သေစားသေစေသောသူ၏လက်မှနုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကိုခံရသော ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင် ထိုမြို့၌နေရမည်။ 26လူအသက်ကိုသတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊ 27သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သော အပြစ်မရှိ။ 28အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင်၊ မိမိမှီခိုသောမြို့ထဲမှာ နေရမည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။ 29ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ 30လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူမည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေတစ်ယောက်တည်းသာရှိလျှင် မသတ်ရ။ 31အသေခံထိုက်သောလူသတ်၏ အသက်ဖိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 32မှီခိုရာမြို့သို့ပြေးသောသူသည်၊ ယဇ်ပုရောဟိတ်မင်းမသေမီ၊ မိမိနေရင်းအရပ်သို့ ပြန်၍နေမည်အကြောင်း၊ အရွေးငွေကို မခံမယူရ။ 33ထိုသို့ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ လူအသွေးသည် ပြည်ကိုညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။ 34ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသားတို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။

တောလည်ရာကျမ်း - ၃၅ (အနက်ဖွင့်)

(လေဝိအမျိုး မြို့ကြီးပြကြီး (၃၅:)

       ၃၅: လေဝိအမျိုးသည် အခြားသော လူမျိုးများကဲ့သို့ နယ်မြေမရရှိခဲ့ကြသောကြောင့် ဘုရားသခင်က မြို့ကြီးပြကြီး(၄၈)မြို့ သတ်မှတ်ပြဌာန်းပေးသည်။ အပိုဒ်ငယ် ၄-၅ သည် ရှုပ်ထွေးသောကြောင့် နားမရှင်းသော်လည်း ထိုမြို့ပြကြီးများပတ်လည်သည် စားကျက်မြေကောင်းသော လွင်ပြင်များဖြစ်သည်မှာ သေချာသည်။ (အပိုဒ်ငယ် ၅တွင်ပါရှိသည့် နှစ်ထောင်စီဆိုသည်မှာ အပိုဒ်ငယ် ၄တွင် ပါရှိသည့် အတောင်တစ်ထောင်နှင့် တွေးဆချင့်ချိန်စရာဖြစ်ပါသည်။)

(ကြီးလေးသောအပြစ်ဒဏ်နှင့် မှီခိုရာဘေးမဲ့မြို့ (၃၅:၃၄)

       ၃၅: လေဝိတို့ပိုင်သော မြို့ပြကြီးများအနက် (၆)မြို့ကို ဒုက္ခသည်များ ခိုလှုံရာဘေးမဲ့မြို့အဖြစ် ပြဌာန်းထားသည်။ မတော်တဆ သူတစ်ပါးအသက်သတ်မိသူသည် ထိုမြို့သို့ ပြေးခိုရသည်။ ထိုသို့ပြေးခိုလျှင် စစ်ကြောမေးမြန်းခြင်းမှ ကင်းလွတ်ခွင့်ရသည်။ ဣသရေလလူများသည် မိမိတို့ ဝေစုအလိုက် လေဝိအမျိုးကို ပေးလှူကြရသည်။

၃၅:၂၁ ထိုဘေးမဲ့ခိုလှုံရာမြို့ (၆)မြို့သည် ယော်ဒန်မြစ်တစ်ဖက်တစ်ချက်()မြို့စီရှိသည်။ လူသတ်မိသူအား ကျန်ရစ်သူဆွေမျိုးသားချင်းများက ရန်တုံ့ပြန်ကလဲ့စားမချေနိုင်ရန် ခိုလှုံခွင့်ပေးရသည်။ လူသတ်မှုကျူးလွန်မိသူသည် တရားသဖြင့် စီရင်ခြင်းမတိုင်မှီ၊ ထိုမြို့တွင် အသက်ဘေးရန်ကင်းရှင်းစွာ နေခွင့်ရသည် (ငယ် ၁၂)။ သို့သော် ထိုမြို့သူမြို့သားများသည် လူသတ်မှုဖြင့် ပြေးခိုလှုံလာသူတိုင်းအား ဘေးရန်လွတ်ခွင့်ပေးသည်မဟုတ် (ငယ် ၁၆-၁၉)။ မုန်းတီးမှုဖြင့် ကလဲ့စားချေပြီးမှ ပြေးခိုလှုံခြင်း၊ တမင်တကာ လူသတ်ခြင်းဖြင့် ခိုလှုံခြင်းများအားခွင့်မပြု။ တရားတော်အတိုင်းသေဒဏ်ခံရသည် (ငယ် ၂၀-၂၁)။

၃၅:၂၂၂၈ ထိုမြို့ကို ခိုလှုံရသော တရားခံသည် သူ့ကို ခိုလှုံ ခှငျ့ပေးသော ယဇျပရောဟိတျမသမေခငြျိး ထိုမွို့တှငျခိုလှုံ ရသညျ။ မွို့ပွငျမထှကျရ။ ယဇ်ပုရောဟိတ် အသေပြီးမှသာလျှင် အိမ်ပြန်ခွင့်ရှိသည် (ငယ် ၂၈)။ အကယ်၍ ယဇ်ပုရောဟိတ်မင်း မသေမှီ ခိုလှုံရာမြို့တစ်ဘက်သို့ ထွက်သွား၍ လက်တုံ့ပြန်ကလဲ့စားခံရပါက အမှုအခင်းမရှိ (ငယ် ၂၆-၂၈)။ ကလဲ့စားချေသူအား အပြစ်မယူနိုင်။

ယဇ်ပုရောဟိတ်သေလွန်ခြင်းက ထိုသူ၏ ချည်နှောင်မှုအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။ သူသတ်မိသော ဆွေမျိုးများက သေစားသေစေ တောင်းဆို ကျူးလွန်ခွင့်မရှိ။ ယုံကြည်သူများ ယဇ်ပုရောဟိတ်ကြီး အသေခံခြင်းကြောင့် ပညတ်တရားကယုံကြည်သူများ၏ အပြစ်အဖိုးအခကို မတောင်ဆိုခြင်းကို ပုံဆောင်သည်။ ခရစ်တော်ပြုသော အမှုတော်ကို မသိနားမလည်၊ မယုံကြည်သူများအတွက်မူ အရူးအလုပ်ဟု ထင်ကောင်းထင်ကြမည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Unger က ဤသို့ အသေးစိတ်နှိုင်းယှဉ် ရှင်းပြသည်။

ရဗ္ဗိဆရာများ ထုံးတမ်းစဉ်လာအရ အသက်ဘေးရင်ဆိုင်နေသော ဒုက္ခသည်များသည် မင်းတိုင်ပင်အမတ်များ အလုပ်နှင့်လည်း သက်ဆိုင်သည်။ မင်းတိုင်ပင်အမတ်ကြီးများက ထိုမြို့အား အကောင်းဆုံးပြင်ဆင် ထိန်းသိမ်းသည်။ တောင်ကုန်းတောင်မြင့်မရှိ။ ချောင်းတိုင်းကို တံတားခင်းသည်။ လမ်းမကြီးသည် အတောင် ၃၀ ကျယ်သည်။ နေရာတိုင်းမှ ဘေးဒုက္ခသည်များ ခိုလှုံရာဟု ရေးထားသည်။ ခိုလှုံရန်ပြေးလွှားသူများအား ကြိုဆိုဧည့်ခံရန် လူ()ယောက်အမြဲတမ်း တာဝန်ခွဲထားသည်။ ရန်ရှာလိုက်လာသူများက ဒုက္ခမပေးနိုင်အောင် ကာကွယ် စောင့်ရှောက်ပေး ကြသည်။၁၈

ဤကျမ်းချက်က ဣသရေလတို့၏ နမော်နမဲ့လူသတ်တတ်ပုံကို သင်ခန်းစာပေးပါသည်။ မေရှိယသခင်ကိုလည်း အပြစ်မရှိပါဘဲလျက် သေစေခဲ့ကြသည် (တ၃:၁၇)။ သခင်ယေရှုက ထိုသူများအတွက် “မိမိကိုယ်ကို ဘာလုပ်ကြမှန်းမသိကြသူများဖြစ်သည်” (လု ၂၃:၃၄)ဟု ဆုတောင်းပေးခဲ့သည်။ လူသတ်မှုကျူးလွန်သူများသည် မိမိနေအိမ်တွင် မနေရဲသဖြင့် ထိုမြို့သို့ ခိုလှုံကြသကဲ့သို့ ဣသရေလလူမျိုးသည်လည်း ယဇ်ပုရောဟိတ်ထို့ ပြန်လည်ခိုလှုံကြရမည်။ ဣသရေလတို့က သတ်ကြသော်လည်း ယဇ်ပုရောဟိတ်မင်းကြီးသည် အမှန်တကယ်မသေ။ ကမ္ဘာမြေကို အုပ်စိုးဖို့ တဖန်ကြွလာဦးမည်။

၃၅:၂၉၃၄ လူသတ်မှုသည် ကြီးလေးသော အပြစ်ဒဏ်ဖြစ်သည်။ သေစားသေစေခြင်းမှ တပါး ပြင်ဆင်စရာမရှိ။ လွတ်မြောက်စရာနတ္ထိ (ငယ် ၃၀-၃၁) မှီခိုရာမြို့ခိုလှုံသူသည် ထိုမြို့မှ ထွက်ခွာခွင့်မရှိ။ (ငယ်၃၂)။ သူတစ်ပါး အသက်သတ်သောသူသည် မိမိအသက်ဖြင့် ပြန်လည်ပေးဆပ်ရသည် (ငယ် ၃၃-၃၄)။ ဤအဖြစ်အပျက်နှင့် ခရစ်တော်အသေခံခြင်းကို နှိုင်းယှဉ်ဆင်ခြင်ကြည့်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။