တောလည်ရာကျမ်း - ၂၃

1ထိုအခါ ဗာလမ်က၊ ဤအရပ်၌ငါ့အဖို့ ယဇ်ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအားဆိုသည်အတိုင်း၊ 2ဗာလက်မင်းသည်ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့သည် ယဇ်ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်ကြ၏။ 3ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်လော့။ ငါသည် အခြားတစ်ပါးသို့သွားပါမည်။ ထာဝရဘုရားသည် ငါ့ကိုကြိုဆိုခြင်းငှာ ကြွလာကောင်း ကြွလာတော်မူလိမ့်မည်။ ငါ့အားပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအားဆိုပြီးမှ ကုန်းတစ်ခုပေါ်သို့ တက်သွား၏။ 4ဘုရားသခင်သည် ဗာလမ်ကိုကြိုဆိုတော်မူလျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားထီးတစ်ကောင်စီနှင့် သိုးထီးတစ်ကောင်စီကို ပူဇော်ပါပြီဟု လျှောက်လေ၏။ 5ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊ 6ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေ၏။
7ထိုအခါဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင်ဗာလက်က၊ လာပါ။ ငါ့အဖို့ ယာကုပ်အမျိုးကိုကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့အပ်လိုက်ပါဟုခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။ 8ဘုရားသခင် ကျိန်ဆဲတော်မမူသောသူကို အဘယ်သို့ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။ 9ကျောက်ပေါ်က သူ့ကိုငါမြင်၏။ တောင်ပေါ်က သူ့ကိုငါကြည့်ရှု၏။ ထိုလူမျိုးသည် တစ်မျိုးတည်းနေ၍ အခြားတစ်ပါးသောလူမျိုးတို့နှင့် မရောနှောရ။ 10ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက်နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစ်စုကိုမျှ အဘယ်သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ ဖြစ်ပါစေသောဟု မြွက်ဆို၏။ 11ဗာလက်မင်းကလည်း၊ သင်သည် ငါ၌အဘယ်သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကိုငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းချီးပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊ 12ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရသလောဟု ပြန်ဆို၏။
ဗာလမ်၏ဒုတိယဗျာဒိတ်
13ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို တစ်ပြိုင်နက်မမြင်ရဘဲ တစ်ပိုင်းကိုမျှသာကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူလိုက်ပါလော့။ ထိုအရပ်၌ သူတို့ကို ငါ့အဖို့ ကျိန်ဆဲပါဟုဆိုလျက်၊ 14ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီးမှ၊ ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။ 15ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီးဦးကြိုပြုခြင်းငှာ အခြားတစ်ပါးသို့သွားပါမည်ဟု ဗာလက်မင်းအား ဆို၏။ 16ထာဝရဘုရားသည် ဗာလမ်ကိုကြိုဆို၍ သူ၏နှုတ်၌ စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊ 17ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။
18ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။ 19ဘုရားသခင်သည် မုသားစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ၊ ကတိတော်မတည်ဘဲ နေတော်မူမည်လော။ 20ကောင်းချီးပေးရမည်အကြောင်း၊ အမိန့်တော်ကိုငါခံရပြီ။ ဘုရားသခင် ကောင်းချီးပေးတော်မူပြီ။ ထိုကောင်းချီးကို ငါမဖျက်နိုင်။ 21ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသရေလအမျိုးတစ်ဖက်၌ပြုသော နှောင့်ယှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍နေတော်မမူ။ သူတို့ဘုရားသခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင်ကြားရ၏။ 22ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ 23အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ပြုတော်မူပြီတကားဟု ယခုကာလကိုထောက်၍ ယာကုပ်အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။ 24ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ပျိုကဲ့သို့ ထွက်လိမ့်မည်။ ဖမ်းမိသောအကောင်ကို မစားမီ၊ သတ်အပ်သောတိရစ္ဆာန်အသွေးကို မသောက်မီတိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။ 25ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်းမကျိန်ဆဲပါနှင့်။ ကောင်းချီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊ 26ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီမဟုတ်လောဟု ဗာလက်မင်းအားပြန်ပြော၏။
ဗာလမ်ဆင့်ဆိုသောတတိယဗျာဒိတ်တော်
27တစ်ဖန် ဗာလက်မင်းက၊ လာပါတော့။ အခြားသောအရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကိုငါ့အဖို့ ကျိန်ဆဲစေခြင်းငှာ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အားဆိုလျက်၊ 28ယေရှိမုန်မြို့ကိုမျက်နှာပြုသော ပေဂုရတောင်ထိပ်သို့ ဆောင်သွားလေ၏။ 29ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဖို့ ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကိုပြင်ဆင်လော့ဟု ဗာလက်မင်းအားဆိုသည်အတိုင်း၊ 30ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။

တောလည်ရာကျမ်း - ၂၃ (အနက်ဖွင့်)

၂၃:၁၃၁၅ တဖန် ဗာလက်မင်းက ပရောဖက်ဗာလမ်အား အခြားတောင်ထပ်ပေါ်သို့ ခေါ်ဆောင်ပြီး ယဇ်ပလ္လင်(၇)ခုတည်ကာ၊ ဣသရေလတို့အား ကျိန်စာတိုက်ခိုင်း ပြန်သည် (ငယ် ၁၃-၁၄)။

၂၃:၁၆၂၆ ဒုတိယအကြိမ်တွင်လည်း ဗာလမ်သို့ပြောသော ဘုရားသခင်၏စကားတော်သည် ပြောင်းလဲခြင်းမရှိ (ငယ် ၁၈-၂၀-၂၁) ပထမပိုင်းသည် ဣသရေလတို့၏ ဘဝမဟုတ်၊ အနေအထားသာဖြစ်သည်။ ပရိသတ်များသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ကြသည်။ ယနေ့ခေတ် ကာလတွင်လည်း ဘုရားသခင်ရှေ့ရောက်ရှိသူများသည် သားတော်ယေရှု ခရစ်တော်အား ယုံကြည်ခြင်းဖြင့် ပြည့်စုံကြသူများဖြစ်သည်။ ဘုရားသခင်သည် ဣသရေလတို့ အလယ်တွင် စိုးစံနေသောကြောင့် ဣသရေလို့သည် ဘုရားသခင်ထံ အော်ဟစ်တောင်းလျှောက်ခွင့်ရကြသည် (ငယ်၂၁)။ အဲဂုတ္တုပြည်မှ ခေါ်ထုတ်ပြီး လိုအပ်သောခွန်အားဖြည့်ဆည်းပေးသည်။ မည်သည့်အခက်အခဲဘေးဒုက္ခကမှ မပိနိုင်။ ဘုရားသခင်ပြုတော်မူချက်သည် ကြီးမြတ်လှပါဘိ” (ငယ် ၂၂-၂၄)ဟု မပြသောကာလတွင် မျက်ဝါးထင်ထင်တွေ့မြင်ဝန်ခံကြမည်။ ဗာလမ်က ဣသရေလတို့အား ကျိန်စာတိုက်ခြင်း မပြုသောအခါ၊ ဗာလက်က ကျိန်စာမတိုက်နိုင်လျှင်လည်း ကောင်းကြီးမင်္ဂလာမပေးနှင့် (ငယ် ၂၅)ဟုဆိုသည်။ ထိုအခါ ပရောဖက်ဗာလမ်က ဘုရားသခင်မိန့်တော်မူသည်အတိုင်း လိုက်လုပ်ပါမည်ဟု ပြန်ဖြေသည်။

၂၃:၂၇၃၀ တတိယအကြိမ်အဖြစ် ဗာလက်သည် ဗာလမ်အား ပေဂုရတောင်ထိပ်ပေါ်သို့ ခေါင်းဆောင်သွားပြီး ဣသရေလတို့အား ကျိန်စာတိုက်ခိုင်းပြန်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။