တောလည်ရာကျမ်း - ၂

အနွယ်လိုက်စခန်းချပုံ
1တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊ 2ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှုပြု၍နေရာချရမည်။ 3နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 4သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။ 5ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 6သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။ 7ထိုနောက်၊ ဇာဗုလုန်တပ်ချ၍ ဟေလုန်သားဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 8သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။ 9ယုဒတပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား တစ်သိန်းရှစ်သောင်းခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ချီရကြမည်။
10တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထူ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 11သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းခြောက်ထောင်ငါးရာ ရှိသတည်း။ 12ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 13သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းကိုးထောင်သုံးရာ ရှိသတည်း။ 14ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 15သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိသတည်း။ 16ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား တစ်သိန်း ငါးသောင်းတစ်ထောင်လေးရာငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။
17ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
18အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 19သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။ 20ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလျေလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 21သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။ 22ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 23သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။ 24ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
25တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒဲသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 26သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။ 27ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 28သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းတစ်ထောင်ငါးရာ ရှိသတည်း။ 29ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 30သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။ 31ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းငါးသောင်းခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက်ဆုံးတပ်အရာ၌ ချီရကြမည်။
32ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။ 33ထာဝရဘုရားသည်၊ မောရှအားမှာထားတော်မူသည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ 34ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကိုလည်းကောင်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကိုလည်းကောင်း ပြုရကြ၏။

တောလည်ရာကျမ်း - ၂ (အနက်ဖွင့်)

ဣသရေလလူမျိုးတပ် အခင်းအကျင်း

       : ဣသရေလလူမျိုးများအား မိမိတို့ မျိုးနွယ်စုအလိုက် ပရိသတ်စုဝေးရာ တဲတော်ပတ်ဝန်းကျင်တွင် တပ်စခန်း ချခိုင်းထားသည်။ (ရုပ်ပုံကားချပ်ကိုကြည့်ပါ)။ အရပ်လေးမျက်နှာတွင် တစ်မျက်နှာ၌ (၃)မျိုးစီ နေရာချထားသည်။

       :၁၆  အရှေ့ဘက်မျက်နှာစာ ယုဒအလံတော်အောက်တွင် ယုဒ၊ ဣသခါနှင့် ဇေဗုလုန်အမျိုး (ငယ် ၃-၉) ချထား၍ လူမျိုးစုခေါင်းဆောင် အသီးသီးက ကြီးကြပ်ကွပ်ကဲသည်။ စုစုပေါင်း လူဦးရေ တစ်သိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသည်။ တောင်ဘက် မျက်နှာစာ ရုဗင်အလံတော်အောက်တွင် ရုဗင်၊ ရှိမောင်နှင့် ဂဒ်အမျိုးများ (ငယ် ၁၀-၁၆) ရှိ၍ စုစုပေါင်းလူဦးရေ တစ်သိန်ငါးသောင်း တစ်ထောင့်လေးရာငါးဆယ် ရှိသည်။

:၁၇၃၁ အနောက်ဘက် မျက်နှာစာတွင် ဧဖရိမ် ကွပ်ကဲမှုအောက်၌ ဧဖရိမ်၊ မနာရှေနှင့် ဗင်္ယာမိန် အမျိုး (ငယ် ၁၈-၂၄) တပ်ချထား၍ စုစုပေါင်း တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသည်။ မြောက်ဘက်မျက်နှာစာတွင် ဒန် လူမျိုးကွပ်ကဲမှုအောက်၌ ဒန်၊အာရှာနှင့်နဿလီအမျိုး(ငယ် ၂၅-၃) တို့တပ်ချထား၍ စုစုပေါင်းလူဦးရေ တစ်သိန်းငါးသောင်းခုနှစ်ထောင့်ခြောက်ရာရှိသည်။ စစ်ကြောင်းလိုက်ချီတက်ပုံ အစီအစဉ်မှာ ပထမဦးစွာ ယုဒအမျိုးဖြစ်သည်။ လေဝိအမျိုးသည် ဂဒ်လူမျိုးနှင့် ဧဖရိမ်အမျိုးအကြားတွင် လိုက်ပါသည် (ငယ်၁၇)။

:၃၂၃၄ စုစုပေါင်း တိုက်ခိုက်ရေးအင်အားမှာ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ်ရှိသည် (ငယ်၃၂)။ လေဝိလူမျိုး အပါအဝင် (၃:၃၉)စုစုပေါင်း ယောက်ျားအင်အားစုမှာ ၆၂၅,၅၅၀ ဖြစ်သည်။ ယောက်ျားဦးရေသည် လူဦးရေစုစုပေါင်း၏ သုံးပံတစ်ပုံခန့်သာရှိလေ့ရှိသောကြောင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စုစုပေါင်းရေတွက်လျှင် ရိက္ခာစားအင်အား ၁,၈၇၆,၆၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ အသင်းတော်တွင် အမျိုးသမီးထု ပါဝင်မှုအင်အား အချိုးအစားထက် တိုက်ခိုက်ရေးအင်အားစု ပိုမိုများပြားကြောင်း တွေ့ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။