တောလည်ရာကျမ်း - ၁၇

အာရုန်၏တောင်ဝှေး
1တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။ 3လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတစ်ဦးလျှင် လှံတံတစ်ချောင်းစီရှိရမည်။ 4ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။ 5ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တစ်ဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊ 6မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတစ်ဦးလျှင် လှံတံတစ်ချောင်းစီ လှံတံဆယ်နှစ်ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။ 7မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။ 8နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။ 9မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရားထံတော်က ဣသရေလအမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည်ကြည့်ရှု၍၊ လူတိုင်းမိမိလှံတံကို ယူပြန်လေ၏။ 10ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ၊ အာရုန်၏လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ သူတို့အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊ 11မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်ပြုလေ၏။ 12ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် သေကြေပျက်စီးကြပါ၏။ တစ်ယောက်မျှမကြွင်း ပျက်စီးရကြပါ၏။ 13ထာဝရဘုရား၏တဲတော်ကို ချဉ်းကပ်သောသူတိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ရှိသမျှသည် သေဘေးသင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။

တောလည်ရာကျမ်း - ၁၇ (အနက်ဖွင့်)

၁၇: အာရုန်၏မိသားစုသည် ဘုရားသခင် အသိအမှတ်ပြုခန့်အပ် ယဇ်ပုရောဟိတ်မျိုး စစ်မှန်ကြောင်း ဘုရားရှင်က သက်သေထူစေသည်။ လူမျိုးအသီးသီးသို့ ပေးထားသော ရာဇလှံတံပေါ်တွင် မိမိတို့နာမည် ရေးကြလျက်တစ်ညလုံး ပရိသတ်စည်းဝေးရာတဲတွင် ထားခိုင်းသည်။ လေဝိအမျိုး၏ လှံတံတွင် အာရုန်၏နာမည်ရေး ထိုးထားကြသည်။ ဘုရားသခင် ရွေးကောက်သူ၏ လှံတံသည် နောက်တစ်နေ့တွင် သူများ လှံတံနှင့်မတူ၊ တမူထူးခြားရမည်။ နောက်တစ်နေ့မိုးလင်း၍ လှံတံများကို စစ်ဆေးကြသောအခါ အာရုန်၏ လှံတံသည် အရွက်ထွက်ပွင့်ငုံလျက် ဗာဒံသီး သီးသည်။ အာရုန်၏ လှံတံသည် ဘုရားသခင်ရွေးချယ်ထားသော ခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည် (၁ကော ၁၅:၂၀-၂၃)။ သန့်ရှင်းသောဌာနတော်ရှိ ရွှေမီးတိုင်စင်များသည် ဗာဒံသီးပုံသဏ္ဌာန်၊ အဖူးအငုံများနှင့် ပြုလုပ်ထားခြင်းဖြစ်သည် (ထွ၂၅:၃၃-၃၄)။ ထိုမီးတိုင် နေ့စဉ်မီးထွန်းညှိရေးသည် ယဇ်ပုရောဟိတ်၏ တာဝန်ဖြစ်သည်။ အာရုန်၏လှံတံတွင် ဗာဒံအသီးအငုံ၊ အရွက်ပေါက်ခြင်းသည် အာရုန်၏ မိသားစု ဘုရားသခင်က ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုပေးခြင်းဖြစ်သည်။

၁၇:၁၀၁၃ ထိုအချိန်မှစ၍ အာရုန်၏လှံတံကို ပုန်ကန်သူများ နှိပ်ကွပ်သည့် အထိမ်းအမှတ်အဖြစ် ပဋိညာဉ်သေတ္တာထဲတွင် ထိန်းသိမ်းထည့်ထားသည်။ ထို့နောက်ပိုင်း လူထုပရိသတ်အပေါင်းသည် ပရိသတ်စည်းဝေးရာတဲတော်ကား ယခင်ကထက် ရှိန်ကြသည်။ တော်ရုံတန်ရုံနှင့် မဝင်ရဲကြ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။