မိက္ခာအနာဂတ္တိကျမ်း - ၃

ဣသရေလအမျိုးသူကြီးများ
1ငါဆိုသည်ကား၊ အို ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။ 2သုစရိုက်ကိုမုန်း၍ ဒုစရိုက်ကိုနှစ်သက်လျက်၊ သူတစ်ပါးအရေကိုလည်းကောင်း၊ အရိုး၌ကပ်သော အသားကိုလည်းကောင်း ဆွဲယူလျက်၊ 3ငါ့လူတို့၏အသားကိုစားလျက်၊ အရေကိုခွာလျက်၊ အရိုးတို့ကို ချိုးလျက်၊ ဟင်းအိုး၌ ချက်သော သားတစ်၊ အိုးကင်း၌ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊ 4သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြသော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည်နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့်မည်။ 5ငါ၏လူတို့ကိုမှားယွင်းစေလျက် ဝစွာစားရသောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော်လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊ 6သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညအချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင်မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။ 7ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြလိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက်ကြလိမ့်မည်။ ဘုရားသခင် ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
8ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသရေလအမျိုး ပြစ်မှားခြင်းကို သူတို့အား ဖော်ပြနိုင်မည်အကြောင်း၊ ထာဝရဘုရား၏ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ 9ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်းသောတရားကို ဖျက်လျက်၊ 10လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကိုလည်းကောင်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကိုလည်းကောင်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ 11မင်းတို့သည် လက်ဆောင်ကို ရခြင်းငှာသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကိုခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။ 12ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြေပုံများ ဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။

မိက္ခာအနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)

၄။ မင်း၊ ပရောဖက်အတုနှင့်ယဇ်ပုရောဟိတ်များကို ရှုတ်ချခြင်း(အခန်း၃)

          : မတရားစီရင်ခြင်း၊ ဒုစရိုက်ကို နှစ်သက်ခြင်း၊ လောဘရမက်ကြီ:ခြင်းတို့ကြောင့် ဣသရေလအမျိုးသူကြီးများကို ရှုတ်ချသည်။ မရှိဆင်းရဲသားများကို မညှာမတာ အနိုင်ပြုကျင့်ကြပြီ။ သုစရိုက်ကိုမုန်းတီး၍ ဒုစရိုက်ကို ဖက်တွယ်ကြပြီ။ သိုးထိန်းကောင်းဖြစ်ရမည့်အစား တရားသူကြီ:မင်းများသည် ဝံပုလွေကဲ့သို့ ပြုကျင့်ကြမည်။ သိုးများကို ရိုက်သတ်၍ ဟင်းအိုးထဲထည့်ချက်ပြုတ်ကာ မြိန်ရေရှက်ရေခံစားသုံးကြသည်။ ဒါဝိဒ်နှင့်မတူ၊ ဆန့်ကျင်ဖက်ဖြစ်သည်(၁ရာ၊၁၇:၁၅။ ၂ရာ၊၅:၂။၇:၇)။ ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့အော်ဟစ်ဆုတောင်းသံကို ဘုရားသခင်နားညောင်းမည်မဟုတ်။

          : ပရောဖက်အတုအယောင်များကလည်း သူတို့အားပေးလှူသူများကို ငြိမ်သက်ချမ်းသာ ရမည်ဟု ဟောကြားသည်။ မပေးလှူနိုင်သူများကိုမူ ဒုက္ခဆင်းရဲနှင့် ခြောက်လှန်သည်။ သူတို့တရားသည် အလိုတော်မဟုတ်ပေ။ ထို့ကြောင့်သူတို့ဆုတောင်းသံများကို ဘုရားရှင်ကအဖြေပေးမည်မဟုတ်။

          :၁၂ ထိုပရောဖက်များနှင့်ဆန့်ကျင်လျက် ပရောဖက်မိက္ခာက ဝိညာဉ်တော်ဖွင့်ပြချက်ဖြင့် ဣသရေလနှင့်ယုဒ (ယာကုပ်) အမျိုးသို့ နှုတ်ကပတ်တော်ဟောပြောသည်။  တံစိုးမျှော်မင်းကြီးသူများ၊ အခကြေးစားယဇ်ပုရောဟိတ်များနှင့် လာဘ်ငွေမက်သော ပရောဖက်များသည် ဘေးရန်လုံခြုံမည်ဟု ထင်မှတ်သော်လည်း ယေရုရှလင်မြို့သည် မြေပုံဖြစ်လိမ့်မ်ဟု ပရောဖက်မိက္ခာကျေညာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။