မိက္ခာအနာဂတ္တိကျမ်း - ၂

ဖိနှိပ်သူတို့၏ကံကြမ္မာ
1ဒုစရိုက်ကို ပြုခြင်းငှာ အိပ်ရာပေါ်မှာ မကောင်းသော အကြံကိုကြံ၍၊ မိုးလင်းသောအခါ အခွင့်ရသည်အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ 2သူတစ်ပါး၏အိမ်နှင့် လယ်ယာတို့ကိုတပ်မက်၍ အနိုင်အထက် သိမ်းယူလျက်၊ လူနှင့် သူ၏အိမ်ကိုလည်းကောင်း၊ လူကြီးနှင့် သူ၏အမွေဥစ္စာကိုလည်းကောင်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။ 3သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်း မလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တစ်ဖက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။ 4ထိုကာလတွင် သင်တို့တစ်ဖက်၌ ပုံစကားကိုသုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်း ပျက်စီးကြပြီ။ ငါ့အမျိုးသားခံစားရသော အဖို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတစ်ပါးတို့အား ဝေဖန်တော်မူပြီ။ 5ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဖို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။ 6ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။ 7ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သောသူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ်လော။ 8ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ လျှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ်ကို လုယူတတ်ကြ၏။ 9ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲကနှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နုတ်ယူကြပြီ။ 10ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ်ဝပ်ရာအရပ် မဟုတ်။ ဤအရပ်သည် ညစ်ညူးသောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။ 11ကိုယ်အလိုသို့လိုက်၍ မုသားစကားကို သုံးသောသူက၊ ငါသည်ပရောဖက်ပြု၍ စပျစ်ရည်တရားနှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက် ဖြစ်ရလိမ့်မည်။
12အို ယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကို ငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်။ 13အနိုင်အထက် ဖွင့်သောသူသည် သူတို့ရှေ့မှာသွား၏။ သူတို့သည်လည်း အနိုင်အထက်ဖွင့်၍ တံခါးဝဖြင့် လျှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။

မိက္ခာအနာဂတ္တိကျမ်း - ၂ (အနက်ဖွင့်)

၂။ ဖိနှိပ်စက်တတ်သော လူချမ်းသာတို့၏ကံကြမ္မာ(:– ၁၁)

          : အပြစ်စီရင်ရသည့်အကြောင်းကို ဤကျမ်းပိုဒ်တွင် ရှင်းပြထားသည်။ လူချမ်းသာများသည် သူဆင်းရဲများ၏ အိမ်ယာ၊ ပစ္စည်းများကို အပိုင်သိမ်းယူဖို့အမြဲကြံ၍ ကြံစည်သည့် အတိုင်းလုပ်ဆောင်ကြသည်။ စစ်ပြုကျူးကျော်သူများကလည်း ထိုနည်းတူစွာ ကြံစည်ပြုကျင့်ကြသဖြင့် ထိုလူချမ်းသာများ ၏စည်းစိမ်ဥစ္စာများမှာ သူခိုးလက်မှ သူဝှက်လုခံကြသည့်နှယ် ဖြစ်မည်။ လူချမ်းသာများလက်ထဲတွင် ဘာမျှမကျန်ကြွင်းကြ။

          : လူအပေါင်းက ထိုကဲ့သို့သော နာပျော်ဖွယ်မကောင်းသည့်စကား မပြောရန်မိက္ခာအား တားမြစ်ကြသည်။ မိက္ခာက “ဘုရားသခင်၏ဝိညာဉ်တော်ကို တားမြစ်လိုကြသလော။ ဤအမှုသည်ဘုရားရှင်၏ တရားစီရင်မည့်အကြောင်းဖြစ်သည်။ ကိုယ်တော်၏ စကားတော်သည် လူကောင်းများကို ကောင်းချီးကိုသာ ပေးမည်မဟုတ်လော” ဟု ပြန်ပြောလိုက်သည်။

          :၁၁ ဘုရားလူများသည် အပြစ်ဒုစရိုက်ကျူးလွန်၍  အကျင့်တန်ကြသောကြောင့် ယေဟောဝါဘုရား၏ ရန်သူများနှင့်တူကြလေပြီ။ အဝတ်အစားပစ္စည်းများကို လုယူ၍ မိန်းမနှင့်ကလေး သူငယ်များကို နေအိမ်မှမောင်းထုတ်ကြသည်။ သူတို့နေရာဒေသကို ညစ်ညူးစေသောကြောင့် ဖျက်ဆီးခြင်းခံရကြမည်။ မုသာပရောဖက်များ တိုက်ကျွေးသော (အမျက်တော်) စပျစ်ရည်နှင့်သေရည်ကို အလွယ်တကူခံယူသောက်သုံးကြမည်။

၃။ ပြန်တည်ဆောက်မည့်အကြောင်းကတိ(:၁၂၁၃)

တရားစီရင်ခြင်းပြီ:ဆုံးသောအခါ ကျန်ကြွင်းသော ဣသရေလများကို ဘုရားရှင်တော် ပြန်လည်စုစည်းမည်။ အရပ်ရပ်ကွဲလွင့်နေသူများ ပြန်လည်ခေါ်ယူမည်။ ဘုရားရှင်နှင့်ပေါင်းဖက်ရန် အဟန့်အတားများကို ဘုရားရှင်ကိုယ်တိုင် ဖယ်ရှားမည်။ ကိုယ်တော်နှင့်ပြန်လည် မိတ်သဟာယပြုရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။