ရှင်လုကာခရစ်ဝင် - ၈

ယေရှုနှင့်လိုက်ပါသောအမျိုးသမီးများ
1ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။- 2တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သော မာရိ၊-မ၊ ၂၇:၅၅-၅၆။ မာ၊ ၁၅:၄၀-၄၁။ လု၊ ၂၃:၄၉။ 3ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယားယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော အခြားမိန်းမအများ ပါကြ၏။
မျိုးကြဲသူဥပမာ
(မ၊ ၁၃:၁-၉။ မာ၊ ၄:၁-၉)
4များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊- 5မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍ မိုးကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။- 6အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- 7အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။- 8အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာပွားများ၍ အသီးသီးကြ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။
ဥပမာများ၏ရည်ရွယ်ချက်
(မ၊ ၁၃:၁၀-၁၇။ မာ၊ ၄:၁၀-၁၂။)
9တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊- 10ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့် ရှိကြ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရသည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ဟေရှာ၊ ၆:၉-၁၀။
မျိုးကြဲသူဥပမာ၏အဓိပ္ပာယ်
(မ၊ ၁၃:၁၈-၂၃။ မာ၊ ၄:၁၃-၂၀)
11ထိုဥပမာ အနက်အဓိပ္ပာယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကား ဖြစ်၏။- 12လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှ နုတ်ယူသောသူကို ဆိုလိုသတည်း။- 13ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။- 14ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကို ဆိုလိုသတည်း။- 15ကောင်းသောမြေ၌ ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာ အသီးသီးသောသူကို ဆိုလိုသတည်း။
အိုးဖြင့်ဖုံးထားသောဆီမီး
(မာ၊ ၄:၂၁-၂၅)
16ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။-မ၊ ၅:၁၅။ လု၊ ၁၁:၃၃။ 17ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။-မ၊ ၁၀:၂၆။ လု၊ ၁၂:၂။ 18ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နုတ်လိမ့်မည်ဟု မိန့်တော်မူ၏။-မ၊ ၂၅:၂၉။ လု၊ ၁၉:၂၆။ မာ၊ ၅း၁၃။
မယ်တော်နှင့်ညီများ
(မ၊ ၁၂:၄၆-၅၀။ မာ၊ ၃:၃၁-၃၅)
19ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲ နေကြ၏။- 20လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊- 21ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။
မုန်တိုင်းကိုဆုံးမခြင်း
(မ၊ ၈:၂၃-၂၇။ မာ၊ ၄:၃၅-၄၁)
22တစ်နေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။- 23အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုးသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက်လု၏။- 24တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟု လျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။- 25ကိုယ်တော်ကလည်း၊ သင်တို့ ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ရေကိုပင် မှာထားတော်မူ၍၊ သူတို့သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
နတ်ဆိုးကိုနှင်ထုတ်ခြင်း
(မ၊ ၈:၂၈-၃၄။ မာ၊ ၅:၁-၂၀)
26ဂါလိလဲပြည်နှင့် အိုင်တစ်ဖက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊- 27ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတစ်ယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြုလေ၏။- 28ကိုယ်တော်ကိုမြင်လျှင် ပျပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- 29လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- 30ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊- 31အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။
32ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။ ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ၏။- 33နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်း ပြေးဆင်း၍ အသက်ဆုံးကြ၏။- 34ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး၍ မြို့ရွာတို့၌ သတင်းကြားပြောကြသော်၊- 35လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- 36နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- 37ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ၍၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြလျှင်၊ ကိုယ်တော်သည် လှေထဲသို့ ဝင်၍ပြန်တော်မူ၏။
38နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊- 39ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တစ်မြို့လုံးတွင် အနှံ့အပြား သတင်းကြားပြောလေ၏။
ယာဣရုသမီးနှင့်အဝတ်တော်ကိုတို့သောမိန်းမ
(မ၊ ၉:၁၈-၂၆။ မာ၊ ၅:၂၁-၄၃)
40ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမျှော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။- 41ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- 42တစ်ဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ၌ တစ်ယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့်၊ မိမိအိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။- 43ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- 44နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ပန်းပွားကို တို့သဖြင့်၊ ထိုခဏချင်းတွင် သွေးသွန်အနာပျောက်လေ၏။- 45ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလတ်သော်၊ ပေတရုမှစ၍ သူ၏အပေါင်းအဖော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည် ဖြစ်၍၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ၏။- 46ယေရှုကလည်း၊ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှ တန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။- 47ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့် တို့သည်ကိုလည်းကောင်း၊ ချက်ချင်း ချမ်းသာရသည်ကိုလည်းကောင်း၊ လူအပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက် ကြားလျှောက်လေ၏။- 48ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။
49ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ယှက်ပါနှင့်ဟု ဆို၏။- 50ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့် လွတ်လိမ့်မည်ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။- 51အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းမငယ်၏မိဘမှတစ်ပါး အဘယ်သူကိုမျှ အထဲသို့မဝင်စေခြင်းငှာ ဆီးတားတော်မူ၏။- 52လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊- 53သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။- 54ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊- 55စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ချင်းထလေ၏။- 56သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူအားမျှ မပြောရမည်အကြောင်း ပညတ်တော်မူ၏။

ရှင်လုကာခရစ်ဝင် - ၈ (အနက်ဖွင့်)

(ဇ) ကိုယ်တော်နှင့် လိုက်ပါကြသောအမျိုးသမီးများ (၈:၁-၃)

၈:၁-၃ ဤကျမ်းချက်သည် ဧဝံဂေလိအမှုတော်ဆောင်ရာတွင် သင်ခန်းစာကောင်းဖြစ်သည်။ အချို့က အမှုမဲ့အမှတ်မဲ့သဘောထားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဤကျမ်းချက်ကို ရွေးကောက်ဖော်ပြခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် တပည့်တော်များနှင့် အတူ ဂါလိလပြည်မြို့ ရွာအနှံ့တိုင်းခန်းလှည့်လည် တရားဟောကြားရာတွင် နှုတ်ဖြင့် လိုက်လံဟောကြားရုံမျှဖြင့် လုပ်ငန်းမလုံ လောက်။ အုပ်ချုပ်မှုကိစ္စရပ်ဆိုင်ရာ အစားအသောက်နှင့် နေရာ ထိုင်ခင်းလည်း မရှိမဖြစ် လိုအပ်သည်။ ဤနေရာတွင်လည်း အမျိုးသမီးများက ပါရမီဖြည့်ပေးကြကြောင်းတွေ့ရသည်။ ထိုအထဲတွင် နတ်ဆိုး ခုနှစ်ယောက်ထွက်သွားသော မာဂဒလအရပ် သူမာရိလည်းပါသည်။ ဟေရုဒ်တပည့်၏ မိန်းမ ယောဟန္န နှင့် ရှုရှန္နအပါအဝင် အခြားမိန်းမများလည်း ရှိကြသည်။ အခြားအမျိုးသမီးများ၏ အမည်နာမများကို မှတ်တမ်းမှတ်ရာ မတွေ့ရပါ။ သခင်ယေရှုနှင့် အခြားခရစ်ယာန်ယုံကြည်သူများ အပေါ်စိတ်သဘောထား ဧည့်ဝတ်ကျေပွန်မှုနှင့် ရင်းနှီးဖော်ရွင်မှုကိုသာ အနည်းငယ်တွေ့ရသည်။

သခင်ယေရှုဟောကြားသော သတင်းစကားမှာ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းဖြစ် သည်။ ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ လူ့မျက်စိဖြင့် မမြင်နိုင်သော နယ်ပယ်အဝှမ်း ဖြစ်သည်။ ဘုရား သခင်ကိုသိကျွမ်းခြင်းနယ်ပယ်ဖြစ်သည် ရှင်မဿဲက “ကောင်းကင်နိုင်ငံ”ဟုခေါ်ဝေါ်သုံးနှုန်းသည်။ “အမြင့်ဆုံးသောဘုရားသခင်အုပ်စိုးသည့်လောကီနိုင်ငံ” (ဒံ ၄:၁၇)ဟု၎င်း” သုံးနှုန်းထားသည်။ ဘုရားသခင်၏ နိုုင်ငံတော်ကို ဓမ္မသစ်ကျမ်းတွင် အမျိုးမျိုးပုံဖော်ထားသည်။


၂။ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အထဲ၌ရှိသည် (လု ၁၇:၂၁) ဟုဆိုသည်။ ထိုစကားသည် သခင်ယေရှု မိန့်တော်မူချက်ဖြစ်၍ ကိုယ်တော်တိုင် ဣသရေလ ဘုရင်အဖြစ် ကမ်းလှမ်းခြင်း (လု ၂၃:၃)ဖြစ်သည်။

၃။ ဣသရေလလူမျိုးက ဘုရားသခင်၏ နိုင်ငံတော်လက်မခံငြင်းပယ်ကြကြောင်း (၁၉:၁၄၊ ယော ၁၉:၁၅) တွေ့ရသည်။

၄။ ယနေ့ခေတ်ကလတွင်မူ ဘုရားသခင်၏ နိုင်ငံတော်သည် လျှို့ဝှက်နက်နဲရာ (မ ၁၃:၁၁) အဖြစ်ဆိုထားသည်။ ခရစ်တော်ဘုရားလောလောဆယ် လူ့လောကမှာ မရှိပါ။ သို့သော လည်းခရစ်တော်၏ အုပ်စိုးမှုသည် လူ့လောကတွင်းစိုးမိုးနေသည်။ အမှန်တကယ် အသက်တာပြောင်းလဲသူများက ဘုရားသခင်၏ အုပ်စိုးမှုဟုလက်ခံကြသည်။ ထိုအကြောင်း ကို မျိုးကြဲသူနှင့် မျိုးစေ့ ပုံဥပမာ (လု ၈:၄-၁၅)၊ ဂျုံနှင့် ကျီ (မ ၁၃:၂၄-၃၀)၊ ငါးနှင့် ပိုက်ကွန် (မ ၁၃:၄၇-၅၀) တို့ဖြင့် ပုံဥပမာရှင်းပြထားသည်။ သို့သော် ထို့ထက်လေးနက်စွာတွေးဆ လျှင် အသက်တာပြောင်းလဲပြီးသူများ (မ ၁၈:၃)၊ အသစ်တဖန်မွေးဖွားသူများ (ယော ၃:၃) နှင့်သာဆိုင်သည်။ စိတ်မနော ခံယူချက်နှင့်သာ အကြုံးဝင်သည် (မ ၃:၁-၂ တို့နှင့် ယှဉ်ဖတ် ပါ)။

၅။ ဘုရားသခင်၏ နိုင်ငံတော်ကို ဤကမ္ဘာမြေတနေ့တွေ့မြင်ကြရမည်။ ယေရှုကိုယ်တော် တိုင်ပြည့်ရှင်မင်းတရားကြီး၊ ဘုရားတကာ တို့၏ ဘုရား၊ သခင်တကာတို့၏ သခင် အဖြစ်အနှစ်တထောင်အုပ်စိုးမည် (ဗျာ ၁၁:၁၅၊ ၁၉:၁၆၊ ၂၀:၄)။

၆။ နောက်ဆုံးအချက်မှာ ဘုရားသခင်၏ နိုင်ငံတော်သည်ပျောက်ကွယ်ပျက်သုဉ်းခြင်းမရှိ၊ နိစ္စထာဝရတည်တံ့ခိုင်မြဲမည်။ သခင်ယေရှုအုပ်စိုးသော (၂ပေ ၁:၁၁) ထာဝရနိုင်ငံတော် ဖြစ်မည်။

(ဈ) မျိုးစေံကြဲခြင်းပုံဥပမာ (၈:၄-၁၅)

၈:၄-၈ မျိုးစေ့ကြဲခြင်းပုံဥပမာဖြင့် နိုင်ငံတော်ပုံစံကို ပုံဖော်ခြင်းဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် စစ်မှန်သော နိုင်င့တော်ရှိသကဲ့သို့ အတင်းအဖျင်းယုံမှားသူများလည်း ရှိသည်။ အဓိက အားဖြင့် ကြားနာခံယူရမည့်နှုတ်ကပတ်တော်ကို ခွဲခြားသိမြင်ဖို့ သတိပေးခြင်းဖြစ်သည်။ သမ္မာတရား သွန်သင်ကြားနာခြင်းမရှိသော အရပ်တွင် အလင်းမရှိနိုင်ပါ။ ပို၍ ကြားနာလျှင် ပို၍ သိရှိသည်။ သတင်းကောင်းစကားကြားနာခြင်းမရှိ၊ မိမိထင်ရာမြင်ရာလုပ်ဆောင်ခြင်းသည် လူပျောက်လမ်းစဉ်ဖြစ် သည်။ ကြားနာခြင်းရှိ၍ နာခံခြင်းရှိသော အသက်တာသည် ရင့်ကျက်သော လမ်းစဉ်ဖြစ်သည် ဘုရားသခင် ထံတော်မှ အလင်းပိုရရှိသည်။ ကြားနာခံယူသူများသည် များစွာသော အသီးအပွင့် ဖြစ်ထွန်းကြသည်ဟု ရှင်းပြထားပါသည်။

မျိုးကြဲသူသည် မျိုးစေ့လက်ခံသောမြေအမျိုးအစားပေါ်လိုက်၍ (၄)မျိုးအကျိုးဖြစ်ထွန်း သည်။

မြေလွှာ                                                 အကျိုးအမြတ်

၁။ လမ်းမမြေ                  လူများကနင်းခြေ၊ ငှက်များကကောက်ချီသွားသည်။

၂။ ကျောက်ဖြုန်းမြေ       အမြစ်နက်နက် မစွဲသော ကြောင့်လေတိုက်ရာတွင်လွင့်ပါပျက်စီးကုန်သည်။

၃။ ဆူးတောမြေ              ဆူးပင်၊ ပေါင်းပင်များ၏ ဖိစီးလွှမ်းမိုးမှုခံရသည်။

၄။ ကောင်းသောမြေ        ကြဲသော အစေံ၏ အဆတရာသီးပွင့် ဖြစ်ထွန်းသည်။

သခင်ဘုရားက ဤပုံဥပမာစကားကို နားရှိသူတိုင်းကြားသိစေကြလော့ဟု မိန့်မှာထားသည်။ တနည်းအားဖြင့် နှုတ်ကပတ်တော်ကြားနာသောအခါ မည်ကဲ့သို့ လက်ခံသည်ကို မိမိကိုယ်ကို ဆန်းစစ်ပါ။ ကောင်းသော မြေပေါ်သို့ကျသော မျိုးစေ့သည် အသီးအပွင့် ဖြစ်ထွန်းသည်။

၈:၉-၁ဝ တပည့်တော်များက ဤပုံဥပမာအား ထပ်မံရှင်းပြရန် တောင်းဆိုကြသောအခါ ဘုရားသခင် နိုင်ငံတော်၏ နက်နဲသောအရာဖြစ်သည်ဟု ရှင်းပြသည်။ တပည့်တော်များသည် နှုတ်ကပတ် တော်အားမှန်ယုံကြည်၍ တကယ်သိရှိချင်ကြသူများဖြစ်သည်။ ခရစ်တော်၏ သွန်သင်ချက်များကို နှံ့စပ် အောင်သိချင်ကြသည်။ ခရစ်တော်၏ ပုံဥပမာပေးရှင်းပြချက်နှင့် နှုတ်ကပတ်တော်သည် ခရစ်တော်ဘုရား ကို အမှန်တကယ်မချစ်ခင်သူများအတွက် နားလည်နိုင်စွမ်းမရှိပါ။ မြင်သော်လည်း သဘောမပေါက်၊ ကြားသော်လည်း ဘဝင်မကျသည့်အကြောင်းဖြစ်သည်။ မျိုးစေ့နှင့် မျိုးကြဲသူအကြောင်းပြောမှန်းကြားကြ သည်။ ကြားသမျှ သာနားလည်သည်။ ထိုထက်လေးနက်သော အဓိပ္ပါယ်ကို ထိုးဖောက်မြင်နိုင်စွမ်း၊ တွေးဆနိုင်စွမ်းမရှိကြ။ စိတ်နှလုံးမာကြောခြင်း၊ နူးညံ့မှုမရှိခြင်း၊ ဆူးကြားမှ ဗူးခါး ဖြစ်ခြင်းများကြောင့် သခင့် စကား၏ အနက်အဓိပ္ပါယ်ကို သဘောမပေါက်ကြ၊ နားလည်နိုင်စွမ်းမရှိကြပါ။

၈:၁၁-၁၅ ထို့ကြော့် တပည့်တော်များအား ပုံဥပမာကို ထပ်မံ၍ သီးသန့်ရှင်းပြသည်။ မျိုးစေ့ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရား၊ ကိုယ်တော်၏ သွန်သင်ချက်စကားဖြစ်သည်။

လမ်းမမြေသည် မာကြောလွန်းသည်။ အပေါ်ယံမှာရှိသောကြောင့် လူများက နင်းခြေကြ သည်။ ကျေးငှက်တည်းဟူသော စာတန်က ကောက်ချီသွားသည်။

ကျောက်ဖြုန်းမြေဆိုသည်မှာ အပေါ်ယံနာထောင်သူများကို ဆိုလိုသည်။ နှုတ်ကပတ်တော် ကို နှလုံးသွင်းဆင်ခြင်ခြင်းမရှိ။ ဘဝအသက်ရှင်ဖို့ အသုံးချခြင်းမရှိကြ။ နောင်တတရားလည်းမသိ။ လိုအပ် သော စိုထိုင်းမှုမရှိသဖြင့် အမြစ်မတွယ်။ သေကြေပျက်စီးကုန်သည်။ အစပထမတွင် ယုံကြည်ဟန်ရှိကြ သော်လည်းအမြစ်မစွဲ။ ဆင်းရဲဒုက္ခကြုံတွေ့သောအခါ ခရစ်ယာန်ယုံကြည်ခြင်းကို စွန့်လွှတ်ပစ်ပယ်ဖို့ ဝန် မလေးကြ။ အပေါ်ယံယုံကြည်သူများဖြစ်သည်။

ဆူတောမြေ ဆိုသည်မှာ ကြိုကြားကြိုကြားမြိန်ရှက်စွာ နားဆင်တတ်သူများဖြစ်သည်။ သို့သော်အသက်တာအတွက် တစိုက်မက်မက်ခံယူကျင့်သုံးခြင်း မရှိ၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ လောက ဇာတိဘဝက အနိုင်ယူ စိုးမိုးထိန်းချုပ်သော ကြောင့် နှုတ်ကပတ်တော်ရှင်သန်ခြင်းမရှိနိုင်။

ကောင်းသောမြေဆိုသည်မှာ စိတ်နှလုံးအရင်းခံဖြင့် နာခံတတ်သော ယုံကြည်သူအစစ်အမှန် များကို ဆိုလိုသည်။ နှုတ်ကပတ်တော်ကို ခံယူခြင်းသာမက ဘဝအသက်တာတွင်လည်း မြေဩဇာ အဖြစ် ကျင့်သုံးသည်။ နာခံတတ်သော၊ သင်ယူတတ်သော အကျင့် လက္ခဏာများရှိကြ၍ ဘုရားသခင် အတွက် ကောင်းသောအသီးအပွင့် ကြသည်။ ဤပုံဥပမာကို Darby က ဤသို့ အကျဉ်းချုံးဖော်ပြထားသည်။

ကြားနာစဉ်တွင် နားဝင်မချိုလှသော်လည်း ဘဝအသက်တာအတွက် တကယ်အကျိုးဖြစ် ထွန်းသည်။ ဝိညာဉ်အတွက် ခွန်အားဖြစ်စေသည်။ ပို၍ နာခံခြင်းရှိလေ၊ ဝိညာဉ်လည်း ပိုမိုရင့်ကျက်လေဖြစ် သည်။ သာ၍ ပိုမိုရယူဆရာဖြစ်သည်။၂၂

(ည) ကြားနာသူ (၂)ဦး၏ တုန့်ပြန်ပုံ (၈:၁၆-၁၈)

၈:၁၆ အပေါ်ယံကြည့်လျှင် ဤကျမ်းချက်သည် အထက်တွင် ဖော်ပြသော မျိုးစေ့ကြဲခြင်း ပုံဥပမာနှင့် ဆက်စပ်မှုမရှိဟုထင်မှတ်နိုင်သည်။ စင်စစ်တွင်မူ ယခင်ကျမ်းပိုဒ်နှင့် ရေးစီးကြောင်းဖြစ်သည်။ နှုတ်ကပတ်တော် သွန်သင်ချက်များအား တုန့်ပြန်ကြရမည့် အကြောင်း၊ တပည့်တော်များအား တုန့်ပြန် ကြရမည့် အကြောင်း၊ တပည့်တော်များကို မီးမောင်းထိုးပြထားသည်။ သခင်ဘုရားက သူ့ကိုယ်ကို ဆီမီး ခွက်အဖြစ် တင်စားထားသည်။ ဆီမီးခွက်သည် အိုးအောက်တွင်၎င်း၊ ကုတင်အောက်တွင်၎င်း၊ ထားရိုးထုံး စံမရှိ။ အများမြင်သာ ထင်သာအောင် ဆီမီးခုံပေါ်တွင် တင်ထားရသည်။ ဘုရားသခင်နိုင်ငံတော်သည် ထိုဆီမီးခွက်အလင်းဖြစ်သည်။ ကိုယ်တော်သည် ဆီမီးခွက်ဖြစ်သည်ဟု တပည့်တော်များကို ရှင်းပြသည်။ ထိုသို့ဆိုလျှင် မည်သို့လုပ်ရမည်နည်း။

ပထမဦးစွာ ဆီမီးခွက်အား အကွယ်အကာမရှိစေရန် အဖုံးအကွပ်များဖယ်ရှားရမည်။ (မ ၅:၁၅၊ မာ ၄:၂၁နှင့် လု ၁၁:၃၃)တွင် အဖုံးအကွယ်ကို တောင်းအဖြစ် ပုံဖော်ထားည်။ တောင်းဆိုသည်မှာ အရောင်းအဝယ်ပြုလုပ်ရာတွင် ခြင်တွယ်ရသောအတိုင်းအတာ ကရိယာဖြစ်သည်။ တောင်းဖြင့် ဖုံးအုပ်ထား သော ဆီမီးသည် ပတ်ဝန်ကျင်သို့ အလင်းမပေးနိုင်။ ထို့ကြောင့် အလင်းမြင်ရအောင် တောင်ထိပ်တွင် တင်ထားရသည်။ ထိုကဲ့သို့ပင် ခရစ်ယာန်အလင်းသည် လူစည်ကားရာ ဈေလယ်ပွဲများကို အလင်းပေးရ သည်။ တရားဟောပလ္လင်ဖြစ်စေသင့်သည်။

ဒုတိယအချက်အနေဖြင့် ဆီမီခွက်ကို ကုတင်အောင်တွင်မထားပါ။ ကုတင်ဆိုသည်မှာ အနားယူခြင်း၊ လဲလျောင်းခြင်း၊ အကြောင်းဆန့်ခြင်း၊ အပျင်းထူသည့်နေရာဖြစ်သည်။ ထိုအရာများက ဘုရားသခင်၏ အလင်းကို ဖုံးကွယ်မှေးမှိန်စေပါသည်။ ထို့ကြောင့် တပည့်တော်များအား ဆီမီးခွက်ကို ဆီမီးခွက်ပုံပေါ်တွင် တင်ခိုင်းခြင်းဖြစ်သည်။ တနည်းအားဖြင့် လူတိုင်းနှုတ်ကပတ်ကြားသိစေရန် လိုက်လံ ဟောပြောရသည်။

၈:၁ရ အပျင်းထူခြင်းနှင့် ဘုရားသခင်အတွက် အချိန်မပေးနိုင်ခြင်းသည် ဝိညာဉ်ရေးရာကျ ဆင်းခြင်းအကြောင်းဖြစ်သည်။ ဆီမီးခွက်အလင်းရောင်ကို ဖုံးကွယ်မထား၊ လူအများမြင်သာအောင် လင်းစေရမည်။

၈:၁၈ နှုတ်ကပတ်တော်ကြားနာသည့် အခါသတိပြုဆင်ခြင်ရမည်။ မိမိသိရှိသော နှုတ်ကပတ်တော်အား အခြားသူများထံ လက်ဆင့်ကမ်းဝေငှလျှင် ဘုရားသခင်က အသစ်တဖန်ဖွင့်ပြပေး သည်။ တနည်းအားဖြင့် ဧဝံဂေလိတရားဟောပြောခြင်း စိတ်အား ထက်သန်မှုမရှိလျှင့် သံချေးတက်ပျက်စီး သွားမည်။ သုံးပါများသောဓါးသည် ထက်မြက်သည်။ ထိုအကြောင်းကို G.H. Lang က ဤသို့ ထောက်ခံ သည်။

တပည့်တော်များည် တတ်သိချင်သော စိတ်ဆန္နပြင်းပြစွာဖြင့် နားထောင်ကြသည်။ စိတ်ပြင်း ပြစွာနားထောင်ခြင်း၏ ဆန့်ကျင်ဖက်မှာ နမော်နမဲ့နိုင်ခြင်း၊ အလေးအမှတ်မထားခြင်း၊ အရေးတယူမလုပ် ခြင်းဖြစ်သည်။ ပိုမိုခံယူသိရှိသူ သည် ပိုမိုပြည့်စုံသည်။ အလေးအနက် အမှတ်မထားသူသည် ကြာလာသော အခါ ပျက်စီးပျောက်ဆုံးသွားသည်။၂၃

မင်္ဂလာသတင်းကို လက်ဆင့် ကမ်းဝေငှခြင်းသည် ကောင်းသော အရာဖြစ်၍ ငွေငှရမည်။

သိရှိသော်လည်း ဝေငှပေးကမ်းခြင်းမရှိလျှင် ပညတ်တရား၏ ချစ်ခြင်းမေတ္တာသာဖြစ်သည်။

R.C. Trench.

(ဋ) သခင်ယေရှု၏ မိခင်နှင့် ညီအစ်ကို အစစ်အမှန်များ (၈:၁၉-၂၁)

၈:၁၉-၂၁ သခင်ယေရှုအား မိခင်နှင့် ညီလေးများက လာရောက်ရှာဖွေနေကြောင်း၊ ပြောပြ ကြပြကြသည်။ သခင်ယေရှုအနားတွင် ထိုးမပေါက်အောင်လူအုပ်ဝိုင်းရံနေကြသဖြင့် တဆင့် ပြန်စကား သည် လူ့ဝသီဗီဇ အတိုင်း ပြန်ပြောခြင်းမဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက် စကား အတိုင်းပြန်ကြား ခြင်းဖြစ်သည်။ နှုတ်ကပတ်တော်၌ အသက်ရှင်၍ ယဉ်ကျေးသိမ်မွေ့သူ၊ နာခံခြင်းရှိသူတိုင်းသည် ကိုယ် တော်ဘုရား၏ အိမ်ထောင်မိသားစုဝင်များ ဖြစ်ကြသည်။ ကိုယ်တော်နှင့် တရားတော်နာခံသူများအကြား ဝိညာဉ်ရေးရာမိသားစုတော်စပ်ခြင်းကို လူထုလူအုပ်က မဖြတ်တောက်နိုင်ပါ။

(ဋ္ဌ) လူသားတော်က လေမုန်တိုင်းကို ငြိမ်သက်စေခြင်း (၈:၂၂-၂၈)

၈:၂၂ ကိုယ်တော်ကို လူများကလက်မခံ၊ ငြင်းပယ်ကြသော်လည်း နှုတ်ကပတ်တော်နာခံ သူများအပေါ်တွင် ကိုယ်တော်ဘုရားက အနာရောဂါကင်းငြိမ်းစေခြင်း၊ နတ်ဆိုးနှင်ထုတ်ခြင်း၊ သေလွန် သူများအပေါ်တန်ခိုးပြခြင်းတို့ဖြင့်သခင်ဘုရားအမှန်ဖြစ်ကြောင်း ဤအခန်းတွင် တွေ့ရသည်။

ဂါလိလဲပင်လယ်ဖြတ်ကူးခိုက် လေပြင်းမုန်တိုင်းရုတ်တရက်ကျရောက်သည်။ အရပ်မျက်နှာ မသိ၊ ထိန်းမနိုင်သိမ်းမရ၊ ဦးတည်ရာမဲ့လွှင့်မျောကြသည်။ ထိုမုန်တိုင်းသည် စင်စစ်စာတန်မာရ်နတ်ဖြစ် သည်။ သခင်ဘုရား၏ အမှုတော်ကမ္ဘာကို ဖျက်ဆီးပစ်ရန် ဟိန်းဟောက်ခြင်းဖြစ်သည်။

၈:၂၃ လေမုန်တိုင်းကျရောက်စဉ် ယေရှုသည် လှေပေါ်မှာ အိပ်ပျော်နေသည်။ လူ့ဇာတိအ သွေးအသားရှိသောကြောင့် ထိုသို့ အိပ်ပျော်ခြင်းဖြစ်သည်။ သခင်ယေရှုက လေမုန်တိုင်းအား ရပ်ခိုင်းသော အခါ ချက်ချင်းရပ်စွဲသွားသည်။ ထိုသို့ လေမုန်တိုင်းရပ်စဲခြင်းသည် ခရစ်တော်၏ ဘုရားဇာတိပြည့်စုံမှုကို သက်သေထူခြင်းဖြစ်သည်။

၈:၂၄ လေမုန်တိုင်းထန်သောအခါ တပည့်တော်များ အသက်အန္တရာယ်စိုးရိမ်ကြသည်။ ကိုယ်တော်ဘုရားက လှိုင်းနှင့် လေအား ငြိမ်သက်စေသောအခါ တွေ့သောအခါ သခင်ဘုရားသည် ဂါလိလဲပင်လယ်ကို ငြိမ်သက်စေသကဲ့သို့ ယနေ့ကာလတွင်လည်း အမှုတော်ဆောင်များ ဒုက္ခပြဿနာ ကြုံ တွေ့သောအခါ သခင်ယေရှုအနားမှာ ရှိနေသည်ကို သတိပြုရမည်။

၈:၂၅ တပည့်တော်များကို “သင်တို့ ယုံကြည်ခြင်း အဘယ်မှာနည်း” ဟုဆိုသည်။ ယခုမူ သခင်ဘုရားရှိသောကြောင့် စိုးရိမ်ခြင်းမရှိကြ။ သခင်ဘုရားအား လှုပ်နိုးရန် လည်းမလိုတော့ပါ။ လှိုင်းလုံး များကလည်း လှေမမြုပ်စေနိုင်တော့ပါ။ လှေပေါ်တွင် သခင်ခရစ်တော်ရှိနေလျှင် ဘဝအလုံးစုံပြည့်စုံသည်။ လုံခြုံစိတ်ချရသည်။

တပည့်တော်များသည် သခင်ယေရှု၏ ဘုန်းတန်ခိုးကို ထိုမျှကြီးမားမည်ဟု မယုံမှတ်ခဲ့ကြ။ ကိုယ်တော်ဘုရား သိရှိပုံသည် ပြည့်စုံခြင်းမရှိခဲ့။ သဘာဝတရားက သခင်ဘုရား၏ စကားတော်ကို နာခံ ကြောင်းတွေ့မြင်ကြသောအခါ တအံ့တဩ ဖြစ်ကြသည်။ လေမုန်တိုုင်းထန်စဉ်ကမူ သူလိုကိုယ်လိုဟု ထင်မှတ်ခဲ့ကြသည်။ မှန်ပါသည်။ ဘဝမုန်တိုင်းထန်သောအခါ လူ့စိတ်သည် ဖောက်လွဲဖောက်ပြန်ဖြစ် တတ်ပါသည်။ သခင်ဘုရားက ကူညီမစသောအခါတွင် မူကားတန်ခိုးတော်ကို အံ့ဩကြသည်။ ထို့ထက် ထိုအရှင်သခင်ကို မယုံကြည်ကြခြင်းက ပို၍ အံ့ကြစရာကောင်းသည်။

(ဍ) နတ်မိစ္ဆာပူးသူအား ကျန်းမာစေခြင်း (၈:၂၆-၃၉)

၈:၂၆-၂ရ သခင်ယေရှုနှင့် တပည့်တော်များသည် ဂါလိလဲအိုင်းတဖက်ကမ်းရှိ ဂါဒရနယ်သိ သို့၂၄ ရွက်လွှင့်သွားကြသည်။ ထိုနေရာတွင် ကာလရှည်ကြာနတ်ဆိုးစွဲသူနှင့် တွေ့ကြသည်။ ရှင်မဿဲက (၂)ဦးဟုဆို၍ မာကုနှင့် လုကာကတစ်ဦးဟု ရေးကြသည်။ အကြောင်းအရာကွဲပြားသော်လည်း (၁)ဦးသည် ပို၍ မှန်ကန်သည်ဟုယူဆရသည်။ ထိုနတ်ဆိုးစွဲသူသည် ကိုယ်တွေ အဝတ်မကပ်၊ လူတောသူကြားတွင် မနေ၊ သင်္ချိုင်းအုတ်ဂူဟောင်းထဲတွင် ခိုအောင်းလေ့ရှိသည်။

၈:၂၈-၂၉ ထိုနတ်ဆိုးစွဲသူသည် သခင်ယေရှုကိုတွေ့လျှင် တွေ့ခြင်း သူအား ဖြေလွှတ်ခွင့် တောင်းသည်။ ညစ်ညမ်းသော ဝိညာဉ်ဆိုးပူးကပ်ခြင်းဖြစ်သည်။ သနားစဖွယ်တောင်းပန်ရှာသည်။

နတ်ဆိုးစွဲသည်မှာ သေချာသည်။ ထိုနတ်ဆိုးများသည် နှယ်နှယ်ရရနတ်များမဟုတ်။ လူစိတ်ဝိညာဉ်ထဲတွင် ကိန်းအောင်းစိုးစံ၍ အပြောအဆို၊ အတွေးအခေါ်၊ အမူအကျင့်အားလုံးကို ထိန်း ကျောင်းမောင်းနှင်သည်။ လူကို အငြိမ်မနေစေဘဲ၊ ရုန်းကန်သောင်းကျန်းစေသည်။ ထိုသို့ရုန်းကန်ခြင်းမပြု အောင်သံကြိုးများဖြင့် ချည်နှောင်ထားကြသော်လည်း ထွက်ပြေးလေ့ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ အဆန်း မဟုတ်။ ဝက်အကောင် နှစ်ထောင်ကိုလည်း စာတန်အုပ်စိုးမောင်းနှင်၍ သေကြေပျက်စီးခဲ့ကြဘူးသည် (မာ ၅:၁၃ကိုကြည့်)။

၈:၃၀-၃၁ လေဂေါင်နတ်ပူးကပ်သူဖြစ်သောကြောင့် ထိုလူ့နာမည်ကို လည်းလေဂေါင်ဟု အလွယ်တကူခေါ်မှတ်ကြသည်။ ထိုနတ်က သခင်ေယရှုကို အမြင့်ဆိုးသော ဘုရားသခင်၏ သားတော် ဖြစ်ကြောင်းသိသည်။ နတ်ဆိုးများ၏ နယ်ပယ်၊ နေရာများကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်းလည်း သိရှိသည်။ ထို့ကြောင့်တွင်းနက်ကြီးထဲသို့လားရန် အမိန့်တော်မချမှတ်ဖို့ တောင်းပန်သည်။

၈:၃၂-၃၃ ထိုနတ်ဆိုးစွဲသောသူနေရာနှင့် မလှမ်းမကမ်း တောင်ကုန်းပေါ်တွင် ဝက်အုပ်ရှိ သည်။ ထိုဝက်များထဲသို့ ဝင်ခွင့်တောင်းကြရာခွင့်ပြုတော်မူသဖြင့် နတ်ဆိုးများသည် ဝက်ထဲသို့ အသီးသီး ဝင်ကြပြီး ကမ်းနားမှတဆင့် ရေထဲသို့ ခုန်ချသေကြသည်။ ယနေ့ခေတ်ကာလတွင် တစုံတဦး၏ ဥစ္စာချမ်း သာကို ပျက်စီးစေရန် သခင်ယေရှုမစီရင်ပါ။ ထိုဝက်ပိုင်ရှင်သည် ယုဒလူမျိုးများဖြစ်သည်။ မသမာသော နည်းလမ်းဖြင့် စီးပွားရှာစေကြသူများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝက်နှစ်ထောင်ထက် လူတဦး၏ တန်ဖိုး ကို အလေးထားရပေမည်။

၈:၃၄-၃၉ အဖြစ်အပျက်သတင်းသည် တမဟုတ်ခြင်း ပျံ့နှံ့သွားပါသည်။ လူအုပ်ကြီးစုဝေး ကြသောအခါ နတ်ဆိုးဝိညာဉ်ဆိုးစွဲကပ်သူသည် လူကောင်းပကတိဖြစ်သွားကြောင်းတွေ့မြင်ကြသည်။ ဂါဒရပြည်သူများသည် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ထို့ကြောင့် သခင်ယေရှုအား ထိုအရပ်မှ ထွက်ခွာတော်မူရန် တောင်းပန်ကြသည်။ သူတို့ဝက်များထက် သခင်ယေရှုထံသို့ အာရုံရောက်သွားကြ သည်။ ထိုအကြောင်းကို Darby က ဤသို့ဆိုသည်။

လောကသားများသည် သခင်ယေရှုအား ထွက်ခွာရန်တောင်းဆိုကြသည်။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ထက်မိမိတို့ဖာသာအလွယ်တကူ ဖြေရှင်းချင်ကြသည်။ ကိုယ်တော်ဘုရားကြွသွား သည်။ လူများကိုလည်း အနာရောဂါကင်းရှင်းစေခဲ့သည်။ သို့သော် သခင်ဘုရားသည် ကျေးဇူးတော်နှင့် ဘုန်တန်ခိုးအား သက်သေခံနိုင်ရန် ထိုနတ်ဆိုးစွဲသူအား စေလွှတ်သည်။၂၅

သခင်ယေရှု ဒေဂါပေါလိသို့ နောက်တဖန်ပြန်လည်ရောက်လာသောအခါလူအုပ်ကြီးသည် ကိုယ်တော်ဘုရားအား လာရောက်တွေ့ဆုံကြသည် (မာ ၃၁-၃၇)။ ထိုသို့ လာရောက်တွေ့ဆုံကြခြင်းသည် နတ်ဆိုစွဲသူ၏ သက်သေခံချက်နှင့်မဆိုင်ဟု မည်သူပြောနိုင်မည်နည်း။

(ဎ) မပျောက်နိုင်သော အနာရောဂါပျောက်ကင်းစေခြင်းနှင့် သေလွန်သူထမြောက်စေခြင်း (၈:၄၀-၅၆)

၈:၄၀-၄၂ သခင်ယေရှုသည် ဂါလိလဲအိုင်အနောက်ဖက်ကမ်းသို့ တဖန်ကူချေပြီ။ ထိုနေရာ မှာလည်း လူအုပ်ကြီးက စောင့်နေကြပြန်သည်။ ထိုလူအုပ်စု စောင့်မျှော်နေသူများထဲတွင် ယာဣရုဆို သော တရားစရပ်မှူးသည် စိတ်အလှုပ်ရှားဆုံးဖြစ်သည်။ (၁၂)နှစ် အရွယ် သမီးငယ်သေလုမျှောပါးဖျားနာ နေေသာကြောင့် သခင်ယေရှုအလာကို ဖင်တကြွကြွမျှော်နေရသည်။ သခင်ယေရှုကို တွေ့လျှင်တွေ့ခြင်း အိမ်သို့ကြွရောက်ဖို့ပင့်ခေါ်သည်။ လူအုပ်ကြီးသည် ရှုပ်ရှက်ခတ်နေကြသဖြင့် ကိုယ်တော်ဘုရားအား အနှောင့်အယှက်ဖြစ်စေသည်။

၈:၄၃ ထိုသို့ကြွလှမ်းစဉ် (၁၂)နှစ်တိုင်တိုင် သွေးသွန်နေသော အမျိုးသမီးက လမ်ခုလတ် တွင် ကိုယ်တော်၏ ဝတ်ရုံကိုဆွဲကိုင်သည်။ ထိုအမျိုးသမီးသည် ရှိသမျှ စည်းစိမ်ကို ရောင်းထုတ်၍ သမား တော်ကြီးအမျိုးမျိုးနှင့် ရောဂါကုသော်လည်း သက်သာပျောက်ကင်းခြင်းမရှိ။ (ရှင်မာကုကမူ ထိုအမျိုးသမီး သည် သက်သာခြင်းမရှိ တနေ့တခြား ပိုမိုဆိုးရွားလာသည်ဟုဆိုသည်)။

၈:၄၄-၄၅ ထိုအမျိုးသမီးသည် ယေရှုကကျန်းမာစေနိုင်ကြောင်း တထစ်ချယုံကြည်သူဖြစ် သည်။ သို့ကြောင့် မဖြစ်မနေကြိုးစားပမ်းကုတ်လူအုပ်ကြားသို့ တိုးဝှေ့သွားသည်။ ကိုယ်တော်ဘုရား၏ ဝတ်ရုံဖျားကိုကိုင်တွယ်ခွင့် ရရှိပါပြီ။ ဝတ်ရုံဖျားသို့မဟုတ် ဝတ်ရုံအမြိတ်ဖြစ်သည်။ (တော ၁၅:၃၈-၃၉၊ တရား ၂၂:၁၂)။ ဝတ်ရုံကိုကိုင်တွယ်သည့် တခဏခြင်းတွင် သွေးသွန်ခြင်းရပ်တန့်သွားပြီး၊ အကောင်း ပကတိကျန်းမာသွားသည်။ ထို့ကြောင့် လူသူမသိအောင်အသားအယာ ပြန်လည်ထွက်ခွာသည်။ သို့သော် မလွတ်ပါ။ သခင်ယေရှုက “ငါ့ကို ဘယ်သူကိုင်တွယ်တို့ထိသနည်း” ဟုမေးသည်။ ပေတရုနှင့် တပည့်တော် များက ကိုယ်တော်၏ စကားတော်ကို သဘောမပေါက်ကြ။ အဘယ်ကြောင့် ဆိုသော လူအုပ်ကြီးထဲတွင် ဖြစ်၍ ထိတွေ့ကိုင်တွယ်သူရှိမှာဘဲဟု ထင်ကြသည်။

၈:၄၆ သို့သော် သခင်ယေရှုဆိုလိုသည်မှာ အဓိပ္ပါယ်တခြားဖြစ်သည်။ “ခန္ဓာကိုယ်ကို ထိသူကယုံကြည်ခြင်းဖြင့် တို့ထိခြင်းဖြစ်သည်”။ “ကိုယ်တော်ဘုရားက ယုံကြည်ခြင်းဖြင့် လာရောက်တို့ထိ ခြင်းဖြစ်ကြောာင်းသိသည်။ အဘယ်ကြောင့်ဆိုသော်ထိုဝတ်ရုံမှတဆင့် ကိုယ်တော်၏ တန်ခိုးစီးဆင်းသည်။ ထိုတန်ခိုးက အမျိုးသမီးအား ကျန်းမာစေသည်။ ကိုယ်တော်၏ တန်ခိုးထွက်သွားကြောင်း ကိုယ်တော်သိ သည်။ သို့သော် အနာရောဂါကျန်းမာစေဖို့ဖြစ်သည်။

၈:၄၇-၄၈ အမျိုသမီးသည် ကြောက်ရွံ့တုန်လှုပ်လျက်အထံတော်သို့ ရောက်လာသည်။ ယုံကြည်ခြင်းဖြင့် ဝတ်ရုံတော်အားကိုင်တွယ်ကြောင်းရှင်းပြအသနားခံသည်။ သူမ၏ ယုံကြည်ခြင်းက ယုံကြည်ခြင်းဆုလက်ဆောင်ရရှိသွားကြောင်း ဝန်ခံကျေညာသည် ယေရှုကလည်း သင့်ယုံကြည်ခြင်း၏ ဆုလက်ဆောင်ဖြစ်၍ ငြိမ်သက်စွာသွားလော့ဟု ခွင့်ပြုလိုက်သည်။ ထိုကဲ့သို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော် ဘုရား၏ ဝတ်ရုံတော်တို့ထိသူမရှိဘူးပါ။ ကယ်တင်ခြင်း စိတ်ချရမှုရရှိကြောင်း၊ ဝန်ခံသူလည်း မရှိဘူးပါ။

၈:၄၉ ထိုသွေးသွန်သော အမျိုးသမီးအားအနာရောဂါကင်းငြိမ်းစေခြင်းသည် အချိန်ဖင့်နွဲ့ ကြန့်ကြာခြင်းမရှိပါ။ သို့သော် ခဏကြာသော် ယာဣန၏ သမီးသည် အသက်ပျောက်သွားပြီဖြစ်၍ ကိုယ် တော်ဘုရားကြွရန်မလိုတော့ကြောင်း၊ လာရောက်သတင်းပေးသည်။ အနာရောဂါဖြစ်သူအား ပျောက်ကင်း စေနိုင်ကြောင်း၊ ကိုယ်တော့်ကို ယုံကြည်ကြသော်လည်း သေလွန်သူအား ထမြောက်စေနိုင်မည်ဟု မထင်ကြ။

၈:၅ဝ သခင်ဘုရားသည် ထိုသူများ၏ ပြောစကားကို အလွယ်တကူ မငြင်းပယ်ဘဲ။ တရားစရပ်မှူးကို နှစ်သိမ့်အားပေးလိုက်သည် “မစိုးရိမ်နှင့် ယုံကြည်ခြင်းသာရှိလော့၊ သူငယ်မ ကျန်းမာလာ ပေမည်”ဟု ဆိုသည်။

၈:၅၁-၅၃ အိမ်သို့ရောက်လျှင် ရောက်ခြင်းလူနာရှင်၏ မိဘ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ နှင့် အတူလူနာခန်းသို့ တောက်လျှောက်ဝင်သွားသည်။ လူနာကြည့်ပရိသတ်များ မျက်စိမျက်နှာ ညှိုးငယ် လျက်ပူဆွေးဝမ်းနည်းပူဆွေးခြင်းမရှိကြနှင့်၊ ကလေးမမသေပါ။ အိပ်ပျော်နေသည်ဟု ပြောပြသည်။ သို့သော် ပရိသတ်များကမူ ထိုသူငယ်မ အမှန်တကယ် သေဆုံးကြောင်းသိရှိကြပြီးဖြစ်သောကြောင့် သခင်ယေရှု၏ စကားကို ပြောင်လှောင်ကြသည်။

ထိုသူငယ်မသည် အမှန်တကယ်အသက်ပျောက်သလား၊ သတိလစ်မေ့မျှောခြင်းလား။ ကျမ်းစာပညာရှင်များကမူ အသက်ပျောက်သွားပြီဟု ဆိုကြသည်။ လာဇရုကိုလည်း သခင်ယေရှုက အိပ်ပျော်နေသည်ဟု ဆိုခဲ့ဘူးသည်မဟုတ်လား။ Sir Robert Anderson ကမူတကယ်ကြောင်း၂၆ အထောက်အထားပြသည်။

၁။ သခင်ယေရှုစကားက “ပြန်လည်ကျန်းမာလာမည်”ဟုဆိုသည်။ ထိုစကားကို အပိုဒ်ငယ် (၄၈)တွင်လည်း ဖော်ပြထားရာ ပြန်လည်ထမြောက်ခြင်းနှင့် မဆိုင်။ ဓမ္မသစ်ကျမ်းတွင် ပြန်လည်ထမြောက်ခြင်းနှင့် ပတ်သက်၍ “ပြန်လည်ကျန်းမာလာမည်”ဟူသော စကားသုံး ခြင်းမရှိပါ။

၂။ လာဇရုအား အိပ်ပျော်ခြင်းနှင့် ပတ်သက်၍ ဤစကားလုံးနှင့် မတူပါ။ တခြားစကားလုံး သုံးသည်။

၃။ ပရိသတ်များက သေလွန်သည်ဟု ယူဆကြသည်။ သို့သော်လည်း သခင်ယေရှုက ထိုသူများ၏စကားကို အသိအမှတ်မပြုပါ။ အမှန်တကယ်အိပ်ပျော်နေကြောင်း ကိုယ်တော် သိရှိနေသည်။

Anderson ၏စကားအား ချင့်ချိန်နိုင်အောင်ဖော်ပြခြင်းဖြစ်သည်။ သခင်ယေရှုက အိပ်ပျော် နေသည်ဟုဆိုသည်။ အခြားလူများက သေလွန်ပြီဟု ဆိုကြသည်။

၈:၅၄-၅၆ “သခင်ယေရှုက သူငယ်မ၏ လက်ကို ဆုပ်ကိုင်လျက် “ကလေးမ၊ ထလော့” ဟုဆိုလိုက်ရာငေါက်ကနဲထထိုင်သည်။ မိဘများထံသို့ ပြန်လည်အပ်နှံပြီးနောက် ဤအကြောင်းအရာအား သူတပါးထံမပြောဖို့တားမြစ်ခဲ့သည်။ ကိုယ်တော်ဘုရားသည် လူပေါ်လူဇော်လုပ်ခြင်း၊ နာမည်ကျော်ကြား ခြင်း၊ ဂုဏ်ပကာသနမက်မောခြင်းမရှိ။

ဤနေရာတွင် သခင်ယေရှု၏ ဒုတယနှစ်အမှု တော်ဆာင်ခြင်းပြီးဆုံးသွားသည်။ အခန်း(၉) သည် ကိုယ်တော်ဘုရား၏ တတိယနှစ် အမှုတော်ဆောင်ခြင်း (၁၂)ရပ်ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။