ဝတ်ပြုရာကျမ်း - ၉

အာရုန်ယဇ်ပူဇော်ခြင်း
1အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလအမျိုး အသက်ကြီးသူများတို့ကိုခေါ်၍၊ 2အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဖို့ အပြစ်မပါသော နွားသငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါသော သိုးထီးတစ်ကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ပူဇော်လော့။ 3ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါအခါလည်သော နွားသငယ်တစ်ကောင်၊ သိုးသငယ်တစ်ကောင်၊ 4ထာဝရဘုရားရှေ့တော်၌ ပူဇော်သောမိတ်သဟာယယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အားထင်ရှားတော်မူမည်ကို ပြောလော့ဟုဆိုလေ၏။ 5မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ်အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ 6မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ဘုန်းတော်သည် သင်တို့အားထင်ရှားမည်ဟူ၍လည်းကောင်း၊ 7အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍လည်းကောင်းဆိုလေ၏။
8အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားသငယ်ကို သတ်လေ၏။ 9သူ၏သားတို့လည်း အသွေးကိုယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။ 10အပြစ်ဖြေရာယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသောအမြှေးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။ 11အသားနှင့်အရေကို တပ်ပြင်မှာမီးရှို့လေ၏။ 12မီးရှို့ရာယဇ်ကောင်ကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းလေ၏။ 13သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ 14ဝမ်းထဲ၌ရှိသောအရာများနှင့် ခြေတို့ကိုဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။
15လူများပူဇော်သကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူသတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက်ပူဇော်လေ၏။ 16မီးရှို့ရာယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏။ 17ဘောဇဉ်ပူဇော်သကာကိုလည်း ဆောင်ခဲ့ပြီးလျှင်၊ တစ်လက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။ 18လူများအတွက် မိတ်သဟာယယဇ်နွားထီး၊ သိုးထီးကိုလည်းသတ်၍၊ သူ၏သားတို့သည် အသွေးကိုဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းလေ၏။ 19အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊ 20ရင်ပတ်ပေါ်မှာတင်၍ ယဇ်ပလ္လင်၌မီးရှို့လေ၏။ 21ရင်ပတ်နှင့်လက်ယာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကိုပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။ 22အာရုန်သည် မိမိလက်ကို လူများရှေ့သို့ချီလျက်၊ ကောင်းချီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရာမှဆင်းလေ၏။ 23တစ်ဖန် မောရှေနှင့်အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍ ထွက်ပြီးမှ၊ လူများကိုကောင်းချီးပေးသဖြင့်၊ ထာဝရဘုရား၏ဘုန်းတော်သည် လူများတို့အားထင်ရှားလေ၏။ 24ထာဝရဘုရားထံတော်မှမီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည်မြင်သောအခါ ကြွေးကြော်၍ပျပ်ဝပ်ကြ၏။

ဝတ်ပြုရာကျမ်း - ၉ (အနက်ဖွင့်)

(အာရုန်ယဇ်ပူဇော်ခြင်း (အခန်း၉)

: အဌမမြောက်နေ့တွင် အာရုန်နှင့်သားများသည် ယဇ်ပုရောဟိတ်ရာထူးကို အတိအလင်း တာဝန်ယူကြသည်။ ပထမဦးစွာ မိမိအတွက် ယဇ်ပူဇော်ကြရသည်။ အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာ အဖြစ် နွားထီးပျိုနှင့် မီးရှို့ရာ ယဇ်ပူဇော်သက္ကာအတွက် သိုးထီးပျိုတစ်ကောင် ယဇ်ပူဇော်ကြသည်။ ထို့နောက် အများပြည်သူအတွက် ယဇ်ပူဇော်ကြသည်။ အပြစ်ဖြေရာယဇ်အဖြစ်နွားဒန်းပျိုနှင့် မီးရှို့ယဇ်အဖြစ် သိုးသူငယ်၊  မိဿဟာယယဇ်အဖြစ် နွားထီးပျိုနှင့် သိုးတစ်ကောင် ပူဇော်ကြသည်။ ထို့အပြင် ဘောဇဉ်ပူဇော်သက္ကာလည်း ပူဇော်ကြသည်။

:၂၃ လူအများသည် ယဇ်ပူဇော်ဖို့ရာ ဘုရားသခင် ကိန်းဝပ်ရာ တဲတော်ရှေ့သို့ ချဉ်းကပ်လာကြသည်။ အာရုန်သည် ယဇ်ပုရောဟိတ် အရိုက်အရာကို မောရှေထံမှ လွှဲပြောင်း လက်ခံယူသည်။ မောရှေထံမှ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇည်ပူဇော်သက္ကာ၊ မိဿဟာယယဇ်နှင့် ချီလွှဲပူဇော်သက္ကာပြုခြင်းနည်းနာများကို ခံယူပြီးသောအခါ အာရုန်သည် လူထုပရိသတ်ပေါ်သို့ လက်ဆန့်တန်း၍ ကောင်းကြီးပေးသည် (ငယ် ၅-၂၁)။ တဖန်ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ကောင်းချီးပေးသဖြင့် ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားစေ၏ (ငယ် ၂၂၊၂၃)။

:၂၄ အသန့်ရှင်းဆုံးသောဌာနတော် ကျက်သရေဆောင်မှ မီးထွက်လာ၍ ယဇ်ပူဇော်သက္ကာအား လောင်ကျွမ်းသည်။ ထိုသို့လောင်ကျွမ်းခြင်းသည် ယဇ်ပူဇော်သောနေရာတွင် ဘုရားရှင်ရှိတော်မူကြောင်း ထင်ရှားခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ လာသော ထိုမီးသည် ကြေးယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာယဇ်အား အဆက်မပြတ်တငွေ့ငွေ့လောင်ကျွမ်းသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။