ဝတ်ပြုရာကျမ်း - ၆

1တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2တစ်စုံတစ်ယောက်သောသူသည် သူတစ်ပါးအပ်နှံသောဥစ္စာအတွက် ပေါင်ထားသောဥစ္စာအတွက်၊ မိမိနှင့်စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်လည်းကောင်း၊ သူ့ဥစ္စာကို အနိုင်အထက်ယူသော်လည်းကောင်း၊ မိမိနှင့်စပ်ဆိုင်သောသူကို လှည့်စားသော်လည်းကောင်း၊ 3ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသားစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်လည်းကောင်း၊ ထိုသို့သော ဒုစရိုက်တစ်စုံတစ်ခုကိုပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊ 4ထိုသူသည် ပြစ်မှား၍အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသောဥစ္စာ၊ လှည့်စား၍ရသောဥစ္စာ၊ သူတစ်ပါးအပ်နှံသောဥစ္စာ၊ ပျောက်၍တွေ့သောဥစ္စာ၊ 5မဟုတ်မမှန်ဘဲကျိန်ဆို၍ ရသောဥစ္စာအဖိုးနှင့်တကွ၊ ငါးစုတစ်စုကိုထပ်၍ ဒုစရိုက်ဖြေသောယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အားပြန်ပေးရမည်။ 6ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှာ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့ရမည်။ 7ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
မီးရှို့ရာယဇ်
8-9တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည်အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ ယဇ်ကောင်ကို ယဇ်ပလ္လင်ထင်းမီးပေါ်မှာ တစ်ညလုံးနံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။ 10ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ဘောင်းဘီကိုဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာကျွမ်းလောင်သော မီးရှို့ရာယဇ်ပြာကိုကျုံး၍ ပလ္လင်အနားမှာထားရမည်။ 11တစ်ဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။ 12ယဇ်ပလ္လင်မီးသည် မသေဘဲအစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်းထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကိုခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိတ်သဟာယယဇ်ဆီဥကို မီးရှို့ရမည်။ 13ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
ဘောဇဉ်ပူဇော်သကာ
14ဘောဇဉ်ပူဇော်သကာတရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သကာကို ထာဝရဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာပူဇော်သောအခါ၊ 15ဘောဇဉ်ပူဇော်သကာ မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သကာအတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဖို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ 16ကြွင်းသောအရာတို့ကို၊ အာရုန်နှင့်သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲစားရမည်။ 17ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အားပြုသောပူဇော်သကာထဲက ထိုမုန့်ညက်ကို သူတို့အဖို့ဖြစ်စေခြင်းငှာ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်းပေ၏။ 18အာရုန်၏သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
19တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ 20အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သကာဖြစ်စေခြင်းငှာ၊ မုန့်ညက်တစ်ဩမဲကို၊ နံနက်တစ်ဝက်၊ ညတစ်ဝက် ထာဝရဘုရားအားပူဇော်ရမည်။ 21ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဖို့ ပူဇော်ရမည်။ 22အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သကာကိုပြုရမည်။ ထာဝရဘုရားအဖို့ ထာဝရပညတ်တော်ဖြစ်သတည်း။ 23ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သကာရှိသမျှကို အကုန်အစဉ်မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။
အပြစ်ဖြေရာယဇ်
24တစ်ဖန် မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ 25သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ်ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကိုသတ်ရမည်။ အလွန်သန့်ရှင်းပေ၏။ 26အပြစ်ဖြေဖို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။ 27ထိုအသားကိုထိသမျှသည် သန့်ရှင်း၏။ အသွေးဖျန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌လျှော်ရမည်။ 28ထိုအသားပြုတ်သော မြေအိုးကိုခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ရေနှင့်ဆေးရမည်။ 29ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည် စားရကြမည်။ 30အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ်အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်းသို့ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကိုမစားရ။ မီးရှို့ရမည်။

ဝတ်ပြုရာကျမ်း - ၆ (အနက်ဖွင့်)

၂။ ယဇ်ပူဇော်ခြင်းတရား (::၃၈)

အခန်း ၆:၈-၇:၃၈ တိုင်အောင် ယဇ်ပူဇော်ခြင်းနှင့် စပ်ဆိုင်သောနိယာမတရားများ ပြဌာန်းထားသည်။ ခပ်များများသည် ပြီးခဲ့သော သင်ခန်းစာများနှင့်ဆင်တူရိုးမှားဖြစ်သည်။ ပြီးခဲ့သော အခန်းသည် ဣသရေလလူများသို့ အမိန့်ညွှန်ကြားချက်ဖြစ်၍ လာမည့်သင်ခန်းစာသည် ယဇ်ပုရောဟိတ်များသို့ ပြဌာန်းချက်ဖြစ်သည်။

:၁၃ မီးရှို့ပူဇော်ခြင်းဆိုင်ရာပညတ်ချက်။ ယဇ်ပုရောဟိတ် ဝတ်ဆင်ရမည့် ဝတ်ရုံ၊ မီးရှို့ပူဇော်ရာမှ ကျလာသောပြာပုံးနှင့် မီးရှို့ရာ ယဇ်ပလ္လင်ပေါ်တွင်မီးမသေစေရမည့်အကြောင်းများ အသေးစိတ် ထပ်မံဖြည့်စွက်ထားသည်။ မီးရှို့ရာ ယဇ်ပလ္လင်မှ ကျလာသောပြာကို ယဇ်ပလ္လင်အရှေ့ဘက်တွင် ပုံရသည်။ ထို့နောက် တပ်ပြင်သို့ ပို့ဆောင်သန့်ရှင်းစေရသည်။

          :၁၄၁၇ ဘောဇဉ်ပူဇော်သက္ကာနှင့်ပတ်သက်သောပညတ်ချက်။ ဘောဇဉ်ပူဇော်သက္ကာပြုရာတွင် ကျန်ကြွင်းသောဝေစုကို ယဇ်ပုရောဟိတ်ရယူပိုင်ခွင့်ရှိသည်။ ဘောဇဉ်ယဇ်ကို တဆေးမတည့်ရ။ အဘယ်ကြောင့်ဆိုသော် အသန့်ရှင်းဆုံးသော ဘုရားသခင်အဘို့ ဖြစ်သည်။

:၁၈ အာရုန်၏သားများသည် ဘောဇဉ်ပူဇော်သက္ကာ အကြွင်းအကျန်များကို စားသောက်ပိုင်ခွင့် ရှိသည်။ သို့သော် ဘုရားသခင်သို့ ပူဇော်သော ယဇ်ဖြစ်သောကြောင့် သန့်ရှင်းစင်ကြယ်နေကြရမည်။ အခြားယဇ်ပုရောဟိတ်များသည် ဤယဇ်ကို ကိုင်တွယ်ထိတွေ့ခြင်းဖြင့် စင်ကြယ်ခြင်းမရှိနိုင်ကြ။ မစင်ကြယ်ခြင်းဆိုသည်မှာ  ထိတွေ့ရုံမျှဖြင့် မဖြစ်မြောက်နိုင်။ ညစ်နွမ်းခြင်းသာ ဖြစ်စေနိုင်သည် (ဟဂ္ဂဲ ၂:၁၁-၁၃)။

:၁၉၂၃ ဤကျမ်းချက်သည် ယဇ်ပုရောဟိတ်ကြီး၏ သီးသန့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်။ နံနက်တစ်ဝက်၊ ညတစ်ဝက်ပူဇော်ရသည်။ အကုန်လုံးမီးရှို့ရသည်။

:၂၄၃၀ အပြစ်ဖြေယဇ်စည်းမျဉ်း။ ယခင်အခန်းတွင်ပါရှိသည့်အတိုင်း ယဇ်ပုရောဟိတ်သည် ရသင့်ရထိုက်သောဝေစုကို စားသုံးခွင့်ရှိသည် (ဝတ် ၄:၂၂-၅:၁၃ တွင် ယဇ်ကောင်အသွေးသည် သန့်ရှင်းသောဌာနတော်သို့ ယူဆောင်ခြင်းမပြုပါ)။ ယဇ်ပူဇော်သက္ကာကို ပရိသတ်စုဝေးရာတဲတော်တွင် စားသုံးရသည်။ ဤပူဇော်သက္ကာသည် အသန့်ရှင်းဆုံး ယဇ်ပူဇော်ခြင်းဖြစ်သည်။ အကယ်၍ သာမန်လူသည်လည်း ယဇ်ကောင်အသားကို ထိတွေ့လျှင် စင်ကြယ်သွားသည်။ ယဇ်ပုရောဟိတ်ကဲ့သို့ သန့်ရှင်းသွားသည်။ သို့သော် ယဇ်ပုရောဟိတ်အမှုအရာ ဆောင်ရွက်ခွင့်မရှိ။ ယဇ်ကောင်အသွေးဖြန့်သမျှသော ယဇ်ပုရောဟိတ်ဝတ်ရုံကို သန့်ရှင်းရာဌာန၌ လျှော်ရမည်။ ယဇ်ကောင်အသားပြုတ်သောမြေအိုးကိုလည်း ရိုက်ခွဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ထိုမြေအိုးတွင် အပြစ်များ ကပ်ပါသွားသောကြောင့် နောက်တဖန် မသုံးရ။ အကယ်၍ ကြေးအိုးဖြစ်နေလျှင် ရေနှင့်ပွတ်တိုက်ဆေးကြောရမည်။ အပြစ်ဖြေရာယဇ်သားကို ယဇ်ပူဇော်ရာသို့ ရောက်လာသော ယောက်ျားတိုင်း စားသုံးရသည်။ အပြစ်ဖြေရာ ယဇ်ကောင်ကို မီးရှို့ပူဇော်ရာ ယဇ်ကောင်သတ်သောနေရာတွင် သတ်ရသည်။ ယဇ်ပလ္လင်၏ မြောက်ဘက် (၁:၁၁)အရိပ်နေရာတွင် ထားရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။