ဝတ်ပြုရာကျမ်း - ၄

အပြစ်ဖြေရာယဇ်
1-2တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသည်အရာတွင်၊
3ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖို့အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ 4ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအားဆက်ရမည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။ 5ဘိသိက်ခံသောယဇ်ပုရောဟိတ်သည်၊ နွား၏အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊ 6မိမိလက်ညှိုးကို အသွေး၌နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။ 7တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင်ဦးချိုတို့၌ နွားအသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။ 8မိတ်သဟာယယဇ်ပြုသော နွား၏ဆီဥကိုယူသကဲ့သို့၊ အပြစ်ဖြေရာယဇ်ပြုသော နွားအအူကိုဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊ 9ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော၊ နွားဆီဥရှိသမျှကို ယူ၍၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။ 10-11နွား၏ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသားရှိသမျှတည်းဟူသော၊ 12နွားတစ်ကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌မီးရှို့ရမည်။ ပြာသွန်၍ထားရာအရပ်၌ မီးရှို့ရမည်။
13ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊ 14ထိုသို့ ပြစ်မှားမိသောအပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသောနွားထီးကို၊ ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့၍ဆက်ရမည်။ 15ပရိသတ်တွင် အသက်ကြီးသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်၍၊ ထိုနွားကို ရှေ့တော်၌သတ်ရကြမည်။ 16ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊ 17မိမိလက်ညှိုးကို အသွေး၌နှစ်၍၊ ကုလားကာရှေ့ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။ 18တစ်ဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။ 19နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ 20အပြစ်ဖြေရာယဇ်ပြုသော နွားကိုပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကိုပြုသဖြင့်၊ ယဇ်ပုရောဟိတ်သည် လူများတို့အဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူတို့အပြစ်လွတ်လိမ့်မည်။ 21ထိုနောက်မှ နွားကိုတပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဖို့ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။
22မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊ 23မိမိပြစ်မှားမိသောအပြစ်ကိုသိသောအခါ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သကာဖို့ဆောင်ခဲ့ရမည်။ 24ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်တွင် သတ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ 25ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။ 26မိတ်သဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ယဇ်ပုရောဟိတ်သည် မင်း၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
27ဆင်းရဲသားတစ်စုံတစ်ယောက်သည် တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကိုပြုမိသဖြင့် အပြစ်ရောက်လျှင်၊ 28မိမိပြစ်မှားမိသောအပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သကာဖို့ အပြစ်မပါသော ဆိတ်သငယ်အမကိုဆောင်ခဲ့ရမည်။ 29အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။ 30ယဇ်ပုရောဟိတ်သည် အသွေးကိုလက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။ 31မိတ်သဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအားမွှေးကြိုင်စရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ 32သိုးသငယ်ကို အပြစ်ဖြေရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသောအမကို ဆောင်ခဲ့ရမည်။ 33အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သတ်ရမည်။ 34ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို လက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ ဖျန်းသောအသွေးကို ထိုပလ္လင်ခြေရင်းနား၌ သွန်ရမည်။ 35မိတ်သဟာယယဇ်ကောင် သိုးသငယ်ဆီဥကိုပြုသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။

ဝတ်ပြုရာကျမ်း - ၄ (အနက်ဖွင့်)

(အပြစ်ဖြေရာယဇ် (အခန်း )

          အခန်း ၄၊ အပြစ်ဖြေရာယဇ် (Heb, Hattãh) သည် ကယ်နှုတ်ထားသောလူများ ပြုလုပ်ရသောယဇ်ဖြစ်သည်။ သို့သော်ဘုရားသခင်ထံသို့ ရောက်ဖို့ကယ်တင်ခြင်းရရှိသည်ဟု ဆိုလိုခြင်းမဟုတ်၊ ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားသော ဣသရေလလူမျိုးတို့ ပြုမှားသော အပြစ်ခွင့်လွှတ်ဖို့ ယဇ်ပူဇော်ခြင်းဖြစ်သည်။ မသိဘဲ ကျူးလွန်မိသောအပြစ်၊ တမင်သက်သက်ကျူးလွန်ခြင်းမဟုတ်သော အပြစ်များပါဝင်သည်။

ယဇ်ပူဇော်ခြင်း။ ကာယကံရှင် ကျူးလွန်သော အပြစ်ပေါ်မူတည်၍ အပြစ်ဖြေပူဇော်ခြင်း အဆင့်ဆင့်ကွဲပြားသည်။ ဘိသိက်ပေးထားသော ယဇ်ပုရောဟိတ်ဆိုသည်မှာ ယဇ်ပုရောဟိတ်ကြီးကို ဆိုလိုသည်။ အကယ်၍ ထိုယဇ်ပုရောဟိတ်သည် လူအများအားမှားယွင်းစေလျှင် (ငယ် ၃) အပြစ်ဆိုဖွယ်မှရှိ။ တစ်ကောင်လုံးသန့်ရှင်းသော နွားထီးပျို (ငယ်၁၂)၊ လူအများကိုဒုက္ခပေးသောအစိုးရမင်းသည်လည်း နွားထီးပျို (ငယ် ၂၂)၊ သာမန်ပြည်သူများသည်အပြစ်ဆိုဖွယ်မရှိသော ဆိတ်ထီးပျို၊ (ငယ် ၂၇) သို့မဟုတ် ဆိတ်မဒန်း (ငယ် ၂၈) သို့မဟုတ် သိုးမဒန်း (ငယ် ၃၂) ယူဆောင်လာရမည်။ (ဟေဗြဲကျမ်းမူတွင် စင်းလုံးချောယဇ်ကောင်ဟုဆိုသည်)။

ယဇ်ပူဇော်သူ၏ တာဝန်။ ယေဘူယျအားဖြင့် ယဇ်ပူဇော်သူသည် ယဇ်ကောင်ကို လူအများစုဝေးရာ တဲတော်တံခါးဝသို့ ယူဆောင်လာရမည်။ ဘုရားသခင်ထံ အပ်နှံ၍ သတ်ရသည်။ ယဇ်ကောင်၏ အဆီ၊ ကျောက်ကပ်၊ အူကလီစာပေါ်ရှိ အဆီအမြှေးများကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်သို့ တင်ရသည်။ ပရိသတ်ထဲမှ အသက်ကြီးသူများသည်လည်း ယဇ်ကောင် နား၊ ခေါင်းပေါ်တွင် လက်တင်ပေးရသည် (ငယ် ၁၅)။ ယဇ်ပူဇော်သူအစား ယဇ်ကောင်က အစားထိုးအသေခံပေးခြင်းဖြစ်သည်။

ယဇ်ပုရောဟိတ်ဝတ္တရား။ ယဇ်ပုရောဟိတ်ကြီးသည် သူကိုယ်တိုင်အတွက် အပြစ်ဖြေလျှင် ယဇ်ကောင်၏ အသွေးကို ယူဆောင်၍ သန့်ရှင်းရာဌာနတော်ရှေ့ ကုလားကာအား (၇)ကြိမ်တိုင်တိုင် ဖြန်းတောက်ရသည် (ငယ်၅၊၆၊၁၆၊၁၇)။ ရွှေယဇ်ပလ္လင်ရှိ ဦးချိုများ၊ ယဇ်အမွှေးတိုင်ယဇ်ပလ္လင်ကိုလည်း ဖြန်းရသည် (ငယ် ၇၊၁၈)။ ထို့နောက် ကျန်ကြွင်းသောအသွေးများကို မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း ဖြန်းရသည် (ငယ် ၇၊၁၈)။ ထို့နောက် ကျန်ကြွင်းသောအသွေးများကို မီးရှို့ရာယဇ်ပလ္လင်အား ပက်ဖျန်းရသည် (ငယ် ၇၊၁၈)။ အုပ်စိုးသူမင်းနှင့် သာမန်ပြည်သူများအတွက် ယဇ်ပူဇော်ရာတွင်မူ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ရှိ ဦးချိုများနှင့် မီးရှို့ရာယဇ်ပလ္လင်ကိုသာဖြန်း၍ ကျန်အသောအသွေးကို ယဇ်လ္လင်တိုင်အခြေတွင် သွန်းလောင်းသည် (ငယ် ၂၅၊၃၀၊၃၄)။ မည်သို့အတွက်ယဇ်ပူဇော်သည်ဖြစ်စေ ယဇ်ကောင်၏အဆီ၊ ကျောက်ကပ်၊ အသဲနှလုံးပေါ်ရှိ အဆီအမြှေးများကို မီးရှို့ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရသည် (ငယ် ၈၊ ၁၀၊ ၉၊ ၂၆၊ ၃၁)။ ယဇ်ပုရောဟိတ်အတွက်ဖြစ်စေ၊ အခြားသူများအတွက် ဖြစ်စေ ပူဇော်ရသောယဇ်ကောင်ကို တပ်ပြင်သို့ ဆွဲထုတ်၍ ပြာသွန်းထားသောနေရာ၌ မီးရှို့ပစ်သည် (ငယ် ၁၁၊ ၁၂၊ ၂၁)။

ယဇ်ကောင်ခွဲဝေခြင်း၊ ဘုရားသခင်အတွက် ဝေစုဖြစ်သော ယဇ်ကောင်၏အဆီ၊ ကျောက်ကပ်၊ ကလီစာပေါ်ရှိ အဆီအမြှေးများကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင်မီးရှို့ရသည်။ ယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာဌာနတော်သို ပြည်သူများအတွက် ပူဇော်ရသော ယဇ်ကောင်အသားကို စားသုံးခွင့်ရှိသည်။ (၇:၃၀)။ ယဇ်ပုရောဟိတ်နှင့်ပရိသတ်လည်း ဆက်ဆံခွင့်ပြုထားသည်။ ယဇ်ပူဇော်သူအတွက် ဝေစုဟု သီးသန့် သတ်မှတ်ချက်မရှိ။

အပြစ်ဖြေရာယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာဌာနတော်သို့ ယူဆောင်သွားရပြီ။ ခန္ဓာကိုယ်ကို တပ်ပြင်တွင် မီးရှို့ရသကဲ့သို့ ယေရှုခရစ်တော်၏ အသွေးတော်ကိုလည်း လူတိုင်းအတွက် သန့်ရှင်းသော ဌာနတော်သို့ ယူဆောင်သွားသည် (ဟေဗြဲ ၉:၁၂)။ ထို့နောက်ရုပ်ကလပ်အား ယေရုရှလင်မြို့ပြင်သို့ သယ်ထုတ်ကြသည်။ ဟေဗြဲ ၁၃:၁၃ တွင် “ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကို ခံရ၍ တပ်ပြင်အထံတော်သို့ ထွက်သွားကြကုန်အံ့” ဟုဆိုထားပါသည်။

အပြစ်အကြောင်း နားမလည်ခြင်းသည် အပြစ်ဒုစရိုက် ပိုမိုကျူးလွန်စေသည်ကို သတိပြုပါ။ ဆိုလိုသည်မှာ သိလျက်နှင့်ကျူးလွန်ခြင်း၊ ထပ်ဆင့်ထပ်ဆင့် ကျူးလွန်ပြစ်မှားခြင်း၊ ကောင်းသောအမှု သိလျက်နှင့် မလိုက်နာခြင်း၊ ပုန်ကန်ခြင်းများကို ထပ်မံဖြစ်ပေါ်စေသည်။ တမင်ရည်ရွယ် ကျူးလွန်သော အပြစ်ဒုစရိုက်အတွက် အပြစ်ဖြေရာမရှိ။ ထိုသူအတွက် သေဒဏ်သာရှိသည် (တော ၁၅:၃၀)။

အပြစ်ဖြေပူဇော်သက္ကာပြုခြင်းသည် ရည်ရွယ်ချက်မရှိဘဲ ပြစ်မှားသောအပြစ်၊ မနောကံမပါသော အပြစ်များကို ဖြေလွှတ်ဖို့ ပူဇော်ခြင်းဖြစ်သည်။ အပြစ်များကို ခွင့်လွှတ်၍ စင်ကြယ်စေဖို့ ပူဇော်ခြင်းဖြစ်၍ စင်ကြယ်ခြင်း အခမ်းအနားဖြစ်သည်။

အပြစ်ဖြေပူဇော်သက္ကာသည် အပြစ်မသိ၊ အပြစ်မပြုသော ယေရှုခရစ်တော်က အပြစ်သားများ ခရစ်တော်၏ ဖြောင့်မတ်ခြင်းဖြင့် ဘုရားသခင်ထံတော်သို့ ရောက်စေသည့် ပူဇော်သက္ကာပုံဆောင်သည်။ အချို့က ယုံကြည်သူများ၏ မသိနားမလည်ဘဲ ပြစ်မှားသော အပြစ်ဒုစရိုက်များကို ခရစ်တော်က ပူဇော်ပေးခြင်းဖြင့် ပုံဆောင်သည်ဟု ဆိုကြသည်။

အပြစ်ဒုစရိုက်အကြောင်း မူတစ်မှုံမျှမသိသော စင်ကြယ်သူ၊

လောကသားများအတွက်အပြစ်သားသဖွယ် ခံယူသည်၊

ထိုအရှင်၏ အသေခံခြင်းသည် အကျွန်ုပ်ဝိညာဉ် အသက်ရှင်ရာ၊

ကားတိုင်ပေါ်မှာအရှက်တကွဲ အသေခံရှာ၊

ကိုယ်တော်သွန်းလောင်း အသွေးတော်ဖြင့်

အပြစ်ဒုစရိုက်များ စင်ကြယ်ဖြူစင်သွား

ပြိတ္တာ၊ ငရဲတံခါး ပိတ်ဆို့ထား၊

မရဏာတန်ခိုး အောင်မြင်သွားခဲ့။

Hannah K.Burlinfiam.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။