ဝတ်ပြုရာကျမ်း - ၂၁

ယဇ်ပုရောဟိတ်များသန့်ရှင်းရခြင်း
1တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်းသေသောသူအတွက် သင်တို့တွင်အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။ 2သို့ရာတွင် ပေါက်ဖော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊ 3လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသောအခွင့်ရှိ၏။ 4အမျိုးသားချင်းသူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။ 5ယဇ်ပုရောဟိတ်သည် ဆံပင်ကိုမရိတ်ရ။ ပါးမုန်းကိုမရိတ်ရ။ အသား၌ ခုတ်ရှခြင်းကိုမပြုရ။ 6သူသည် မိမိဘုရားသခင်အဖို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။ 7သူသည်ပြည့်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဖက်ရ။ မိမိဘုရားသခင်အဖို့ သန့်ရှင်း၏။ 8သင်၏ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကိုသန့်ရှင်းစေ၍၊ သူသည် သင့်အဖို့သန့်ရှင်းရမည်။ သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။ 9ယဇ်ပုရောဟိတ်သမီးသည်၊ ပြည့်တန်ဆာလုပ်၍ ကိုယ်ကိုကိုယ် ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာရောက်၏။ ထိုသူကို မီးရှို့ရမည်။
10မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်းဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကိုမချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။ 11အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကိုမခံရ။ 12သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏။ 13ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာ စုံဖက်ရမည်။ 14မုဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည့်တန်ဆာမိန်းမနှင့် မစုံဖက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဖက်ရမည်။ 15မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟုမိန့်တော်မူ၏။
16တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊ 17သင်၏အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ပွဲတော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ 18မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊ 19လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊ 20ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။ 21ယဇ်ပုရောဟိတ်အာရုန်အမျိုးတွင်၊ ကိုယ်၌အပြစ်ပါသောသူ တစ်စုံတစ်ယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ ကိုယ်၌အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏မုန့်တော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ 22သန့်ရှင်းသောမုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသောမုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကိုစားရမည်။ 23ကိုယ်၌အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာအတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။ 24မောရှေသည် အာရုန်နှင့်သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။

ဝတ်ပြုရာကျမ်း - ၂၁ (အနက်ဖွင့်)

(ယဇ်ပုရောဟိတ်များသို့ ညွှန်ကြားချက် (အခန်း ၂၁၂၂)

          အခန်း ၂၁၊၂၂ သည် အခန်း ၁၆၊၁၇ တွင်ပါရှိသည့် အာရုန်နှင့်သားများသို့ လိပ်မူထားသည်။

၂၁: ယဇ်ပုရောဟိတ်များသည် မိမိသွေးရင်းသားရင်းအလောင်းမှလွဲ၍ အခြားလူသေကောင်များ ကိုင်တွယ်ထိတွေ့ခြင်းဖြင့် မိမိကိုယ်ကို မစင်ကြယ်အောင် မပြုလုပ်ရ။ မသာအိမ်သို့ ဝင်ရောက်လျှင် (၇)ရက်လုံးလုံး မစင်ကြယ်(တော ၁၉:၁၄)။ ထိုမစင်ကြယ်သည့်ကာလအတောအတွင်းတွင် ယဇ်ပူဇော်ခြင်းမပြုနိုင်။ သို့သော်သွေးရင်းသားရင်း သေဆုံးခြင်းနှင့်မဆိုင်။ အပိုဒ်ငယ် ၄သည် ယဇ်ပုရောဟိတ်၏ ဂုဏ်ရှိန်ကြီးမြင့်ခြင်းကို ပြသခြင်းဖြစ်သည်။

၂၁: သေသူကို လွမ်းဆွတ်သတိရသော အားဖြင့် မိမိခန္ဓာကိုယ် အနာတရဖြစ်စေခြင်း၊ အမာရွတ်ကျန်ရှိအောင် အမှတ်အသားပြုလုပ်ခြင်းကို တားမြစ်သည်။ ယဇ်ပုရောဟိတ်သည် ပြည့်တန်ဆာမ၊ လင်ကွာမိန်းမနှင့် လက်ထပ်ခြင်းမပြုရ။ ယဇ်ပုရောဟိတ်၏ သမီးသည် ပြည့်တန်ဆာလုပ်လျှင် ဖခင်ကို အရှက်ကွဲစေသောကြောင့် မီးရှို့ပစ်ရသည်။

၂၁:၁၀၁၅ ယဇ်ပုရောဟိတ်ကြီးသည် ရိုးရာထုံးစံအတိုင်း ကွယ်လွန်သူအတွက် အနာတရ မခံယူရ။ သန့်ရှင်းရာဌာနတော်ကို စွန့်ပစ်၍ မသာအိမ်ကို ဦးစားမပေးရ။ အပျိုကညာနှင့်သာ လက်ဆက်ရမည်။ ထိုမိန်းမနှင့် တစ်သက်လုံး ပေါင်းသင်းရမည်။

၂၁:၁၆၂၄ ကိုယ်လက်အင်္ဂါချို့တဲ့၊ မစုံလင်သူသည် ယဇ်ပုရောဟိတ်အရိုက်အရာ မခံယူရ။ မျက်စိမမြင်၊ ကိုယ်လက်အင်္ဂါ မသန်စွမ်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ ခြေလက်ပုံမှန်မရှိ၊ ကျောကုန်း၊ ပုဂွဂွ၊ မျက်စိပုံမှန်မရှိ၊ ယားနာရှိသူ၊ အနာရွတ်အထင်အရှား ထူပြောသူ များမဖြစ်ရ။ အာရုန်၏ သားများသည် ဘုရားသခင်ရွေးချယ်ခန့်အပ်သူများဖြစ်သောကြောင့် ယဇ်ပုရောဟိတ်ဝေစု ပူဇော်သက္ကာများကို မှီဝဲစားသုံးနိုင်သည်။ သို့သော် အထက်ပါ ချို့ယွင်းချက်များရှိလျှင် ယဇ်ပူဇော်ခြင်း မလုပ်နိုင်(ငယ်၂၂၊၂၃)။ မိဿဟာယ ယဇ်ပူဇော်သက္ကာသည် ယဇ်ပုရောဟိတ်များအဖို့ သန့်ရှင်းစင်ကြယ်သည်။  အသန့်ရှင်းဆုံး ဌာနတော် ကျက်သရေဆောင်မှ ပူဇော်သက္ကာများသည် ယဇ်ပုရောဟိတ်များ၏ ခွဲတမ်းဖြစ်သည်။ ထာဝရဘုရားသခင်ရှေ့တော်သို့ ယဇ်ပူဇော်သူပုရောဟိတ်သည် အပြစ်ဆိုဖွယ်မရှိ၊ သန့်ရှင်းစင်ကြယ်ရသည်။ ခရစ်တော်ဘုရားကဲ့သို့ ဖြစ်ပေမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။