ဝတ်ပြုရာကျမ်း - ၂

ဘောဇဉ်ပူဇော်သကာ
1ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ မုန့်ညက်ကိုဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်းထည့်ပြီးမှ၊ 2အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။ 3ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
4မီးဖို၌ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီနှင့်မုန့်ညက်ဖြင့်လုပ်သော တဆေးမဲ့ မုန့်ပြားသော်လည်းကောင်း၊ ဆီလူးသော တဆေးမဲ့မုန့်ကြွပ်သော်လည်းကောင်း ဖြစ်ရမည်။ 5သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသောမုန့်ညက်နှင့် လုပ်ရမည်။ 6ထိုမုန့်ကိုချိုးဖဲ့၍ ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သကာ ဖြစ်သတည်း။ 7အိုးကင်းနှင့်ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့် လုပ်ရမည်။
8ထိုဘောဇဉ်ပူဇော်သကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။ 9ထိုဘောဇဉ်ပူဇော်သကာထဲက အတွက်အတာကိုနှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။ 10ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသောအရာဖြစ်၏။ 11ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။ 12အဦးသီးသော အသီးအနှံကို ပူဇော်သောအမှုမှာ၊ တဆေးနှင့်ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးမရှို့ရ။ 13ဘောဇဉ်ပူဇော်သကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ်ပူဇော်သကာ၌၊ သင်၏ဘုရားသခင်ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။ 14အဦးသီးသောအသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊ 15ဆီကိုလောင်း၍၊ လောဗန်ကိုတင်လျက်၊ ပူဇော်သကာကိုပြုရမည်။ ဘောဇဉ်ပူဇော်သကာဖြစ်သတည်း။ 16ပွတ်ယူသောစပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ်ပူဇော်သကာ အတွက်အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖြစ်သတည်း။

ဝတ်ပြုရာကျမ်း - ၂ (အနက်ဖွင့်)

(ဘောဇဉ်ပူဇော်ခြင်း (အခန်း )

          ဘောဇဉ်ပူဇော်ခြင်း (Heb.minhãh) သည် မုန့်ညက် သို့မဟုတ် သက်သက် သို့မဟုတ် ဆီနှင့် နံ့သာမွှေးထပ်ထည့်ရသည် (ငယ် ၁)။ ချက်ပြုတ်ကြော်လှော်ခြင်းမဟုတ်။ မုန့်ညက်လက်တစ်ဆုပ်၊ ဆီ၊ လောဗန်တို့ကို ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ခြင်းဖြစ်သည် (ငယ် ၂)။ ပုံစံ (၃)မျိုးဖြင့် မုန့်ပြုလုပ်နိုင်သည်။ (၁)မီးဖို၌ ဖုတ်ခြင်း (ငယ် ၄) (၂)သံပြားပေါ်တွင် ဖုတ်ခြင်း (ငယ်၅)၊ (၃)အိုးကင်း၌ကြော်ခြင်း (ငယ် ၇)၊ တို့ ဖြစ်သည်။ KJV နှင့် RSV ကျမ်းမူတို့က “ဒယ်အိုးဖြင့်ကြော်သောမုန့်” ဟု ဆိုသည်။ သို့သော်ယုံကြည်သူ အများစုကမူ ပေါင်းသောမုန့်ဟု ယုံကြည်ကြသည်။ ထိုမုန့်ညက် လုပ်သောဂျုံမှုန့်သည် မိမိလယ်ကွက်မှ အဦးသီးသော အသီးကို မီးနားတွင်ထား၍ မြန်မြန်ခြောက်စေသောအနှံ ဖြစ်သည် (ငယ် ၁၄)။ အပိုဒ်ငယ်(၁၂)သည် သီးသန့်ပူဇော်ခြင်းဖြစ်သည်(၂၃:၁၅-၂၁)။ တဆေးပါသော မုန့်ညက်ကိုမူကား ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ခြင်းမပြုရ။

တဖန်ပူဇော်သက္ကာ ပူဇော်ရာတွင် တဆေးနှင့်ပျားရည်မပါရ (ငယ်၁၁)။ ဆိုလိုသည်မှာ အပိုမဆလာ မလို။ သဘာဝအချိုအစိမ့်အရသာ သက်သက်ဖြစ်ရသည်။ သို့သော် ဘုရားသခင်နှင့် ဣသရေလတို့အကြားတွင် ပဋိညာဉ်ပုံဆောင်သော ဆားထည့်ရသည်။ ထိုဆားကို ပဋိညာဉ်ဆား (ငယ်၁၁)ဟု ခေါ်သည်။ ဘုရားသခင်နှင့်ဣသရေလတို့အကြား ထားရှိသောပဋိညာဉ်သည် မပျက်ပြယ်နိုင်ဟု အနက်ရသည်။ (တော ၁၈:၁၉၊ ၆ရာ ၁၃:၅၊ ယေဇ ၄၃:၂၄ တို့ကိုကြည့်)။

ယဇ်ပူဇော်သူ၏ တာဝန်ဝတ္တရား။ ပူဇော်စရာဘောဇဉ်ကို မိမိအိမ်တွင် အဆင်သင့်ပြင်ဆင်၍ ယဇ်ပူဇော်ရာသို့ ယူဆောင်ပြီး၊ ယဇ်ပုရောဟိတ်ထံ အပ်နှံရသည် (ငယ် ၂၊၈)။

ယဇ်ပုရောဟိတ်တာဝန်ဝတ္တရား။ ယဇ်ရောဟိတ်က ယဇ်ပလ္လင်ပေးသို့ ပူဇော်ပေးရသည် (၆:၁၄)။ ပူဇော်စရာဘောဇဉ် လက်တစ်ဆုပ်စာကို ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ပေးသည် (ငယ် ၂၊၉)။

ယဇ်ပူဇော်စရာဝေခွဲခြင်း။ ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ရသော ဘောဇဉ်သည် အမွှေးနံ့သာများနှင့်တကွ ဘုရားသခင်အတွက် လောင်ကျွမ်း၍ နံ့သာမွှေးဖြစ်သွားသည်။ ကျန်သောမုန့်ညက်များကို ယဇ်ပုရောဟိတ်က ပိုင်ဆိုင်သည် (ငယ် ၃၊၁၀)။ ယဇ်ပုရောဟိတ်သည် ပေါင်းသောမုန့်ဖြစ်စေ၊ ဒယ်ဖြင့် ကြော်သော မုန့်ဖြစ်စေ၊ အိုးဖြင့်ချက်သော မုန့်ဖြစ်စေ ပိုင်ဆိုင်သည် (၇:၉)။ ဆီဖြင့် ရောထားပြီးသော မုန့်ညက်ဖြစ်စေ၊ မရောသေးသော မုန့်ညက်အခြောက်ဖြစ်စေ အားလုံး ယဇ်ပုရောဟိတ်နှင့်သက်ဆိုင်သည် (၇:၁၀)။ ဘောဇဉ်ပူဇော်ရတွင် ပူဇော်သူအတွက် ဝေစုမကျန်။

ဘောဇဉ်ပူဇော်သက္ကာပြုသူသည် ဤသို့ပူဇော်ရသောကြောင့် ဤမုန့်၊ လောဗန်၊ ဆီများကဲ့သို့ ဘဝကောင်းကျိုးချမ်းသာရသည်။ လယ်ယာခြံထွက်သီးနှံပေါကြွယ်ဝသည်ဟု ခံယူသည်။

ဘောဇဉ်ပူဇော်သက္ကာသည် ကယ်တင်ရှင် ယေရှုသခင်၏ ကိုယ်ကျင့်တရားပြည့်စုံခြင်း (စင်ကြယ်သောမုန့်ညက်)၊ ဒုစရိုက်ကင်းစင်ခြင်း၊ (တဆေးမဲ့)၊ သန့်ရှင်းသော ကြွယ်ဝခြင်(ဆီ)တို့ကို ပုံဆောင်သည်။ ဆေးဆရာတစ်ဦးက ဤသို့ဖွဲ့ဆိုထားသည်။

လူ့ဘဝအသက်တာကား မေတ္တာဖက်၍မွှေးရနံ့သို့ စင်ကြယ်စွာ လူ့ဘဝအသက်တာ၊ လောကဆူးခြုံတောမှ မွှေးသင်းရာ၊ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော် ဘုန်းအသရေဖြာ ကိုယ်တော်ဘုရားခြေတော်ရင်းမှာ ပျပ်ဝပ်ကိုးကွယ်ပါရစေလား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။