ဝတ်ပြုရာကျမ်း - ၁

မီးရှို့ရာယဇ်
1ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲက အသံကိုလွှင့်လျက် မောရှေကိုခေါ်တော်မူ၍၊ 2သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ ဆက်ရမည်။
3နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားမှာဆက်ရမည်။ 4ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။ 5ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနား ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ 6ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။ 7အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊ 8ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။ 9ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
10သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ 11ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ 12ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့် ဆီဥကိုစုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာခင်းရမည်။ 13ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တစ်ကောင်လုံးကိုဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
14ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ဆက်ရမည်။ 15ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။ 16စလုတ်မှစ၍ စလုတ်၌ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင်အရှေ့ဘက်နား၌ ပစ်ထားရမည်။ 17အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာမီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။

ဝတ်ပြုရာကျမ်း - ၁ (အနက်ဖွင့်)

၁။ ယဇ်ပူဇော်ခြင်းအမျိုးအစားများ (::)

(ကမီးရှို့ရာယဇ်ပူဇော်ခြင်း (အခန်း )

ပရိသတ်စည်းဝေးရာထဲမှ ဘုရားသခင်က မောရှေအား ဆင့်ခေါ်သည်ဟူသော ကျမ်းစကားဖြင့် ဝတ်ပြုရာကျမ်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော် တိုက်ရိုက်နားထောင်ကြားရ၍ အခြားကျမ်း မရှိကြောင်း နားလည်ရသည်။ စိမ်ပြေနားပြေအာရုံ စူးစိုက်သမထပြုအပ်သော စကားတော် ဖြစ်သည်။ ပူဇော်သက္ကာပြုပုံနည်း (၅)မျိုး ပြဌာန်းထားသည်။ မီးရှို့၊ ဘောဇဉ်၊ မိဿဟာယ၊ ဒုစရိုက်ဟု စာကိုအားဖြင့် မှတ်သားနိုင်သည်။ ပထမသုံးခုသည် စိတ်ပါဝင်စားသည့်အတိုင်း ပူဇော်ရ၍ နောက်နှစ်ခုသည် မဖြစ်မနေ၊ ဝတ္တရားအရ ပူဇော်ရသော ပူဇော်သက္ကာဖြစ်သည်။

ဘုရားရှင် ဣသရေလအမျိုးအား သူတို့ မွေးမြူသည့်ယဉ်ပါးသောတိရစ္ဆာန်များမှ ယဇ်ပူဇော်စေရမည့် အကြောင်း ပြဌာန်းသည်။

အခန်း(၁)သည် မီးရှို့ပူဇော်ခြင်း (ဟေဗြဲ òlãh)အကြောင်းဖြစ်သည်။ မီးရှို့ယဇ်ပူဇော်ခြင်း (၃)ဆင့်ခွဲခြားထားသည်။ နွားထီး(ငယ် ၃နှင့်၅) ဖြစ်၍ အပြစ်ဆိုစရာမရှိရ။ နောက်တစ်ဆင့်မှာ အပြစ်တင်စရာမရှိသောသိုး သို့မဟုတ် ဆိတ်ထီး(ငယ် ၁၀)ဖြစ်၍ တတိယတစ်ဆင့်မှာ ခို သို့မဟုတ် ချိုးကလေး (ငယ် ၁၄)ဖြစ်သည်။ မီးရှို့ပူဇော်သော တိရစ္ဆာန်တိုင်းသည် ယဉ်ပါးသော တိရစ္ဆာန်များဖြစ်သည်။ ရိုင်းစိုင်းသောတိရစ္ဆာန်များဖြင့် ဘုရားသခင်ထံတော်သို့ ယဇ်မပူဇော်ရ။

Peter Pell က နွားထီးသည် ယဉ်ပါးခြင်း၊ ဇွဲလုံ့လရှိရှိ အလုပ်လုပ်ခြင်းရှိသောကြောင့် ခရစ်တော်ဘုရား၏ စိတ်ရှည်သည်းခံခြင်း၊ မမောနိုင်၊ မပန်းနိုင် လူသားများအတွက်အလုပ်လုပ်ခြင်း၊ ခမည်းတော်ဘုရား၏ အလိုဆန္ဒနှင့်အညီ မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းတို့ကို သရုပ်ဖော်သည်ဟုဆိုသည်။ သိုးသည် ခရစ်တော်ဘုရား၏ ယဉ်ကျေးသိမ်မွေ့မှု၊ မိမိကိုယ်ကိုနှိမ့်ချမှု၊ ဘုရားရှင်၏ အမိန့်ကို အာခံခြင်း မပြု၊ မိမိကိုယ်ကို အမြဲတမ်းလက်မြှောက်အရှုံးပေးခြင်း ပုံဆောင်သည်။ ခိုသည် ကောင်းကင်ယံမှ ဆင်းသက်လာခြင်း၊ ဝမ်းနည်းကြေကွဲခြင်း သရုပ်ဆောင်သည်။

ကြည့်လော့၊ အပြစ်မဲ့သူအသေခံရှာပြီ၊

            အကျွန်ုပ်အတွက်၊ ကားတိုင်ပေါ်မှာ၊

            ဘုရားသခင်၏ သိုးသူငယ် အပူဇော်ခံရှာ

            ငါ့အတွက် အသက်စတေးခဲ့လေပြီ။

                                                                        ရှေးစာဆိုတစ်ဦး

ယဇ်ပူဇော်သူ၏တာဝန်။ မီးရှို့ပူဇော်မည့်ယဇ်ကောင်ကို ပရိတ်သတ်စည်းဝေးရာတဲတော်တံခါးဝ ကြေးယဇ်ပလ္လင်နားသို့ ခေါ်ဆောင်လာရသည် (ငယ် ၃)။ သူ့လက် (ငယ် ၅)၊ သိုးထီး သို့မဟုတ် ဆိတ်ထီး(ငယ် ၁၁)ကို သတ်ရသည်။ ယဇ်ကောင်၏ သားရေကိုခွာ၍ အသားကို ပိုင်းဖြတ်ရသည် (ငယ် ၆၊၁၂)။ ခြေလက်များနှင့် ဝမ်းတွင်းသားများကို ရေဖြင့်ဆေးကြောရသည် (ငယ်၉၊၁၃)။ အငယ်(၃)တွင် ပါရှိသည့် စိတ်တော်နှင့်တွေ့ခြင်းငှါ” ဟူသော စကားရပ်ကို အချို့ကျမ်းမူများတွင် “လက်ခံသည့်အတိုင်း” ဟု သုံးနှုန်းကြသည်။ အပိုဒ်ငယ်(၄)ကို ဆက်စပ်ဖတ်ရှုသတိပြုပါ။

ယဇ်ပုရောဟိတ်များ တာဝန်ဝတ္တရား၊ ယဇ်ကောင်၏ အသွေးဖြင့် ယဇ်ပုလ္လင်တစ်ခုလုံးအား ဖြန်းတောက်သည် (ငယ် ၅၊၁၁)။ မီးရှို့ရာယဇ်ပလ္လင်အားမီးထည့်သည်(ငယ် ၇ )။ ယဇ်ပူဇော်သူခုတ်ပိုင်းထားသော ယဇ်ကောင်သားကို မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ တင်ရသည်။  ယဇ်ကောင်၏ ဆီဥ၊ သားတစ်၊ ခေါင်းစသည့်ခန္ဓာကိုယ်အစိပ်အပိုင်းများကို တင်ပေးရသည် (ငယ် ၈၊၁၂)။ အရေခွံမှတပါး ယဇ်ကောင်တစ်ခုလုံးကို မီးရှို့ပူဇော်ရသည် (ငယ် ၁၃၊၇:၈)။ အကယ်၍ ငှက်ဖြင့် ပူဇော်လျှင် ယဇ်ပုရောဟိတ် ခေါင်းဖြတ်၍ အသွေးကို ယဇ်ပလ္လင်ဘေးတွင် သွန်ချသည်။ စားလုတ်မှစ၍ ဝမ်းတွင်းသား ကလီစာများကို ဆွဲထုတ်၍ယဇ်ပလ္လင်အရှေ့ဘက်တွင် ပစ်ထားရသည်။ ယဇ်ကောင်ကို ရင်ဘတ်မှ နှစ်ခြမ်းခွဲ၍ ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရသည်။ မီးရှို့ခြင်းဆိုသည်မှာ မွှေးကြိုင်သော ပူဇော်ရနံ့သာဖြစ်စေခြင်း ဖြစ်သည်။ အပြစ်ဖြေပူဇော်သက္ကာတွင်မူ တခြားဝေါဟာရသုံးနှုန်းသည်။

ယဇ်ကောင်သားခွဲဝေခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ဘုရားသခင်အတွက် မီးရှို့ပူဇော်ပစ်သဖြင့် ယဇ်ပူဇော်သူသည် ရစရာဝေစုမရှိ။ ယဇ်ပုရောဟိတ်က ယဇ်ကောင်၏သားရေရရှိသည် (၇:၈)။

ယဇ်ပူဇော်သူက မီးရှို့ပူဇော်ရာ ယဇ်ကောင်ယူဆောင်လာခြင်းသည် သူ့ဘဝတစ်ခုလုံးအား ဘုရားသခင်သို့ လက်မြှောက်အရှုံးပေးကြောင်း၊ ဘုရားသခင်ကို ကိုးကွယ်ပူဇော်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်။ ဤပြုမူဆောင်ရွက်ပုံနှင့်ပတ်သက်၍ သင်ခန်းစာအမျိုးမျိုး အဖုံဖုံထုတ်ယူကြသည် (အသေးစိတ်ကို ကျမ်းစာအဘိဓာန်တွင် လေ့လာပါ)။

ပုံဆောင်ခြင်း၊ မီးရှို့ရာယဇ်ပူဇော်သက္ကာပြုခြင်းသည် ခြောက်ပြစ်ကင်းသဲလဲစင် ခရစ်တော်ရှင်ဘုရား၏ ယဇ်ပူဇော်ခြင်းကို ပုံဆောင်သည်။ ဘုရားသခင်၏ သိုးသူငယ်သည် ကရာနီကုန်းပေါ်တွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း မီးလျှံ၌ လောင်ကျွမ်းခဲ့သည်။ ထိုအကြောင်းကို Amelia M.Hull က ဤသို့ သီချင်းဖွဲ့ဆိုခဲ့သည်။

ယဇ်ပလ္လင်နားသို့ ချဉ်းကပ်လာ

            သိုးသူငယ်သက်သေခံဖို့ရာ။

            ငါ့အတွက်တစ်ကိုယ်လုံးမီးလောင်ပြာကျရှာ

            မွှေးရနံ့သည်သင်းပျံ့လျက်

            ထက်ကောင်းကင်ယံဆီသို့

            အဘဘုရားသခင် လက်ခံဖို့ရာ သင်းလှိုင်စွာ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။