ဝတ်ပြုရာကျမ်း - ၁၈

ရှောင်ကြဉ်ရမည့်ကာမစပ်ယှက်မှု
1-2တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ 3သင်တို့နေဖူးသော အဲဂုတ္တုပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့ကို ငါပို့ဆောင်လတ္တံ့သော ခါနာန်ပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့သည်မကျင့်၊ သူတို့တရားလမ်းသို့ မလိုက်ရကြ။ 4ငါစီရင်ချက်ရှိသည်အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှာ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ 5ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
6သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဖော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။ 7သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကို မချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသမပြုရ။ 8ကိုယ်အဘ၏မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာ ဆိုင်၏။ 9တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။ 10ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။ 11အမိခြားသော်လည်း တစ်ဘတည်းဖြစ်သော နှမကိုမချဉ်းရ။ 12သင့်အဘ၏ပေါက်ဖော်ရင်းဖြစ်သော အဘ၏နှမကိုလည်းကောင်း၊ 13သင့်အမိ၏ပေါက်ဖော်ရင်းဖြစ်သော အမိ၏ညီအစ်မကိုလည်းကောင်း၊ 14အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကိုလည်းကောင်း၊ 15သား၏မယားတည်းဟူသော ချွေးမကိုလည်းကောင်း၊ 16ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကိုလည်းကောင်း မချဉ်းရ။ 17ကိုယ်မယား၏ပေါက်ဖော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။ 18ကိုယ်မယားကိုနှောင့်ယှက်ခြင်းငှာ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။
19ဥတုရောက်၍ မစင်ကြယ်သောမိန်းမကိုလည်း မချဉ်းရ။ 20ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ 21သင်၏သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့်မပူဇော်ရ။ သင်၏ဘုရားသခင်နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ 22မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။ 23ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။
24ထိုသို့သောအမှုအားဖြင့် ကိုယ်ကိုကိုယ်မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည်၊ ထိုသို့သောအမှုကိုပြု၍ ညစ်ညူးကြ၏။ 25သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။ 26-28သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တစ်ဖန်ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှာ၊ ကိုယ်အမျိုးသားဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို မပြုရ။ သင်တို့ရှေ့၌ရှိသောပြည်သားတို့သည် ထိုသို့သောရွံရှာဖွယ်အမှုတို့ကို ပြုသောအားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။ 29ထိုသို့သောရွံရှာဖွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းခံရမည်။ 30သို့ဖြစ်၍ သင်တို့ရှေ့၌ပြုဖူးသော ထိုရွံရှာဖွယ်ထုံးစံဓလေ့သို့ သင်တို့သည်လိုက်၍၊ ကိုယ်ကိုကိုယ်မညစ်ညူးစေခြင်းငှာ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

ဝတ်ပြုရာကျမ်း - ၁၈ (အနက်ဖွင့်)

၇။ တစ်ဦးခြင်းဆိုင်ရာပညတ်ချက် (အခန်း ၁၈၂၂)

(ကကာမစင်ကြယ်ခြင်း (အခန်း ၁၈၂၂)

          ၁၈: အခန်းကြီး (၁၈)တွင် တရားဝင်လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ လင်မယားအဖြစ် အတူတူနေရသည့် အဲဂုတ္တုပြည်သားတို့၏ အကျင့်၊ ခါနန်ဒေသခံပြည်သူများ၏ အကျင့်မျိုးမကျင့်ကြရန် ကြိုတင်တားမြစ်ထားသည်။ ထိုကဲ့သို့ကျင့်ကြံခြင်း မပြုဘဲ၊ ဘုရားရှင်မိန့်မှာသည့်အတိုင်း ကာမစင်ကြယ်ဖို့ ပြဌာန်းထားသည်။

၁၈:၁၈ ဖုံးကွယ်ခြင်းမရှိဘဲ ကိုယ်လုံးတီးဖြစ်ခြင်းဆိုသည်မှာ ယောက်ျားနှင့် မိန်းမလင်မယား အဖြစ်နေခြင်းကို ဆိုလိုသည်။ အပိုဒ်ငယ် ၆သည် အားလုံး ခြုံငုံ၍ ဆိုခြင်းဖြစ်သည်။ သွေးနီးစပ်သူအချင်းချင်း လင်မယားမနေရ။ ဘခင်နှင့်သာဆိုင်သော မိန်းမ (ငယ်၇)၊ မိထွေး၊ အဒေါ်(ငယ်၈)၊ နှမ၊ တဝမ်းကွဲ မောင်နှမ(ငယ်၉)၊မြေး(ငယ်၁၀)၊ မိတူဘကွဲမောင်နှမ(ငယ်၁၁)၊ ကြီးတော်၊ အဒေါ်၊ အရီး(ငယ်၁၂၊၁၃)၊ ဦးလေး(ငယ်၁၄)တို့နှင့် လင်မယားမနေရ။ ခေတ်သစ်ဆေးပညာနှင့် စိတ်ပညာရှင်များက သွေးသားနီးစပ်သူများ၏ သားသမီးများသည် စိတ်ပိုင်းနှင့် ဉာဏ်ပိုင်းတွင် အားနည်းကြသည်။ ဖောက်ပြန်ကြသည်ဟု လေ့လာတွေ့ရှိကြသည်။ ထို့အပြင် ခင်ပွန်းသည်နှင့် အသွေးသား တော်စပ်သောသူများကိုလည်း တားမြစ်ထားသည် (ငယ်၁၄-၁၆)။ တစ်ခါတရံ သွေးသားမတော်စပ်သော်လည်း အမိုးတစ်ခုတည်းအောက်တွင် အတူတကွကြီးပြင်းလာသူများကိုလည်း ဆွေမျိုးဟုခံယူကြသဖြင့် ထိုသို့ခံယူသူများလည်း အကြုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် က၂:၂၄တွင် လင်မယားဟူသည်မှာ မိမိတို့မိဘများကို စွန့်လွှတ်၍ နှစ်ယောက်တစ်ဘဝထူထောင် ခြင်းဟုဆိုသည်။ ထိုသူများသည် တစ်အိမ်တည်းတွင် အတူတကွ ကြီးပြင်းလာသူများဖြစ်၍ မိဘများ အတူတူ ဖြစ်သည်ဟု ယူဆစရာရှိပါသည်။ မိမိချွေးမ၊ မယားပါသမီးနှင့် မြေးမများလည်း မပေါင်းသင်းရ (ငယ်၁၇)။ မိန်းမနှင့် အပြိုင်ခယ်မကိုလည်း မယူရ(ငယ်၁၈)။ ဟန္နနှင့် ပေနိန္နဇာတ်လမ်းကို ကြည့်ပါ (၁ရာ၁-၈)။ အပိုဒ်ငယ် ၁၆ကို နောင်တွင်တ ရား ၂၅:၅ တွင် မွမ်းမံထားသည်။ သားသမီးမထွန်းကားဘဲသေလျှင် ထိုအိမ်ထောင်ပြုခြင်းကို လေဝိစဉ် တစ်အိမ်ထောင်ဟုခေါ်စမှတ်ပြုကြသည်။

၁၈:၁၉၂၁ အမျိုးသမီး ရာသီလာနေစဉ် ပေါင်းသင်းခြင်းမပြုရ။ အိမ်နီးနားချင်းများနှင့် လူမှုဖောက်ပြန်ခြင်းမပြုရ။ မိမိသားသမီးငယ်များကိုလည်း မောလုတ်ဘုရားအား မီးပူဇော်ခြင်းမပြုရ။ (၄ရာ ၂၃:၁၀)၊ ယော ၃၂:၃၅)။ မောလုတ်ဘုရားသည် အာမ္မုန်နစ်များ၏ ဘုရားဖြစ်သည်။ ထိုဘုရားတုသည် ဟိနုန်ချိုင့်ဝှမ်း၌ ရှိသည်။ ထိုအကြောင်းကို Franics Schaeffer က ဤသို့ရှင်းပြသည်။

ဤသို့အဆိုရှိခဲ့သည်။ ကြေးရုပ်တုကြီးကျောဖက်မှ အပေါက်ကြီးဖောက်ထားပြီး၊ ထိုထဲတွင် မီးရှိသည်။ ကလေးမိဘများသည် ထိုနေရာမှ သားသမီးဦးကို ခေါ်ဆောင်လာသောအခါ မောလုတ်ဘုရားသည် လက်နှစ်ဖက်ဖြင့် လှမ်းဆွဲသည်။ ထို့ကြောင့် မိဘများသည် သားသမီးများအား ထိုမောလုတ်ဘုရားထံသို့ ခေါ်သွားလိုခြင်းမရှိကြ။ ဗုံသံလည်း ကျယ်လောင်စွာသီးခတ်ကြသဖြင့် ကလေး၏ အော်သံမကြားရ။ ထိုသို့ဖြင့် မောလုတ်လက်ထဲတွင် ကလေးများ သေဆုံးကြရသည်။၂၂

၁၈:၂၂၂၃ လိင်တူအချင်းချင်းသော်၎င်း၊ တိရစ္ဆာန်နှင့်သော်၎င်း၊ ကာမဆက်ဆံခြင်းကို တားမြစ်သည်။ ထိုသို့လိင်တူဆက်ဆံခြင်းသည် ယနေ့ခေတ်ကာလတွင် AIDS ဟုလူသိများလာသည့် ရောဂါဆိုးကို ဘုရားသခင်က သိရှိသောကြောင့် တားမြစ်ခြင်းဖြစ်သည်။

၁၈:၂၄၃၀ အပိုဒ်ငယ် ၁-၂၃သည် တားမြစ်ချက်၊ ရောင်ပြန်စရာများဖြစ်၍ အပိုဒ်ငယ် ၂၄-၃၀တွင် အဘယ်ကြောင့် ထိုကဲ့သို့ မပြုရမည့်အကြောင်း ရှင်းပြထားသည်။ မစင်ကြယ်ခြင်းသည် မတော်တဆမှုမဟုတ်ပါ။ ရုပ်တုဆင်းတု ဘုရားတု ကိုးကွယ်ခြင်းသည်လည်း အတူတူဖြစ်သည်။ (အခန်း ၂၀)ကိုလည်း ကြည့်။ လူတစ်ဦး၏ ကိုယ်ကျင့်သိက္ခာ အသီးအပွင့်သည် ဘုရားတရားသိရှိခြင်းအပေါ်တွင် မူတည်သည်။ ခါနန်သားများသည် ရုပ်တုဆင်းတု ဘုရားတုများကို ထုတ်လုပ်ကြသောကြောင့် အကုသိုလ်များကြသည် (ငယ် ၂၄-၂၇)။ ထိုခါနန်မြေအား ဣသရေလတို့ သိမ်းပိုက်သောအခါ ယေဟောဝါ ဘုရားသခင် ညွှန်ကြားချက်အတိုင်း ဖျက်ဆီးကြသည်။ ခါနန်ပြည်သားများ၏ ကိုယ်ကျင့်တရား နိမ့်ကျပုံကို အငယ် ၂၄-၃၀တွင် ဖော်ပြထားသည်။        ထိုသို့နိမ့်ကျသည့်အတိုင်း ဘုရားသခင်က အရေးယူအပြစ်ပေးခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။