ဝတ်ပြုရာကျမ်း - ၁၇

သွေး၏သန့်ရှင်းခြင်းဆိုင်ရာပညတ်
1တစ်ဖန် မောရှေအားထာဝရဘုရားက၊ 2သင်သည် အာရုန်နှင့်သူ၏သား၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 3ဣသရေလအမျိုးသား တစ်စုံတစ်ယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာသတ်သည်ဖြစ်စေ၊ 4ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ 5ဣသရေလအမျိုးသားတို့သည် တော၌ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်စေခြင်းငှာ ထိုသို့စီရင်ရသတည်း။ 6ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ဖျန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဖို့မီးရှို့ရမည်။ 7သူတို့သည် အထက်ကမှားယွင်းသကဲ့သို့ နောက်တစ်ဖန် နတ်ဆိုးတို့အားယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော် ဖြစ်သတည်း။ 8ဣသရေလအမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်တစ်စုံတစ်ခုကို ပူဇော်သောအခါ၊ 9ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ၊ ပရိသတ်စည်းဝေးရာတံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု သူတို့အားဆင့်ဆိုရမည်။
10ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားတစ်စုံတစ်ယောက်သည်၊ အသွေးတစ်မျိုးမျိုးကိုစားလျှင်၊ ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။ 11အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။ 12ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တစ်ပါးအမျိုးသားလည်း အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ 13ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ မုဆိုးလုပ်၍စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ 14အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစ်စုံတစ်ခုသောကိုယ်ခန္ဓာ၏အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။ 15အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၏အသားကို စားသောကိုယ်အမျိုးသား၊ တစ်ပါးအမျိုးသားမည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။ 16အဝတ်ကိုမလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကိုကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော်မူ၏။

ဝတ်ပြုရာကျမ်း - ၁၇ (အနက်ဖွင့်)

၆။ ယဇ်ပူဇော်ခြင်းထုံးနည်းနာ (အခန်း၁၇)

၁၇: ကျမ်းစာပညာရှင်များက အပိုဒ်ငယ် ၁-၉ကို အမျိုးမျိုးရှုမြင်ကြသည်။ (၁)တဲတော်ရှေ့တွင် ယဇ်ပူဇော်ခြင်းမှ လွဲ၍ မည်သည့်တိရစ္ဆာန်မှ မသတ်ရ။ (၂)ယဇ်ပူဇော်ရသော သတ္တဝါများကို ယဇ်ပူဇော်ရာတဲတော်ရှေ့မှ လွဲ၍ အခြားသောနေရာများတွင်မသတ်ရ။ (၃) ဣသရေလများ ကန္တာရတောမှာ ချီတက်နေစဉ်ယဇ်ပူဇော်ခြင်းမှလွဲ၍ တိရစ္ဆာန်သတ်ဖြတ်စားသောက်ခြင်း မပြုရ။ သို့သော် ကတိတော်မြေ ရောက်လျှင်ဤပညတ်ချက်ပြောင်းလဲသည် (တရား ၁၂:၁၅)။ Morgan က ဤသို့ရှင်းပြသည်။

ဟေဗြဲ ဝေါဟာရကို Satyr ပြန်ဆိုကြရာတွင် (KJV ကျမ်းမူတွင် မကောင်းဆိုးဝါး၊ ASV ကျမ်းမူတွင် ဆိတ်ဝိညာဉ်)ဟု ဆိုကြသည်။ တိုက်ရိုက်ပြန်ဆိုလျှင် အမွှေးထူသောသတ္တဝါဟု အနက်ရသည်။

American Version.

ဟေရှာ ၁၃:၂၁ နှင့် ၂၄:၁၄ ၌တောဆိတ်ဟုပြန်ဆိုသည်။ Satyr သည်ဆိတ်တစ်ပိုင်းလူတစ်ပိုင်း၊ နတ်ဖြစ်သည်။ အဲဂုတ္တု ယဉ်ကျေးမှုတွင် ထိုဆိတ်လူကို Pan ဟုခေါ်၍ ကိုးကွယ်ကြသည်။ ထို့ကြောင့် အဲဂုတ္တုပြည်သားများ ကိုးကွယ်ရသော ရုပ်တုဆင်းတု ဘုရားတုဟု မှတ်ယူနိုင်သည်။၂၁

၁၇:၁၀၁၄ ယဇ်ကောင်အသွေးကို မစားသောက်ရ။ အသွေးသည် အပြစ်ဖြေရာဖြစ်သည်။ စားစရာမဟုတ်ပါ။ “ကိုယ်ခန္ဓာ၏အသက်သည် အသွေး၌တည်သည်” (ငယ်၁၁)။ အပြစ်ဖြေခြင်းသည် အသက်ဆက်လက်ရှင်သန်ဖို့ဖြစ်သည်။ အပြစ်၏ အဖိုးအခသည် သေခြင်း၌ တည်သောကြောင်း “အသွေးအားဖြင့်သာလျှင် အဖိုးအခပေးဆပ်နိုင်သည်။” “အသွေးစီးခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းမရှိ။ အသွေးဖြင့် အပြစ်၏ အဖိုးအခပေးဆပ်ပြီး ဖြစ်သောကြောင့် အပြစ်ထပ်မံခွင့်လွှတ်စရာမလို။ သို့သော် ကြာလာသောအခါ တိရစ္ဆာန်အသွေးကို သွန်ခြင်းအကျင့် ကူးပြောင်းလာသည်။ အပိုဒ်ငယ် ၁၁သည် ဝတ်ပြုရာကျမ်း၏ အရေးကြီးသော ကျမ်းချက်တစ်ပုဒ်ဖြစ်သည်။ တိရစ္ဆာန်သတ်ဖြတ်ချက်ကို တိရစ္ဆာန်၏ အသွေးကို ချက်ချင်းစီးကျသွန်ပစ်ရသည်။ ထိုသို့ အသွေးသုတ်ခြင်းမရှိသောတိရစ္ဆာန် အသေကောင်များသည် မစင်ကြယ်။ အသွေးသွန်းခြင်းမရှိသော တိရစ္ဆာန်တိုင်း မစင်ကြယ်သဖြင့် မစားရ။

၁၇:၁၅၁၆ ထို့ကြောင့် အသွေးသွန်းခြင်းရှိမရှိ သေချာမသိသောအသားကို မစားရဟု တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် စင်ကြယ်သော အသားကိုသာ စားသုံးသင့်သည်။ အကယ်၍ ဤထုံးနည်းနာကို လိုက်နာကျင့်သုံးခြင်း မရှိလျှင် အရေးယူအပြစ်ပေးခြင်း ခံရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။