တရားသူကြီးမှတ်စာ - ၉

အဘိမလက်
1ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်းတို့နှင့် နှုတ်ဆက်လျက်၊ 2ယေရုဗ္ဗာလသားခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတစ်ယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။ 3ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟု ဆိုလျက် သူ့နောက်သို့ လိုက်ချင်သောစိတ် နူးညွတ်သဖြင့်၊ 4ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သောသူတို့ကို ထိုငွေနှင့်ငှား၍ အမှုကိုထမ်းစေ၏။ 5တစ်ဖန် ဩဖရမြို့၌ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကို ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံး ယောသံသည် ပုန်းရှောင်၍နေသောကြောင့် ကျန်ရစ်သတည်း။ 6ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုး အပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ် သပိတ်ပင်အနားမှာစည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။
7ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာရပ်လျက် အသံကိုလွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။ 8သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှာ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊ 9သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ 10တစ်ဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊ 11သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသောအရသာနှင့် ကောင်းသောအသီးကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ 12တစ်ဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊ 13စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ 14တစ်ဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊ 15ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှာ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန်အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။ 16ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကိုစောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။ 17ငါ့အဘသည် သင်တို့အဖို့ စစ်တိုက်၍ ကိုယ်အသက်ကိုစွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နုတ်လေပြီ။ 18သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတစ်ဖက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သောသား အဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သောကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။ 19ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။ 20သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊ 21အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍နေလေ၏။
22အဘိမလက်သည် ဣသရေလအမျိုးကိုအုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊ 23ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားစပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကိုဖျက်ကြ၏။ 24အကြောင်းမူကား၊ ယေရုဗ္ဗာလ၏သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သော သူတို့ညီအစ်ကို အဘိမလက်အပေါ်သို့လည်းကောင်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့လည်းကောင်း ရောက်ရမည်အကြောင်းတည်း။ 25ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှာ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည် ကြား၏။ 26ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကိုကိုးစားကြ၏။ 27ဥယျာဉ်၌လည်လျက် စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကိုပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်းသို့သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။ 28ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက်ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘ ဟာမော်လူတို့၏အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။ 29ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍လည်းကောင်း၊ အဘိမလက်အား သင်၏ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍လည်းကောင်း ဆို၏။ 30ဧဗက်၏သား ဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍ 31ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့သို့လာ၍ ကိုယ်တော်တစ်ဖက်၌ မြို့ကိုပြင်ဆင်ကြပါ၏။ 32သို့ဖြစ်၍ ညအခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။ 33နံနက်စောစော နေထွက်စကထ၍ မြို့ကိုတိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်းပြုတော်မူပါဟု ကြားလျှောက်လေ။
34အဘိမလက်သည် သူ၌ပါသမျှသော လူတို့နှင့်တကွ ညအခါထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။ 35ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှထကြ၏။ 36ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။ 37တစ်ဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊ 38ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသောနှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊ 39ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက်၍ အဘိမလက်ကို တိုက်လေ၏။ 40အဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍သေကြ၏။ 41အဘိမလက်သည် အရုမမြို့မှာနေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှာ နှင်ထုတ်လေ၏။ 42နက်ဖြန်နေ့၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊ 43မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍လုပ်ကြံလေ၏။ 44အဘိမလက်သည် မိမိလူတစ်စုနှင့် မြို့တံခါးဝသို့ ပြေးတက်၍ စောင့်နေ၏။ အခြားသော လူနှစ်စုတို့သည် တော၌ရှိသော လူတို့ဆီသို့ပြေး၍ သတ်ကြ၏။ 45အဘိမလက်သည် တစ်နေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကိုဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။
46ထိုသတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။ 47ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊ 48ကိုယ်တိုင်မှစ၍ ပါသောသူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင်၊ အဘိမလက်သည် ပုဆိန်နှင့် သစ်ခက်ကိုခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အားဆိုလျှင်၊ 49သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တစ်ထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။
50ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။ 51သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တစ်ခုရှိ၍၊ မြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက်ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်း ပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။ 52အဘိမလက်သည် ရဲတိုက်ကို လာ၍တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှာ ချဉ်းကပ်သောအခါ၊ 53မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို အဘိမလက်ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံပေါက်ကွဲလေ၏။ 54သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှာ၊ သင့်ဓားကိုထုတ်၍ ငါ့ကိုသတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည်ထိုး၍ အဘိမလက် သေလေ၏။ 55အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။ 56ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။ 57ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင် ရောက်စေတော်မူသဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။

တရားသူကြီးမှတ်စာ - ၁ (အနက်ဖွင့်)

: အဘိမလက်(ငါ့အဖေဘုရင်ဟုအနက်ရသည်)သည် ဂိဒေါင်၏သားတစ်ယောက်ဖြစ်သည်။ ဣသရေလတို့၏ တရားသူကြီးမဟုတ်သော်လည်း မထိုက်မတန် အာဏာသိမ်းပိုက်သူဖြစ်သည်။ အာဏာရယူဖို့ မည်သည့်အရာမဆို ရက်စက်ဝံ့သူဖြစ်သည်။ ညီအငယ်ဆုံး ယောသံမှလွဲ၍ ကျန်ညီအကို (၆၉)ဦးကို ကွပ်မျက်ပစ်သည်။ ဘုမသိဘမသိ ရှေခင်တောသားများကို စည်းရုံးသိမ်းသွင်းပြီး ရာထူးတက်ယူသည်။ ဘုရင်သဖွယ်စိုးစံသည်။ အပိုဒ်ငယ်(၂)တွင် ပါရှိသည့်သား(၇၀)ကို အပိုဒ်ငယ်(၅)တွင် အကုန်သတ်ပစ်သည် ဆိုသည်မှာ အကြမ်းဖျဉ်းခေါ်ဆိုခြင်းဖြစ်သည်။ အတိအကျ ကိန်းဂဏန်းမဟုတ်။

:၁၅ ဤကျမ်းချက်တွင် ပုံဆောင်ချက် သင်ခန်းစာအများအပြားရှိသကဲ့သို့ လေးနက်သော အဓိပ္ပါယ်များလည်းရှိသည်။ ဓမ္မဟောင်းကျမ်း သင်ခန်းစာတစ်ခုသာရှိကြောင်း Jensen က ဤသို့ဆိုသည်။

အဘိမလက်၏ သတင်းစကားကြားသိသောအခါ ယောသံသည် ဂေရဇိမ်တောင်ပေါ်မှ အောင်လွင်ပြင်ရှိ လူထုပရိသတ်အပေါင်းသို့ အော်ဟစ်စကားဆိုသည်။ သူ့ရင်ထဲမှ ထွက်လာသော စကားသံများကို ပရိသတ်ကြီးက ကောင်းစွာ နားစွင့်ကြသည်။ သူ့စကားများသည် ထူးခြားစိတ်ဝင်စားဖွယ်ရာ ပုံဥပမာများဖြစ်သည်။ လူအများသိမြင်သော သစ်ပင်ကို ရှင်ဘုရင်အဖြစ် တင်မြှောက်ရသည်ဟုဆိုသည်။ ဖခင် ဂိဒေါင်နှင့် သူ့အကိုများကို သံလွင်ပင်နှင့် ခိုင်းနှိုင်းတင်စားသည်။ သဖန်းပင်၊ စပျစ်ပင်များသည် ဉာဏ်ပညာရင့်ကျက်ကြသောကြောင့် အများပြည်သူက ရှင်ဘုရင်အဖြစ် လာရောက် ကမ်းလှမ်းသော်လည်း မထိုက်တန်ကြောင်း ဝန်ခံ၍ ငြင်းဆိုကြသည်။ ဉာဏ်ပညာမရှိ၊ ရင့်ကျက်တည်ငြိမ်ခြင်းမရှိသော လူဆိုးလူသွမ်းမူကား၊ အများပြည်သူ ချီးမြှောက်ခြင်းကို မစောင့်၊ မျက်နှာမထောက်ထားဘဲ၊ အတင်းအဓမ္မ သဘော သိမ်းယူကြသည်။ အကယ်၍ သစ်ပင်များက မင်းမတင်မြှောက်လျှင် မိုးမြေမီးရှို့မည့်သူ ဖြစ်သည်။

:၁၆၂၁ အကယ်၍ သူ့အကိုများကို သတ်ဖြတ်ကြခြင်းသည် မှန်ကန်သော လုပ်ဆောင်ချက်မှန်လျှင် ပြည်သူများသည် မင်းသစ်အပေါ်တွင် အမှန်ဧကန် ပျော်ရွှင်ကြရလိမ့်မည်ဟု ယောသံက ဆိုသည်။ သို့သော်လည်း ထိုစကားအတိုင်း မဟုတ်လျှင် အဘိမလက်နှင့် ရှေခင်သားများသည် အချင်းချင်း ပြည်တွင်းစစ်ဖြစ်ပွားကြမည်ဟု ဆိုသည်။

:၂၂၃၃ ယောသံစကားသည် သွေးထွက်အောင်မှန်သည်။ သုံးနှစ်ကြာလာသောအခါ ဘုရားသခင်က အဘိမလက်နှင့် ရှေခင်သားများကြားသို့ ဝိညာဉ်ဆိုးစေလွှတ်သည်။ ဘုရားသခင်သည် ဝိညာဉ်ဆိုးတို့၏ အရှင်သခင်မဟုတ်သော်လည်း ဘုန်းတန်ခိုးအာဏာသက်ရောက်စေနိုင်သည်။ အထူးသဖြင့် မကောင်းဆိုးဝါးများ အသုံးချစရာရှိသည့်အခါ အစေခိုင်းသည် (၁ရာ ၁၆:၁၄၊ ၃ရာ ၂၂:၁၉-၂၃ တု့ကို ယှဉ်ဖတ်ပါ)။ ရှေခင်လူများသည် အနီးအနားပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာသူ ခရီးသည်များအား လုယက်ဓါးပြတိုက်ကြသည်။ ထိုသို့ မတရား ငွေရှာကြခြင်းမှာ အဘိမလက်ကောက်ခံသော ဝန်ထုပ်ဝန်ပိုးကြီးပေးဆက်ဖို့ (ငယ် ၂၅)ဖြစ်သည်။ ဧဗက်၏ သားဂါလက အဘိမလက်သည် မည်သူနည်း၊ မည်သည့်လူစားမျိုးဖြစ်၍ ရှေခင်သားတို့က အခွန်အတုတ် ဆက်သရသနည်း ဟု အော်ဟစ်ကြုံးဝါးသည်။ အဘိမလက်၏ လူယုံတော်မြို့အုပ် ယေဗုလက အဘိမလက်မင်းအား တိတ်တဆိတ်သွားရောက် တိုင်တန်းပြီး၊ ရှေခင်မြို့အား စီးနင်းရန် အကြံသွားပေးသည်။

:၃၄၄၀ နောက်တစ်နေ့ နံနက် မြို့တံခါးဝသို့ ဂါလရောက်ရှိသောအခါ တောင်ပေါ်မှ လူအုပ်ကြီးပြေးဆင်းလာကြသည်။ ပထမဦးစွာ ယေဗုလက တစ်ဘက်တွင် လူအုပ်ရိပ်လှမ်းမြင်ရသည်။ ထိုလူအုပ်ကြီးသည်လည်း ပြေးဆင်းလာကြသည်။ ယေဗုလက စိမ်ခေါ်တိုက်ခိုက်ကြရာ ဂါလ၏လူအများအပြား သေကြေပျက်စီးကြသည်။ တိုက်ပွဲပြီးဆုံးသွား၍ အဘိမလက်၏ လူများသည် မြို့ထဲသို့ ပြန်သွားကြသည်။

:၄၁၄၄ အဘိမလက်သည် အရုမမြို့တွင် ရှိနေသည်။ ဇေဗုလသည် ဂါလတို့ညီအကိုများအား ရှေခင်မြို့မှ တစ်ဖက်လှည့်ဖြင့် မောင်းထုတ်သည်။ နောက်တစ်နေ့တွင် ရှေခင်သားများ မြို့ထဲမှ ထွက်လာကြသောအခါ အဘိမလက်တို့ လူအုပ်သည် လူစုသုံးစုခွဲ၍ ဂါလ၏လူများအား ကင်းပုန်းဝပ်တိုက်ခိုက်ကြသည်။ လူအုပ်စုတစ်စုက မြို့ထဲနှင့်အဆက်အသွယ်မရနိုင် ဖြတ်တောက်ရေး တာဝန်ယူသည်။ ထိုသို့ဖြင့် အဘိမလက်တို့သည် အောင်မြင်သော ကင်းပုန်းစစ်ဆင်နွှဲခဲ့ကြသည်။

:၄၅ တိုက်ပွဲပြီးဆုံးသောအခါ ရှေခင်မြို့သည်လည်း ဖွတ်ဖွတ်ကြေနေသည်။ မြို့သူမြို့သားများ သေကြေကြသည်။ မြို့လည်းပြာကျသည်။ မြို့ကိုဆားပတ်ဖြန်းခြင်းဆိုသည်မှာ အဘိမလက်၏ ရက်စက်မှုသင်္ကေတဖြစ်သည်။ တစ်သက်လုံး စိုက်ပျိုးလုပ်ကိုင်စားသောက်မရအောင် ပြုလုပ်ခြင်းဖြစ်သည်။

:၄၆၄၉ ရှေခင်မြို့မျှော်စင်သည် ဗေရိတ်ဘုရားကျောင်းအနီးတွင် ရှိသည်။ မြို့သူမြို့သားများသည် ဗေရိတ်ဘုရားကျောင်းဝင်းကျယ်ထဲသို့ ပုန်းခိုကြသည်။ ထိုသတင်းကြားသိသောအခါ အဘိမလက်သည် သူ၏လူများနှင့်အတူ ဇလမုန်တောင်မှ သစ်ကိုင်းသစ်ခက်များ သွားထမ်းလာကြပြီး၊ ဗေရိတ်ဘုရားကျောင်းကို မီးရှို့ကြသည်။ လူပေါင်းတစ်ထောင်ကျော် သေကြေပျက်စီးမီးလောင်ကြသည်။

:၅၀၅၇ အဘိမလက်သည် ကံကြမ္မာငင်ဖို့ သေဗက်မြို့ကို စီးနင်းဖို့ ကြိုးစားပြန်သည်။ မြို့သူမြို့သားများသည် မြို့ရိုးပိတ်၍ ပုန်းအောင်းကြသည်။ အဘိမလက်သည် မြို့ရိုးအား မီးရှို့ဖျက်ဆီးရန် ချဉ်းကပ်ပြင်ဆင်နေစဉ် မြို့သူတစ်ဦးသည် မြို့ရိုးပေါ်မှ အဘိမလက်ဦးခေါင်းပေါ်သို့ ကျောက်ဆုံ ပစ်ချသည်။ အဘိမလက် ခေါင်းကွဲ၍ သေလုမတတ်ဒဏ်ရာ ရရှိသည်။ မိန်းမတစ်ယောက်၏ ခဲပေါက်သတ်မှုဖြင့်သေလျှင် သိက္ခာကျသောကြောင့် အဘိမလက်သည် တိုက်ပွဲတွင် ကျဆုံးသည့်ဟန်ဖြင့် သူ့တပည့်အား သူ့ကို သတ်ခိုင်းသည်။ ယောသံပြောစကားအတိုင်း အဘိမလက်ကြုံတွေ့သည်။

သူတစ်ပါးကို ဓားဖြင့် သတ်သူသည် ကံတူအကျိုးပေးခံစားရသည်။ အဘိမလက်သည် သူ့အကိုများကို ကျောက်ဆုံတစ်ဆုံတွင် အကုန်သတ်ပစ်ခဲ့သည် (ငယ် ၅)။ ထိုကဲ့သို့ပင် သူလည်း ခေါင်းပေါ်မှ ကျောက်ဆုံဖြင့် ထုသတ်ခြင်းခံရပြန်သည်။ သူများကို အသက်သတ်သည့်အတိုင်း ကိုယ့်အသက်ပေးရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။