တရားသူကြီးမှတ်စာ - ၁၀

တောလ
1အဘိမလက်လက်ထက်နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသားဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။ 2ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
ယာဣရ
3ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။ 4ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။ 5ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
ယေဖသ
6တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြု စွန့်ထားကြ၏။ 7ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌လည်းကောင်း၊ အမ္မုန်အမျိုးသားတို့၌လည်းကောင်း၊ ရောင်းတော်မူသဖြင့်၊ 8ယော်ဒန်မြစ်တစ်ဖက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလ အမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တစ်ဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။ 9အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။
10ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ 11ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်သည် မဟုတ်လော။ 12ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကိုဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နုတ်၏။ 13သို့သော်လည်း သင်တို့သည် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တစ်ဖန် ငါမကယ်နုတ်။ 14သင်တို့ ရွေးယူသောဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခုကာလ၌ သူတို့သည် ကယ်နုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။ 15ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်တို့၌ ပြုတော်မူပါ။ ယခု တစ်ကြိမ်သာကယ်နုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့တောင်းပန်ပါ၏ဟု ထာဝရဘုရားအားတောင်းလျှောက်လျက်၊ 16တစ်ပါးအမျိုးသားကိုးကွယ်သော ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုးခံရသော ဒုက္ခဆင်းရဲကြောင့် နာကျင်သောစိတ်နှလုံးရှိတော်မူ၏။ 17အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။ 18ဂိလဒ်ပြည်သား မင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏အထွတ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။

တရားသူကြီးမှတ်စာ - ၁၀ (အနက်ဖွင့်)

(တောလနှင့်ယာဣရ (၁၀:)

          ၁၀: ဣသခါ အမျိုးမှ တောလသည် ဣသရေလ တရားသူကြီးအဖြစ်ဖြင့် နှစ်ပေါင်း(၂၃)ကြာ အုပ်စိုးသည်။ သူသည် ဧဖရိမ်တောင်ပေါ်တွင် နေထိုင်သည်။

နောက်တရားသူကြီးတစ်ပါးမှာ ဂိလဒ်အမျိုးမှ ယာဣရဖြစ်၍ ဣသရေလအမျိုးအား (၂၂)ကြာ ကြီးစိုးသည်။ သား(၃၀)ယောက်ထွန်းကား၍ မြို့(၃၀)မြို့အသီးသီး စားကြသည်။

(ယေဖသ (၁၀:၁၈)

၁။ ဣသရေလတို့ ကံဆိုးမိုးမှောင်ကျခြင်း (၁၀:)

          ၁၀: ဣသရေလလူတို့၏ ဘုရားသခင်ပြစ်မှားကြပုံ၊ ရုပ်တုကိုးကွယ်ကြပုံတို့ကို စိတ်မကောင်းစရာ တွေ့မြင်ကြရပြန်သည်။ ဣသရေလတို့သည် ရုပ်တုကိုးကွယ်ကြသောကြောင့် ရုပ်တု၏ ကျေးကျွန်ဖြစ်ကြရပြန်သည်။ ဖိလိတ္တနှင့်အမ္မုန်အမျိုးများက ယော်ဒန်အရှေ့ဘက်ကမ်းရှိ ဣသရေလလူများအား တိုက်ခိုက်ကြသည်။ အမ္မုန်အမျိုးသည် ယော်ဒန်တစ်ဘက်ကမ်းရှိ ယုဒ၊ ဗင်္ယာမိန်နှင့် ဧဖရိမ်လူများကိုလည်း တိုက်ခိုက်နှိပ်ကွပ်သဖြင့် ဣသရေလတို့ ဘဝပျက်ရန်ပြန်သည်။

ဖိလိတ္တိနှင့် အမ္မုန်လူများထက် ဣသရေလလူတို့သည် ခွန်အားလျော့နည်းချို့တဲ့ကြသည်။ အဘယ်သို့ဆိုသော် ယေဟောဝါဘုရားကို ပစ်ပယ်ပြီး ရုပ်တုဘုရားတုများကို ကိုးကွယ်ကြသည် (ငယ်၆)။

၁၀:၁၀၁၆ ဣသရေလတို့ ငိုကြွေးတောင်းပန်ကြသော်လည်း ဘုရားသခင်က ချက်ချင်းအဖြေမပေး။ အတိတ်ကာလတွင် ထိုကဲ့သို့ ငိုယိုကြပုံ ဘုရားသခင် ကယ်တင်ပုံ၊ နောက်မီးပြန်လင်းခဲ့ကြပုံ မရေတွက်နိုင်အောင် များလှပြီး။ ချုပ်ရိုးထပ်နေပြီ (ငယ် ၁၃)။ ရုပ်တုဘုရားတုများကို လွှင့်ပစ်၍ ဆုတောင်းသောအခါ ဘုရားသခင်နားညောင်းသည်။ အပိုဒ်ငယ် ၁၆တွင် ဘုရားသခင်၏ စိတ်ထား နူညံ့ပုံဖော်ပြထားသည်။ မွေးသဖခင်က သားသမီးများအား အပြစ်မမြင်ရက်သည့်ပုံစံဖြစ်သည်။ ဣသရေလတို့ ကံဆိုးမိုးမှောင်ဘဝက ဘုရားသခင်၏ ကရုဏာတော်ကို ဖိတ်ခေါ်ကြသည်။

၁၀:၁၇၁၈ အမ္မုန်လူများသည် ဂိလဒ်ဒေသတွင် စုရုံးကြ၍ ဣသရေလလူတို့သည် မိဇပါဒေသတွင် စုဖွဲ့နေကြသည်။ ဂိလဒ်လူများသည်စစ်ခေါင်းဆောင်လုပ်မည့်သူ ရွေးချယ်နေကြသည် (ငယ် ၁၇-၁၈)

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။