တရားသူကြီးမှတ်စာ - ၅

ဒေဗောရနှင့်ဗာရက်သီချင်း
1ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏သား ဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊ 2ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်လည်းကောင်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 3အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရားအား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။ 4အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုးရွာသဖြင့် မိုးတိမ်တို့မှ မိုးရေသည်စီးပါ၏။ 5တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌လည်းကောင်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌လည်းကောင်း တုန်လှုပ်ပါ၏။
6အာနတ်သား ရှံဂါမင်းလက်ထက်၌လည်းကောင်း၊ ယေလမင်းလက်ထက်၌လည်းကောင်း၊ လမ်းမတို့သည် ဆိတ်ညံလျက်ရှိ၍ ခရီးသွားသောသူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။ 7ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမီတိုင်အောင် မင်းဆက်ပြတ်လျက်ရှိ၏။ 8ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသား လေးသောင်းတွင် ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမျှ မရှိ။
9စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကိုလှူသော ဣသရေလအမျိုး မင်းတို့အားငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ 10ဖြူသောမြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊ 11ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏လူတို့သည် မိမိတို့နေသောမြို့သို့ ပြန်သွားကြလိမ့်မည်။
12နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဖမ်းဆီးချုပ်ထားသော သူတို့ကို ထုတ်ပြပါ။ 13ထိုအခါ ကျန်ကြွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဖို့ဆင်းကြ၏။ 14အာမလက်လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲကမင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။ 15ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ပါ၍ ဣသခါအမျိုးသည် ဗာရက်၏လက်ရုံး ဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြဌာန်းခြင်း များကြ၏။ 16နောက်တစ်ဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှာ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးတွန့်တိုခြင်းများကြသည်တကား။ 17ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တစ်ဖက်၌ ငြိမ်ဝပ်စွာနေကြ၏။ ဒန်အမျိုးသည် သင်္ဘောဆိပ်အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနား သင်္ဘောဆိုက်ရာကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေသည်တကား။ 18ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သောတောအရပ်၌ ထိုနည်းတူပြု၏။
19ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍မရကြ။ 20ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါ သိသရကို စစ်တိုက်ကြ၏။ 21ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အားကြီးသောသူကို နှိပ်နင်းပြီ။ 22ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကိုနှင်လျက် နှင်လျက်စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့်ထိခိုက်လျက် ပြေးကြ၏။
23မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့်ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
24ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။ 25ထိုသူသည် ရေကိုတောင်း၍ ယေလသည် နို့ကိုပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။ 26တဲတံသင်ကို ယူ၍ လက်ယာလက်နှင့် လက်ရိုက်ကိုကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။ 27သူသည် ယေလခြေရင်း၌ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌သေလျက် လဲနေ၏။
28သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။ 29ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊ 30သူတို့သည် တွေ့၍ရသော ဥစ္စာကိုဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တစ်ယောက်နှစ်ယောက်စီ၊ သိသရဖို့ ပန်းဆိုးသောအဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဖို့ ပန်းဆိုး၍ချယ်လှယ်လျက် အဆင်းအရောင် ထူးခြားသော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည်မဟုတ်လောဟု သိသရ၏အမိသည် ဆိုတတ်၏။ 31အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကိုချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထိုနောက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။

တရားသူကြီးမှတ်စာ - ၅ (အနက်ဖွင့်)

၂။ ဘဝဇာတ်လမ်း (စာကဗျာ) (အခန်း )

          : ဒေဗောရနှင့် ဗာရက်တို့၏ စာကဗျာတို့သည် ဂန္တဝင်မြောက်စာပေဖြစ်သည်။ ဘုရားသခင်ကို ချီးမွမ်းကြပြီးနောက် ဒေဗောရသည် ဣသရေလလူတို့အား ဧဒုံလူတို့ နယ်နမိတ်ကို ကျော်ဖြတ်၍ ကတိတော်မြေသို့ ပြန်သွားကြရန်ခေါ်သည်။ ထိုကာလတွင် လူအပေါင်းသည် ဘုရားသခင်၏ရှေ့တော်တွင် တုန်လှုပ်ကြသည်။

: ထို့နောက် ရှံဂါလက်ထက် ခေတ်ကာလအခြေအနေကို တဖန်နိမိတ်ဖတ်သည်။ မြို့လယ် လမ်းမကြီးများသည် ကန္တာရတောအဖြစ် ခြောက်သွေ့မည်။ ခရီးသွားလာသူများသည်လည်း သူခိုးဓားပြရန် ကြောက်နေကြသည်။ ရွာသားများသည်လည်း မိမိတို့အိမ်တွင်ပင် နှစ်ခြိုက်စွာမအိပ်ရဲကြ။ သို့နှင့် တဖန် ဒေဗောရပေါ်ထွန်းလာပြန်သည်။

: အဘယ်ကြောင့်ဆိုသော် ခြံခုန်စရှိသော ဣသရေလတို့သည ရုပ်တုဘုရားတုကိုးကွယ်ကြပြန်သည်။ တိုင်းပြည်အဝှန်းတွင် သွေးချောင်းစီးနေသည်။ ဣသရေလတို့တွင် စစ်တိုက်စရာ စစ်လက်နက်ပစ္စည်းမရှိကြ။

:၁၅ သို့သော်လည်း ဘုရားသခင်က ဗာရက်နှင့်ဒေဗောရ ထစေသောအခါ ဣသရေလအများစုသည် သတ္တိသွေးဆူလာပြန်သည်။ ဧဖရိမ်၊ ဗင်္ယာမိန်၊ မာခရိ (မနာရှေအမျိုးထဲမှ)၊ ဇာဗုလုန် နှင့် ဣသခါလူများ တက်ကြွလာကြသည်။

:၁၆၁၇ ရောက်မလာသူများအား ဒေဗောရကမှတ်ထားသည် အားကိုးတကြီး မျှော်လင့်ထားသော ရုဗင်အမျိုးသည် အေးအေးလူလူ သိုးကျောင်းနေကြသည်။ ဂိလဒ်(ဂဒ်တို့သည် ယော်ဒန်မြစ်ကိုကူး၍ စစ်ကူတိုက်ခြင်းမပြုကြ။ ဒန်လူမျိုးသည် သင်္ဘောဆိပ်နားမှာ၊ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားမှာ ဖာသိဖာသာ ဝမ်းစာရှာနေကြသည်။

တိုက်ပွဲဝင်သူများနှင့် ယေဟောဝါဘုရားသခင်အတွက် စွမ်းစွမ်းတမန် မလုပ်ဆောင်သူများ စာရင်းကို သမ္မာကျမ်းစာတွင် အသေအချာ မှတ်တမ်းတင်ထားသည်။ ယနေ့ခေတ်ကာလတွင်လည်း အမှုတော်တွင် တက်ကြွစွာပါဝင်သူများ၊ တတ်ယောင်ကားများ၊ ဝတ်ကြေတန်းကြေလှုပ်လေလှုပ်လဲ့ ပြုသူများကို ဘုရားရှင်ကြည့်နေပါသည်။ မိမိတို့ လုပ်ဆောင်ကြရသည့်အတိုင်း ဆုချီးမြှင့်ရာ နေ့ရက်ရောက်လာပါမည်။ ထို့အတူ ပျောက်ကွယ်သည့် နေ့ရက်လည်း ရှိမည် (၁ကော ၃:၁၀-၁၅)။

:၁၈၂၂ ဇာဗုလုန်နှင့်နဿလိအမျိုးတို့သည် ယေဟောဝါဘုရားရှင်နာမ၌ ရဲဝံ့စွန့်စားစွာတိုက်ပွဲ ဝင်ကြသည်။ အပျက်အစီးအကျဆုံးမရှိကြ။ ခါနန်ဘုရင်များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြသော်လည်း မနိုင်ကြ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့လူများနှင့်အတူ ရှိတော်မူသည်။ ထိုသူများဘက်တွင် ဘုရားသခင်ရှိနေလျှင် ဆန့်ကျင်ဘက်အဖွဲ့၌ အဘယ်သူရပ်တည်နေနိုင်အံ့မည်နည်း။

:၂၃၂၇ မေရောဇသားတို့သည် ဘုရားလူများဘက်တွင် စစ်ကူသင့်ပါလျက်၊ မကူညီဘဲ လက်ရှောင်ကြသဖြင့် ကျိန်ခြင်းအမင်္ဂလာ သင့်ကြသည်။ ဘုရားသခင်ရှေ့တွင် လုပ်သင့်လုပ်အပ်ပါလျက် ကောင်းသောအမှု မပြုသောသူသည် အမင်္ဂလာရှိသည်ဟု မှတ်ယူရမည်။ ထိုထဲမှာ သိသရစစ်သူကြီးကို ပရိယာယ်ဖြင့် သုတ်သင်နိုင်သော အာဂသူရဲကောင်း အမျိုးသမီး ယေလပေါ်ထွန်းခဲ့သည်။ ထိုအမျိုးသမီးသည် ဘုရားသခင် ကောင်းကြီးမင်္ဂလာပေးထားသူ ဖြစ်သည်။ သခင်ယေရှု၏ မယ်တော်သည် ကောင်းကြီး မင်္ဂလာခံစားကြသော အမျိုးသမီးများအနက် အထူးကောင်းကြီးမင်္ဂလာခံစားသူဖြစ်သည် (လု ၁:၄၂)။

:၁၈၃၁ ထိုအချိန်သည် စစ်သူကြီး သိသရ၏မိခင်က အောင်ပွဲနှင့်အတူ ပြန်လာမည့် သားတော်မောင်အား မှန်ရွှေပြတင်းပေါက်က မျှော်တလင့်လင့်လည်ပင်းရှည်ချိန်ဖြစ်သည်။ အဘယ်ကြောင့် မပေါ်လာသေးသနည်းဟု တွေးပူနေသည်။ အမျိုးသမီးပညာရှိတစ်ပါးကမူ သိမ်းဆည်းရမိသော ပစ္စည်းများအား ငယ်သားများသို့ ခွဲဝေပေးနေ၍ နောက်ကျခြင်းဖြစ်ပေလိမ့်မည်ဟု နှစ်သိမ့်သည်။ သို့သော် သိသရသည် ဘယ်သောအခါမှ ပြန်မလာတော့ပါ။ သူ့ဘဝသည် ယေဟောဝါဘုရား၏လူများ လက်ထဲတွင် ဇီဝိန်ချုပ်သွားပြီ။

အခြားတစ်ဘက်တွင်မူ ဘုရားသခင်၏ လူများရှေ့၌ ထွန်းသစ်စ နေရောင်ခြည်ဖြာထွက်လာသည်။ သိသရကျဆုံးပြီးသောအခါ ထိုအရပ်ဒေသသည် နှစ်ပေါင်း (၄၀)လုံးလုံး အေးချမ်းသာယာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။