တရားသူကြီးမှတ်စာ - ၄

ဒေဗောရနှင့်ဗာရက်
1ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ဖန် ဒုစရိုက်ကိုပြုသောကြောင့်၊ 2ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင် ယာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည် ဟာရောရှက်မြို့၌ နေသောသိသရတည်း။ 3ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲသောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
4ထိုကာလအခါ လပိဒုတ်မယား ပရောဖက်မဒေဗောရသည် ဣသရေလအမျိုးကိုအုပ်စိုး၏။ 5သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရ စွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကိုခံအံ့သောငှာ ရောက်လာတတ်ကြ၏။ 6တစ်ဖန် ဒေဗောရသည် လူကိုစေလွှတ်၍၊ နဿလိခရိုင် ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ 7ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ် သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။ 8ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင်မူကား မသွားပါဟု လျှောက်သော်၊ 9ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟုဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
10ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ခေါ်၍ လိုက်သောသူ တစ်သောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။ 11မောရှေ၏ယောက္ခမ ဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့်ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင်ခြေရင်း၌ တဲကိုဆောက်လျက် နေနှင့်သတည်း။ 12အဘိနောင်၏သား ဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊ 13သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည် ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။ 14ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတစ်သောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။ 15ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များ အပေါင်းတို့ကို ဗာရက်ရှေ့မှာ ဓားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့်ပြေးလေ၏။ 16ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တစ်ယောက်မျှ မကျန်ကြွင်း ဓားနှင့် သေကြကုန်၏။
17သိသရသည် ကေနိအမျိုးသား ဟေဗာ၏မယား ယေလ၏တဲသို့ ခြေဖြင့်ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိတ်သဟာယဖွဲ့လျက် ရှိသတည်း။ 18ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော်မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ဝင်၍ ယေလသည် သူ့ကို စောင်နှင့်ခြုံလေ၏။ 19သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကိုပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကိုဖွင့်၍ သောက်စေပြီးမှ တစ်ဖန် ခြုံလေ၏။ 20သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစ်စုံတစ်ယောက်က ယောက်ျားရှိသလောဟု လာ၍မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။ 21ထိုအခါ ဟေဗာမယားယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။ 22ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင်စူးလျက်ရှိသည်ကို မြင်လေ၏။ 23ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူသဖြင့်၊ 24သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမီတိုင်အောင် အစဉ်အောင်လျက်နေကြ၏။

တရားသူကြီးမှတ်စာ - ၄ (အနက်ဖွင့်)

(ဒေဗောရနှင့်ဗာရက် (အခန်း၄)

၁။ ဘဝဇာတ်လမ်း (စကားပြေ) (အခန်း )

: ဣသရေလတို့အား နှိပ်စက်ဖိစီးသော နောက်ဘုရင်တစ်ပါးမှာ ခါနန်ပြည် ဟာဇော်မြို့စား ရာဘိန်မင်းဖြစ်သည်။ သူ၏ စစ်သူကြီးမှာ သိသရဖြစ်သည်။ သံရထားကိုးရာရှိ၍ စစ်အင်အား တောင့်တင်းသည်။ ဣသရေလတို့ကို နှစ်ပေါင်း(၂၀)ကြာ နှိပ်ကွပ်ကြသည်။

: ထိုကာလတွင် ဘုရားသခင်က အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများ မသုံးပါ။ သုံးတောင်ဝတ်မိန်းမသားကိုသုံးသည်။ ပရောဖက်မ၏ နာမည်ကို ဒေဗောရဟုခေါ်သည်။ (ထိုသို့ ပရောဖက်မိန်းမပေါ်ထွန်းစေခြင်းသည် ဝိညာဉ်ရေးရာတွင် မိန်းမများအချုပ်အခြာ အာဏာသုံးစွဲပိုင်ခွင့် ပေးထားခြင်း မဟုတ်ပါ။ အမြင့်ဆုံးစံချိန် ချိုးခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ထိုအမျိုးသမီးကို နမူနာယူ၍ မဏ္ဍပ်တိုင်ထိပ်ပေါ် တက်စရာမဟုတ်။ ထုံးတမ်းစဉ်လာနည်းနာမရှိသော ထူးခြားချက် တစ်ခုဖြစ်သည်)။ ဒေဗောရက ဗာရက်အား မြောက်ဘက်အရပ်ရှိ သိသရ စစ်တပ်အား သွားရောက်တိုက်ခိုက်ရန် ပရောဖက်ပြုသည်။ ဗာရက် ကလည်း သူ့စစ်တပ်နောက်သို့ လိုက်၍ လိုက်လံဆုတောင်းပေးမှသာ တိုက်ခိုက်နိုင်မည်ဟု စျေးကိုင်သည်။ ဒေဗောရလိုက်မည်။ ထိုသို့လိုက်ခြင်းသည် သိသရစစ်သူကြီးသည် မိန်းမလက်ချက်ဖြင့် ဆုံးရှုံးမည်ဟု သတိပေးလိုက်သည်။

:၁၀၁၆ ဘုရားသခင်က ဗျာဒိတ်ပေးထားသည့်အတိုင်း ဒေဗောရက ဗာရက်အားရန်သူသိသရကို တိုက်ခိုက်ခိုင်းသည်။ ဟေဗြဲ ၁၁:၃၂တွင်မူ ဒေဗောရ အမိန့်ကြောင့် ဗာရက်တိုက်ခိုက်ခြင်းမဟုတ်။ သူ၏ယုံကြည်ခြင်း၊ ဘုရားသခင်၏စကားတော်နားထောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ (NIV ကျမ်းမူ အပိုဒ်ငယ် ၁၁တွင် ဟောဗတ်သည် မောရှေ၏ ယောက်ဖဟုဆိုသည်။ NKJV ကျမ်းမူတွင်မူ ယောက္ခမ ဟု ဆိုသည်။

ဗာရက်စစ်သည်တော်အင်အားတစ်သောင်းသည် တာဗော်တောင် တောင်ဘက်ဆင်ခြေလျှောတွင် နေရာယူထားကြသည်။ သိသရ၏ စစ်သားများ ချီတက်လာကြသည်။ စစ်ကြောင်းတစ်ခုလုံးကျည်ကွယ်မျက်ကွယ်မဲ့ တာဗော်သတ်ကွင်းကို ဖြတ်ကျော်လာကြသည်။ အရှေ့တောင်ဘက်ရှိ တာနပ်ဆီသို့ ဦးတည်ကြသည်။ တောင်ဘက်အရပ်မှ ဧဖရိမ်လူများ ယေနင် ချိုင့်ဝှမ်းသို့ ရောက်လာကြသည် (:၁၄) ဗာရက်စစ်ကြောင်းနှင့် တာနပ်လွင်ပြင်တွင် ပူးပေါင်းကြသည်။ ဒေဗောရက စစ်တိုက်ခိုင်းသည်(၁၄) ခြေလျင်စစ်သားများနှင့် သံရထားတပ်ဖွဲ့ လယ်ပြင်မှာ ကျားနှင့်ဆင်တွေ့ကြသည်။ ထိုသို့အဆုံး အဖြတ်တိုက်ပွဲဆင်နွှဲခိုက် မိုးကြီး သီးထန်စွာရွာချသဖြင့် လွင်ပြင်တစ်ခုလုံးရွှံ့ဗွက်များ ထူထပ်သွား၍ မြင်းရထားများ အစွမ်းအစပျောက်ကုန်သည် (:) ခြေလျင်တပ်ဘက်တွင် အခွင့်အရေးသာသွားသည်။ သိသရသည် သူ့တပ်နှင့်ကွဲသွားပြီ၊ တစ်ယောက်တည်း လမ်းပျောက်သည်။ ခေါင်းဆောင်မဲ့သွားသော မြင်းတပ်သည် အထိန်းအကွပ် မရှိသဖြင့် ပုရွက်ဆိတ်အုံ တုတ်ထိုးခံရသည့်ပမာ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ မိုးကလည်း သဲကြီးမဲကြီးရွာပြီး ရွာနေသည်။ ဣသရေလတို့ ဓားချက်မိသူများသည် သေကြ၍ ဓားချက် မမိလိုက်သူများသည် ဟာရိုရှေသတ်ကွင်းကို ပြန်လည် ဖြတ်သန်း၍ သေပြေးရှင်ပြေး ပြေးကြသည် (ငယ် ၁၀၁၆ နှင့် :၂၀၂၁)တို့ကို ယှဉ်ဖတ်ပါ။

          :၁၇၂၄ သိသရသည် ကေဣတ်အမျိုး ယေလအမျိုးသမီးတဲတွင် ပုန်းခိုသည်။ သိသရမောမောပန်းပန်းဖြင့် အိပ်မောကျနေစဉ် ယေလသည် သိသရ၏နားထင်ထဲသို့ တင်းပုတ်ဖြင့် တံသင်ရိုက်ထည့်လိုက်သည်။ သိသရနောက်သို့ ထပ်ချပ်လိုက်လာသော ဗာရက်ကိုတဲနားသို့ရောက်အသောအခါ ယေလက လှမ်းခေါ်၍ သိသရအလောင်းကို ထုတ်ပြသည်။ ဤနေရာတွင် အပိုဒ်ငယ် ၉မှ ဒေဗောရ၏ ပရောဖက်ပြုချက်ပြည့်စုံမှန်ကန်ကြောင်းတွေ့ရသည်။ ဘုရားသခင်သည် ပျားရည်ဟု အနက်ရသော ဒေဗောရ မိန်းမသားအား အသုံးပြု၍ ဘုရားသခင်ကို ဆန့်ကျင်သော ယာအင်လူအား ဆုံးမသည်။ ဘုရားရှင်သည် ဗာရက်(အလင်းရောင်)အား၊ ယေလ(တက်လမ်း) ကိုသုံး၍ တံသင် (သာဝကခရီးသည် အထိမ်းအမှတ်)ဖြင့် အံ့ဖွယ်အမှုပြုစေခဲ့သည်။ တင်းပုတ်ဆိုသည်မှာ နှုတ်ကပတ်တော် (ယေ ၂၃:၂၉)ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။